မြန်မာ့ပင်လယ်ပြင်ကို ကာကွယ်ရန် ရေကြောင်းလုံခြုံရေး တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ပြီး ကမ်းခြေစောင့်တပ်ဖွဲ့အား နိုင်ငံတကာနည်းတူ ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားသည်။
နေပြည်တော်၌ မတ် ၁၃ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကျောက်တန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး မေးမြန်းသော မြန်မာ့ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် လုံခြုံရေးအင်အား တိုးမြှင့်ပေးခြင်း နည်းပညာအပါအဝင် အခြေခံလိုအပ်ချက်များ တိုးမြှင့်ထောက်ပ့ံပေးနိုင်ခြင်း ရှိ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဖြေကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“မြန်မာ့ပင်လယ်ပြင်အား လုံခြုံစိတ်ချစွာ ကာကွယ်ရန် တပ်မတော် (ရေ) နှင့် အခြားရေကြောင်းဆိုင်ရာ အဖွဲ့အစည်းများဖြစ်သော မြန်မာနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာဆိပ်ကမ်းအာဏာပိုင်၊ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန စသည့်ဌာနများမှ ပူးပေါင်း၍ ရေကြောင်းလုံခြုံရေးအား တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ်ပြီး ပင်လယ်ပြင်အတွင်း တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ အဓိက ဆောင်ရွက်ရသည့် ကမ်းခြေစောင့် တပ်ဖွဲ့အား နိုင်ငံတကာနည်းတူ ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်လျက်ရှိပါတယ်” ဟု ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားသည်။
ဆက်လက်ပြီး တပ်မတော ်(ရေ) အနေဖြင့် မြန်မာ့ပင်လယ်ပြင် ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်ဆင်ရေး၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ရှာဖွေကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ် ကျရောက်သည့် နေရာများကို လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး စသည့် လုပ်ငန်းတာဝန်များကို စစ်ရေယာဉ်များဖြင့် သက်ဆိုင်ရာ ရေပြင်ဧရိယာများအလိုက် ဆောင်ရွက်လျက်ရှိပြီး ထိုသို့ ဆောင်ရွက်မှုများကြောင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ် နှစ်ကုန်အထိ ပြည်တွင်း ငါးခိုးလှေ ၉၄ စင်း၊ ပြည်ပ ငါးခိုးလှေ ၈၃ စင်း၊ ငါးမိုင်းခွဲလှေ ၃၉ စင်း၊ မှောင်ခိုလှေ ၃၀ စင်း၊ စည်းကမ်းပျက် ငါးဖမ်းလှေ အစင်း ၁၀၀၊ မူးယစ်ဆေးဝါး သယ်ဆောင်လှေ ၇၇ စင်း၊ သစ်ခိုးလှေ အစင်း ၂၆၀၊ လူမှောင်ခိုလှေ ၁၇ စင်း၊ တရားမဝင် ဆီတင်လှေ ငါးစင်း၊ ကျွဲ၊ နွား၊ ဆိတ်မှောင်ခိုလှေ ၅၄ စင်း၊ တရားမဝင် စက်တပ် လက်ခတ်လှေ ခုနစ်စင်း၊ စုစုပေါင်း ၇၆၆ စင်းအား မြန်မာနိုင်ငံသား တရားခံ ၃၆၇၇ ဦး၊ နိုင်ငံခြားသား တရားခံ ၁၅၉၈ ဦး စုစုပေါင်း ၅၂၇၅ ဦးတို့နှင့်အတူ ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးရမိ တန်ဖိုးငွေမှာ ကျပ်ဘီလျံ ၂၂၀ ကျော်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ထို့ပြင် တပ်မတော် (ရေ) အနေဖြင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်တွင် ကမ်းရိုးတန်းစောင့်ကြည့် ရေဒါတပ်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ အရေးကြီးအချက်အချာ ရေလမ်းကြောင်းများနေရာတွင် တပ်ဆင်ပြီး ဖြစ်သော်လည်း ကမ်းရိုးတန်း တစ်ခုလုံးကို ခြုံငုံမိစေရန် ရေဒါများ ဆက်လက် တပ်ဆင်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကာ ကမ်းရိုးတန်းစောင့်ကြည့်ရေဒါမှ ရေဒါပုံရိပ်များ ဖမ်းယူရရှိသော်လည်း ရေယာဉ်များတွင် တပ်ဆင်ထားသော အလိုအလျောက် ရေယာဉ်စိစစ် ခွဲခြားသည့်စနစ်၊ ရေယာဉ်စောင့်ကြည့်ရေး စနစ်များဖြင့် ရန်သူ၊ မိတ်ဆွေ ခွဲခြားဆောင်ရွက်ရပြီး အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်၏ စံသတ်မှတ်ချက်အရ တန်ချိန် ၃၀၀ နှင့်အထက်ရှိ ရေယာဉ်များတွင် အလိုအလျောက် ရေယာဉ်ခွဲခြားသည့်စနစ် တပ်ဆင်ခြင်းဖြင့် လည်းကောင်း၊ တန်ချိန် ၃၀၀ အောက်ရှိသော ရေယာဉ်များတွင် ရေယာဉ်စောင့်ကြည့်ရေးစနစ် တပ်ဆင်ခြင်းဖြင့် လည်းကောင်း စောင့်ကြပ်၊ စိစစ်ခွဲခြားခြင်းတို့ ဆောင်ရွက်လျက် ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ရေယာဉ် စောင့်ကြည့်ရေးစနစ် တပ်ဆင် အကောင်အထည်ဖော်နိုင်ခြင်း မရှိသည့်အတွက် တပ်မတော် (ရေ) ကမ်းရိုးတန်းစောင့်ကြည့် ရေဒါများအနေဖြင့် တန်ချိန် ၃၀၀ နှင့်အထက် ရေယာဉ်များကို ရန်သူ၊ မိတ်ဆွေ ခွဲခြားနိုင်သော်လည်း တန်ချိန် ၃၀၀ အောက် ရေယာဉ်များဖြစ်သည့် ငါးဖမ်းရေယာဉ်များနှင့် အခြားရေယာဉ်များအား ရေဒါပုံရိပ် ဖမ်းယူရရှိသော်လည်း ရန်သူ၊ မိတ်ဆွေ စိစစ်ခွဲခြားနိုင်ခြင်း မရှိသေးကြောင်း တွေ့ရှိရကြောင်းနှင့် ကမ်းခြေစောင့်တပ်ဖွဲ့များအနေဖြင့် မြန်မာ့ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပင်လယ်ဓားပြရန် ကာကွယ်ရေး၊ ကုန်သွယ်ရေကြောင်းလိုင်းများ ရေယာဉ်နှင့် ဆိပ်ကမ်းများ ဘေးကင်းလုံခြုံရေး၊ ရေကြောင်း မတော်တဆမှုများ စုံစမ်းစစ်ဆေးရေး၊ ပင်လယ်ပြင်ရှိ ကမ်းခြေသယံဇာတနှင့် ငါးလုပ်ငန်းအထိ ရေကြောင်း အကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေး၊ ပင်လယ်ပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ ရေထုညစ်ညမ်းမှု ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး၊ ရေကြောင်းနယ်နိမိတ် စောင့်ကြပ်ကြည့်ရှုရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက် သွားလာနေသော အပန်းဖြေ စက်တပ်ရွက်လွှင့် ခရီးစဉ်များ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဆောင်ရွက်နေသော ကျွန်းများရှိ အပန်းဖြေစခန်း၊ အပန်းဖြေပြည်သူများနှင့် ရေလုပ်သားများ၏ လုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီစောင့်ရှောက်ပေးရေး စသည်တို့ကို အဓိက ဆောင်ရွက်ရသော်လည်း မြန်မာနိုင်ငံတွင် လက်ရှိအချိန်တွင် ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းထားခြင်း မရှိ၍ ၎င်းတာဝန်၊ ဝတ္တရားများကို တပ်မတော် (ရေ) က တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
“ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ၏ ပုဒ်မ ၃၃၈ တွင် နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့ အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်။ ပုဒ်မ ၃၃၉ တွင် နိုင်ငံတော်အား ပြည်တွင်းပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည့်အတွက် မြန်မာ့တပ်မတော်အနေဖြင့် ကမ်းခြေစောင့်တပ်ဖွဲ့အား ကာကွယ်ရေးဝန်ကြီးဌာန အောက်တွင် ထည့်သွင်းဖွဲ့စည်းပြီး တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ထားရှိ၍ အထက်အပိုဒ် (စ)ပါ လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရန် လွှတ်တော်သို့ တင်ပြ၊ အတည်ပြုချက် ရယူပြီး ဖွဲ့စည်း တာဝန်ပေးအပ်ရေး ဆောင်ရွက်လျက် ရှိပါတယ်။ ကမ်းခြေစောင့်တပ်ဖွဲ့အား ဖွဲ့စည်းပြီးပါက တပ်မတော် (ရေ) ၏ ကွပ်ကဲမှုဖြင့် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ မြန်မာနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန စသည့် ရေကြောင်းဆိုင်ရာ အဖွဲ့အစည်းများမှ ကျွမ်းကျင်သူ ကိုယ်စားလှယ်များ ပါဝင်သော Integrated Command Center (ICC) တစ်ခု ဖွဲ့စည်းတည်ထောင်၍ တပ်မတော် (ရေ) မှ ဦးဆောင်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား သတင်း အချက်အလက်များ ရယူဖလှယ်ကာ အချိန်နှင့်တစ်ပြေးညီ ဆုံးဖြတ်၊ တုံ့ပြန် ဆောင်ရွက်သွားခြင်းဖြင့် မြန်မာ့ပင်လယ်ပြင်အား ပိုမိုလုံခြုံ၊ စိတ်ချစွာ ကာကွယ်၊ စောင့်ရှောက်သွားနိုင်မှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားသည်။
ပင်လယ်နှင့် ထိစပ်နေသော နေရာများတွင် ရေကြောင်းရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များမှ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်(ရေ)နှင့် နယ်မြေခံ တပ်ရင်း၊ တပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့စစ် တပ်ဖွဲ့များ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ ပင်လယ်ကမ်းခြေ တစ်လျှောက်နှင့် ပင်လယ်ရေပြင် လုံခြုံရေး တရားမဝင် လူဝင်လူထွက် မရှိရေး၊ ကျွဲနွား အပါအဝင် သယံဇာတများ ပြင်ပသို့ တရားမဝင် တင်ပို့ခြင်းနှင့် ပြည်ပမှ တရားမဝင်ပစ္စည်းများ တင်သွင်းခြင်း မရှိစေရေး၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု အပါအဝင်၊ ရာဇဝတ်မှုများ မဖြစ်စေရေးတို့ကို ကြိုးပမ်း ဆောင်ရွက်ပေးနေသော်လည်း မြန်မာ့ပိုက်နက်အတွင်းသို့ သင်္ဘောများ၊ စက်လှေများ ဝင်ရောက်လာသည်ကို ဒေသခံပြည်သူများ သတင်းပေးမှသာ သိရှိနေရခြင်းကြောင့် ဒေသခံ ပြည်သူများ၊ နိုင်ငံသူနိုင်ငံသားများမှ လုံခြုံရေးအတွက် များစွာ ပူပန်နေရကြောင်း မေးခွန်းရှင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောကြားသည်။
စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်း (၂၀၁၇) တွင် လက်နက်လေ့ကျင့် ပါဝင်ပစ်ခတ်ခဲ့သည့် စစ်ရေယာဉ်အချို့အား တွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေး ဒေါ်လာ ၄ ထရီလျံအထိ ဆုံးရှုံးနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်သတိပေး
-
နိုင်ငံသားများအား စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုပြုလုပ်ရန် အိန္ဒိယဝန်ကြီးချုပ် ကြိုးပမ်း
-
ရောဂါခြေချုပ်ဖြင့် နေထိုင်ပြီးနောက် ဂျာမနီဝန်ကြီးချုပ် မာကယ် ရုံးပြန်တက်
-
အသက်ရှူရာမှတစ်ဆင့် ဗိုင်းရပ်စ်ပျ့ံနှံ့မည်ကို စိုးရိမ်ရသောကြောင့် အမေရိကန်ပြည်သူများ နှာခေါင်းစည်း ဝတ်ဆင်ကြရန် အစိုးရက အကြံပြု
-
ပဋိပက္ခဖြစ်နေသောနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် သတိပေး