နိုင်ငံရေးကို ရိုးရိုးရှင်းရှင်းနှင့် ထိထိရောက်ရောက် လုပ်ဆောင်သွားမည်ဟု ပြည်သူ့ပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးကိုကိုကြီးက မတ် ၁၆ ရက် နံနက်ပိုင်းက မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ကျိုက်မရောမြို့ရှိ ပြည်သူ့ပါတီမြို့နယ် ရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွင် ပြောကြားသည်။
“တစ်ခါတလေ နိုင်ငံရေးမှာ ပြောသာ ပြောနေကြတာ။ ကိုယ်သေသေချာချာ နားမလည်တဲ့ စကားလုံးတွေက အများကြီးပဲ။ ဖက်ဒရယ်၊ ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲ၊ ဒီ့ထက်ရှုပ်ထွေးတဲ့ စကားလုံးတွေ အများကြီး ရှိသေးတယ်။ အဲဒီတော့ ကျွန်တော်တို့က နိုင်ငံရေးကို ရိုးရိုးရှင်းရှင်းလေးပဲ စဉ်းစားတယ်။ လူနဲ့ မြေကြီး အဲ့ဒါအခြေခံ အရေးအကြီးဆုံးပဲ။ အဲဒီလူနဲ့ မြေကြီးပြဿနာတွေကို ကျွန်တော်တို့ ကူညီဖြေရှင်းပေးနိုင်ရင် ဒါဟာ နိုင်ငံရေးပါပဲ။ ဒါကြောင့် ကျွန်တော်တို့ဟာ တိုင်းရင်းသားတွေ၊ နိုင်ငံသားတွေ၊ လူမျိုးဘာသာ၊ ကျားမ အဆင့်အတန်း မခွဲခြားဘဲ တန်းတူအခွင့်အရေး ရဖို့အတွက် ကျွန်တော်တို့ ပြည်သူ့ပါတီက ဆောင်ရွက်ပေးရပါမယ်။ အဲ့ဒါကြောင့် ကျွန်တော်တို ့တတ်နိုင်သလောက် နိုင်ငံသား ဖြစ်သင့်ဖြစ်ထိုက်တဲ့ သူတွေ၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားရအောင်၊ လူမှတ်ပုံတင်ဟာ နိုင်ငံတစ်နိုင်ငံမှာ အင်မတန် အရေးကြီးပါတယ်” ဟု ဦးကိုကိုကြီးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “နောက်မြေမှတ်ပုံတင်က ကျွန်တော်တို ့ကျေးလက်ဒေသမှာဆိုရင် မြေကို ဟိုကမူကနေ ဟိုးသစ်ပင်ငုတ်အထိ အဘိုးအဘွား လက်ထက်ကတည်းက ပိုင်ခဲ့တယ်ဆိုတာ အချင်းချင်း အသိအမှတ်ပြုပြီးသား။ ဒါပေမဲ့ မြေစာရင်းတို့၊ ဘာတို့နဲ့ကျတော့ ပိုင်ရှင်မဲ့လို ဖြစ်နေတယ်။ အဲ့ဒါတွေအပေါ်မှာ မူတည်ပြီးတော့ ပြဿနာတွေ ဖြစ်နေတော့ ကျွန်တော်တို့က လူမှတ်ပုံတင်၊ မြေမှတ်ပုံတင် အဲ့ဒီလောက် လုပ်ပေးနိုင်ရင် ဒါဟာ အခြေခံအကျဆုံး ပြဿနာ အတော်များများကို ဖြေရှင်းပေးနိုင်ပါမယ်” ဟု ပြောကြားသည်။
ပါတီတည်ထောင်ပြီး နိုင်ငံရေးလုပ်ပြီ ဆိုပါက ပြည်သူများက မိမိတို့ပါတီနှင့် တခြားပါတီများ ဘာကွာခြားလဲ မေးမြန်းပါက တခြားပါတီများနှင့် မတူညီမှုကို ပြသနိုင်ရမှာ ဖြစ်ကြောင်း၊ ပါတီနာမည်ကိုက ပြည်သူ့ပါတီ ဖြစ်သည့်အတွက် ပြည်သူ၏ အကျိုးကို ဆောင်ရွက်မပေးနိုင်ပါက ပြည်သူနှင့်ပါတီက သီးခြားစီဖြစ်နေမှာ ဖြစ်ကြောင်း၊ ပြည်သူနှင့်ပါတီ တစ်သားတည်းဖြစ်အောင် ပါတီဝင်များက ကြိုးစားဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးကိုကိုကြီးက ပြောကြားသည်။
“အရေးအကြီးဆုံးဟာ လူနဲ့မြေကြီးပါ။ အဲ့ဒါနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ရင် ကျန်တဲ့ကိစ္စတွေဟာ အလိုလို ပြေလည်သွားပါမယ်။ တိုင်းရင်းသား တန်းတူညီမျှရေး၊ ဖက်ဒရယ် အရေးတွေကို သွားတဲ့အထိ နောက်ဆုံး လူနဲ့မြေကြီးပါပဲ။ ဒီအပေါ်မှာပဲ ဆင့်ပွားနိုင်ငံရေး အယူအဆတွေ၊ သီအိုရီတွေ၊ အတွေးအခေါ်တွေ ဆက်ဖြစ်သွားတာပါ။ ဒါကြောင့် ကျွန်တော်တို ့နိုင်ငံရေးကို ရိုးရိုးရှင်းရှင်းနဲ့ တကယ်ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက် ကျွန်တော်တို့အားလုံး ပူပေါင်းလုပ်ဆောင်ခြင်းအားဖြင့် ဆောင်ရွက်ကြပါ။ ပြည်သူတွေလည်းပဲ ကျွန်တော်တို့ကို မိသားစုလို သဘောထားပါတယ်။ ကျွန်တော်တို့ကိုလည်း ဝေဖန်ပါ။ ပြည်သူတွေဆီက အကြံဉာဏ်တွေကိုလည်း ယူသွားပါမယ်။ အဲ့ဒီနည်းနဲ့ ပါတီကို ပြုပြင်မွမ်းမံပြီးတော့ တိုးတက်အောင် ဆောင်ရွက်ကြပါတယ်လို ့တိုက်တွန်းလိုပါတယ်” ဟု ဦးကိုကိုကြီးက ဆက်လက် ပြောကြားသည်။
ပြည်သူ့ပါတီအနေဖြင့် မတ် ၁၆ ရက် နံနက်ပိုင်းက မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ကျိုက်မရောမြို့၊ ရန်မျိုးအောင် ရပ်ကွက် (၄)၊ နွယ်သာကီလမ်းတွင် မြို့နယ်ပါတီရုံးခန်း ဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီးနောက် မွန်းလွဲပိုင်းအချိန်တွင် မွန်ပြည်နယ် ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာ၊ ဘူတာပိုင်း၊ အောင်ဇေယျ (၄) လမ်းတွင်လည်း ပြည်သူ့ပါတီ မြို့နယ်ရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။