ဥပဒေနှင့်မညီဟု ဆိုကာ ၄၅ ဦး ပါဝင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအား ဖျက်သိမ်းပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောကြားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့် ပတ်သက်ပြီး နေပြည်တော်၌ မတ် ၁၂ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးရာ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အရေးကြီးအဆို မဟုတ်သော ဦးအောင်ကြည်ညွန့်ရဲ့ အရေးကြီးအဆို အတည်ပြုခဲ့ခြင်းကို ပြန်လည် ရုပ်သိမ်းပြီး ဥပဒေနဲ့မညီတဲ့ ၄၅ ဦး ကော်မတီကို ဖျက်သိမ်းပေးရန် (ယခင် ပထမအကြိမ်လွှတ်တော်မှာ ဆောင်ရွက်ခဲ့တဲ့ အစဉ်အလာရှိ)၊ ဥပဒေနဲ့အညီ တင်ထားတဲ့ ကိုယ်စားလှယ် ၁၄၃ ယောက်ရဲ့ ပုဒ်မ ၂၆၁(ခ) (ဂ) (ဃ) (င) ပြင်ဆင်ရန်အတွက် ဥပဒေကြမ်း ပူးပေါင်းကော်မတီကို ပုဒ်မ ၉၆ နဲ့အညီ ပြန်လည်ဖွဲ့စည်းပြီး နည်းဥပဒေ ၁၃၃ မှ ၁၄၃ ထိ ပြဋ္ဌာန်းထားသည့်အတိုင်း ဆက်လက် ဆောင်ရွက်ပေးရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြက်ရယ်ပြုသလို နိဒါန်း၊ ပုဒ်မ ၁ မှ ၄၅၇ အထိ ပြင်ဆင်မည်ဟု ကြွေးကြော်နေခြင်းသည် ဖျက်ဆီးရေးကို ဦးတည်နေတဲ့အတွက် အခြေခံဥပဒေ ပုဒ်မ ၃၈၄ ကို ဖောက်ဖျက်ရာ မရောက်အောင် အချိန်မီ တားဆီးပေးရန်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှသည် ဖျက်ဆီးရေးသို့ ဦးတည်နေသည့် လူထုလှုံ့ဆော်မှုများကို ထိန်းသိမ်းရေးအစိုးရသို့ ထိန်းကျောင်းပေးရန် နာယကကြီးနှင့်တကွ ပြည်ထောင်စုလွှတ်တော်ကြီးက အပြီးသတ် ဆုံးဖြတ်ပေးနိုင်ရန် တင်ပြအပ်ပါတယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး က ပြောကြားသည်။
ဆက်လက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံတစ်နိုင်ငံ၏ အဓိက ပင်မရေသောက်မြစ် ဥပဒေတစ်ရပ် ဖြစ်၍ ပြင်ဆင်သည့်အခါ ဆန္ဒစွဲ၊ ဘယာစွဲ၊ ဒေါသစွဲ၊ မောဟစွဲနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်ဆီး မပစ်ရအောင် ဥပဒေ ပြဋ္ဌာန်းထားခြင်းဖြစ်ပြီး အစီရင်ခံစာ စာပိုဒ် ၃ မှ ၄၅ ဦး ကော်မတီက နိဒါန်း၊ ပုဒ်မ ၁ မှ ၄၅၇ အထိနှင့် ဇယား ၁ မှ ၅ အထိ ပါရှိချက်များ အားလုံး သုံးသပ်ပြင်ဆင်မည်ဟု ပါရှိခြင်းကြောင့် ပင်မရေသောက်မြစ်ကို တူးပြီး သတ်ပစ်ရန် ကြံရွယ်သလားဟု လွန်စွာစိုးရိမ်မိကြောင်း ၎င်းက ပြောကြားသည်။
ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အလွယ်ပြင်သင့်သည့် ဥပဒေ မဟုတ်ဘဲ ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ ပြင်ဆင်ပေးရန်အတွက် တပ်မတော်၊ တိုင်းရင်းသားပါတီအချို့နှင့် တိုင်ပင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ကိုယ်စားလှယ် ၁၄၃ ဦး လက်မှတ်ထိုး တင်ပြခဲ့ခြင်းကို ဥပဒေနှင့်အညီ ဆက်လုပ်ဆောင်ရမည် ဖြစ်ကာ ၄၅ ဦးကော်မတီတွင် ထည့်သွင်း ဆောင်ရွက်မည်ဆိုပါက ဥပဒေနှင့် မညီသည့်အတွက် ကန့်ကွက်ခြင်းဖြစ်ကြောင်း ဦးသောင်းအေးက ပြောကြားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကျောင်းကုန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်း တင်သွင်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဥပဒေမူကြမ်း စိစစ်လေ့လာရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးနေကြခြင်း ဖြစ်သည်။
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေး ဒေါ်လာ ၄ ထရီလျံအထိ ဆုံးရှုံးနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်သတိပေး
-
နိုင်ငံသားများအား စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုပြုလုပ်ရန် အိန္ဒိယဝန်ကြီးချုပ် ကြိုးပမ်း
-
ရောဂါခြေချုပ်ဖြင့် နေထိုင်ပြီးနောက် ဂျာမနီဝန်ကြီးချုပ် မာကယ် ရုံးပြန်တက်
-
အသက်ရှူရာမှတစ်ဆင့် ဗိုင်းရပ်စ်ပျ့ံနှံ့မည်ကို စိုးရိမ်ရသောကြောင့် အမေရိကန်ပြည်သူများ နှာခေါင်းစည်း ဝတ်ဆင်ကြရန် အစိုးရက အကြံပြု
-
ပဋိပက္ခဖြစ်နေသောနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် သတိပေး