စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercise-Sea Shield 2019) အား မြန်မာ့ရေပိုင်နယ် ကိုကိုးကျွန်းဒေ၌ မတ် ၁၈ ရက်က ပြုလုပ်ခဲ့သည်။
အဆိုပါ ပင်လယ်ပြင် စစ်ဆင်မှုလေ့ကျင့်ခန်းသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ကြည့်ရှုအားပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် သည်။
“ စစ်ရေယာဉ်စုတွေရဲ့ သဘော ဗျူဟာ စစ်ရေယဉ်စုအလိုက်ကို လေးလ တစ်ခါလေ့ ကျင့်တာ။ ဒါကတော့ Combined Fleet Exercise တစ်နှစ်တစ်ကြိမ် လေ့ကျင့်တဲ့ လေ့ကျင့်ခန်းကြီးတွေပေါ့။ တစ်နှစ်လုံးမှာ ဘာတွေ လေ့ကျင့်ခဲ့လဲ အဲဒီလေ့ကျင့်ခန်းပေါ် မူတည်ပြီးတော့ ဒီမှာဘယ်လောက်အထိ ကျွန်တော်တို့ အစမ်းသပ်ခံနိုင်လဲပေါ့။ အဲဒါကို ကျွန်တော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီနှစ်ကတော့ ကျွန်တော်တို့ အကြမ်းဖက်ခံရတဲ့ ရေယာဉ်တစ်စီးပေါ်မှာ နေဗီဆီးလ်တပ်ဖွဲ့ တွေကနေပြီးတော့ အမြန်ဆုံးပေါ့နော်။ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ကျဆုံးမှု အနည်းဆုံးဖြစ်အောင် ချက်ခြင်းအရေးယူ ဆောင်ရွက်ခဲ့တာတွေ ရှိတယ်။ အဲဒါတွေက အခု ကျွန်တော်တို့ စံချိန်လည်း ပိုကောင်းလာတယ်။ ပိုပြီးတော့လည်း လေတပ်နဲ့ပေါ့လေ ပူးပေါင်း ဆောင်ရွက်တာပေါ့။ အဲဒီပူးပေါင်း ဆောင်ရွက်မှုတွေကလည်း ပိုပြီးတော့ မြန်ဆန်ချောမွေ့လာတယ်။ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်လာနိုင်တာကို တွေ့ပါတယ်။ နောက်တစ်ခုကတော့ ရေအောက်ရန်ပေါ့။ ရေအောက်ရန်နဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ ရေအောက်ရန် စစ်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ တော်ပီတို ပစ်ခတ်ခြင်းကို ကျွန်တော်တို့ ဆောင်ရွက်နိုင်ခဲ့တယ်။ နောက်တစ်ခုကတော့ အရင်က ရေဒါနဲ့ ထောက်လှမ်းရရှိတဲ့ အကွာအဝေးကိုပဲ ကျွန်တော်တို့ သိရှိတယ်။ ယနေ့မှာတော့ ကျွန်တော်တို့ UAV နဲ့ ထောက်လှမ်းနိုင်တဲ့ အဆင့်ဖြစ်တာပေါ့။ အဲဒီတော့ မိုးကုတ်စက်ဝိုင်းလွန် ပစ်မှတ်တွေကိုပါ ပစ်ခတ်နိုင်တဲ့ အနေအထားမျိုး ဖြစ်အောင် ကျွန်တော်တို့ လေ့ကျင့်ခဲ့ပါတယ်” ဟု မြန်မာ့ တပ်မတော်(ရေ) စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် မိုးအောင်က ပြောကြားသည်။
လေ့ကျင်ခန်းများတွင် ရန်သူ့ရေယာဉ်များကို ပြောင်းအချင်း မတူသည့်အမြောက် (Mix Caliber) ဖြင့် စုစည်း ပစ်ခတ်ချေမှုန်းခြင်း၊ အီလက်ထရွန်နစ် စစ်ဆင်မှုလေ့ကျင့်ခန်း၊ ဒုံးပျံပစ်ခတ်မှု လေ့ကျင့်ခန်းများအပြင် အမြောက်ကြီးများဖြင့် အပြီးတိုင် တိုက်ခိုက်ချေမှုန်းခြင်း၊ တိုက်ပွဲပြီးဆုံးချိန်တွင် စစ်ရေယာဉ်များအချင်းချင်း ဆီရေရိက္ခာနှင့် ခဲယမ်းများ ပြန်လည် ထောက်ပံ့ဖြည့်တင်းနိုင်ရန် ပင်လယ်ပြင် ထောက်ပံ့ ဖြည့်တင်းခြင်း လေ့ကျင့်ခန်း (Underway Replenishment At Sea) များကိုလည်း လေ့ကျင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေ့ကျင်ခန်းတွင် အရာရှိစစ်သည် ၁၆၄၇ ဦးနှင့် စစ်ရေယာဉ် အမျိုးအစားပေါင်းစုံ ၂၉ စင်း ပါဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပင်လယ်ပြင် စစ်ဆင်မှုလေ့ကျင့်ခန်းနှင့် လက်နက်လေ့ကျင့် ပစ်ခတ်ခြင်းများကို မတ် ၃ ရက်မှ ၁၈ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဖေဖော်ဝါရီ ၂၇ ရက်တွင် ရေကြောင်း သတိပေးချက်နှင့် လေကြောင်း သတိပေးချက် ထုတ်ပြန်ရာတွင် ဖော်ပြခဲ့သည်။
စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်းကို ၂၀၁၄ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး ယခုအကြိမ်မှာ ငါးကြိမ်မြောက် လုပ်ဆောင်ခြင်း ဖြစ်သည်။
တပ်မတော်(ရေ)၏ ပင်လယ်ပြင် စစ်ဆင်မှုလေ့ကျင့်ခန်းကို ကိုကိုးကျွန်းအနီး ရေပြင်၌ပင် ၂၀၁၇ ခုနှစ်က နောက်ဆုံး ပြုလုပ်ထားခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် မတ် ၂၃ ရက်မှ ၃၁ ရက်ထိ ကိုးရက်ကြာ ပြုလုပ်ခဲ့သည်။
နိုင်ငံတော်ပိုင် ပင်လယ်ပြင် ရေထု၊ လေထုအတွင်း အချုပ်အခြာအာဏာ ခိုင်မာစေရန်နှင့် တပ်မတော်(ရေ)ရှိ စစ်ရေယာဉ်များကို အသင့်ဖြစ်မှု သုံးရပ်ဖြင့် စစ်ဆင်မှုနယ်ပယ် လေးရပ်တွင် ကျွမ်းကျင်ပိုင်နိုင်စွာ တိုက်ပွဲဝင်နိုင်စေရန် ရည်ရွယ်၍ စစ်ရေယာဉ် တပ်ေပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်းကို ၂၀၁၄ ခုနှစ်မှစ၍ နှစ်စဉ်ပြုလုပ်ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ၂၀၁၇ ခုနှစ် မတ် ၃၁ ရက် သတင်းထုတ်ပြန်မှုတွင် ဖော်ပြခဲ့သည်။
၂၀၁၇ ခုနှစ် နောက်ဆုံး ပြုလုပ်ထားသည့် စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercise-Sea Shield 2017) သည် လေး ကြိမ်မြောက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ရေယာဉ်မျိုးစုံ ၂၈ စီးနှင့် ရဟတ်ယာဉ်များ၊ အရာရှိ၊ စစ်သည် အင်အား ၁၄၀၀ ကျော် ပါဝင်လေ့ကျင့်ခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ထားမှုအရ သိရသည်။