မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယ အင်အားကြီး နှစ်နိုင်ငံအကြားတွင် နေရပြီး လူဦးရေ သန်းပေါင်း ၁၆၀ ကျော်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေခြင်းကြောင့် တိုင်းပြည်တွင် ညီညီညွတ်ညွတ်နှင့် နိုးကြားမှုရှိရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ကိုကိုးကျွန်းဒေသတွင် မတ် ၁၈ ရက်က ပြုလုပ်သည့် မြန်မာ့တပ်မတော် (ရေ) စစ်ရေယဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်း အနော်ရထာ (Combined Fleet Exercise – Sea Shield 2019) လေ့ကျင့်ခန်းအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကိုယ့်ပြည်သူ ပြည်သားတွေ Ready ဖြစ်နေဖို့ အရေးကြီးတယ်။ ဒီလောက် အင်အားကြီး နှစ်နိုင်ငံအကြားမှာ နေရတာ။ ခုနကပြောတဲ့ လူဦးရေ သန်းပေါင်း ၁၆၀ ကျော်လောက်ရှိတဲ့ နိုင်ငံနဲ့ ထိစပ်နေတဲ့ နိုင်ငံမျိုးက ကိုယ့်လူတွေဟာ တကယ့်ကို တိုင်းပြည်မှာ Alert ဖြစ်နေဖို့လိုတယ်။ Alert ဖြစ်ဖို့ဆိုတာလည်း ဘာလဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်နေရင်တော့ Alert ဖြစ်မှာ မဟုတ်ဘူး။ တစ်ယောက်နဲ့ တစ်ယောက်ညီနေမှပဲ Alert ဖြစ်မှာ။ ဟုတ်တယ် မဟုတ်လား။ အခုက အဲဒီလို မဖြစ်လို့သာ ပြဿနာ တက်နေကြတာပေါ့” ဟု ပြောကြားသည်။
မြန်မာနိုင်ငံသည် စတုရန်းမိုင်ပေါင်း ၂၆၁၂၂၈ ကျယ်ဝန်းပြီး အရှေ့တောင်အာရှတွင် ဒုတိယကြီးဆုံး ဖြစ်ပါကြောင်း၊ မြေပြင် တစ်ဆက်တည်း အကျယ်အဝန်းအရ အကြီးဆုံးဖြစ်ကြောင်း၊ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တွင် အင်အားကြီး တရုတ်နိုင်ငံ နှင့် ၁၃၅၇ မိုင် နယ်နိမိတ် ထိစပ်လျက်ရှိပြီး အနောက်ဘက်တွင် အင်အားကြီး အိန္ဒိယနိုင်ငံနှင့် ၈၅၇ မိုင်၊ လူဦးရေပေါက်ကွဲမှု မြင့်မားနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ၁၅၂ မိုင် နယ်နိမိတ်အသီးသီး ထိစပ်နေကြောင်း သိရသည်။
တိုင်းပြည်၏ အသင့်ဖြစ်မှုအနေအထားအရ တချို့ကိစ္စများတွင် နှစ်နိုင်ငံ ဆက်ဆံရေး မထိခိုက်အောင် အတော်ကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နေရခြင်းများရှိပြီး အလစ်အငိုက် ဖမ်းခံရခြင်းမျိုး မဖြစ်အောင်လည်း သတိထားနေရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက် ပြောကြားသည်။
“တချို့ဟာတွေမှာ နှစ်နိုင်ငံဆက်ဆံရေး မထိခိုက်အောင် တော်တော်လေး ထိန်းထိန်းသိမ်းသိမ်း လုပ်ရတာလေးတွေ ရှိတာပေါ့။ ဘင်္ဂလားဒေ့ရှ်နဲ့ ပတ်သက်ရင်လည်း သူတို့ ဘယ်လောက်ပဲ ပြောပြောပါ။ တကယ်တမ်းလေပါပဲ။ ဒါပေမဲ့ အဲဒီလိုပြောလို့ သူတို့ကို အထင်သေးလို့လား။ ကိုယ့် ကိုယ်ကိုယ် အထင်ကြီးလို့လား။ ဒီလိုလည်း မဟုတ်ဘူး။ ကိုယ့်ဘက်က အကုန်လုုံးတော့ ပြင်ဆင်သင့်တာတော့ ပြင်ရတာပေါ့။ မပြင်လို့တော့ မရဘူး။ သူတို့ဆိုရင် စစ်ရေး တည်ဆောက်မှုတွေ လုပ်တယ်။ ဘာညာနဲ့ တော်တော်လေး သတင်းတွေ ဖွကြပါတယ်။ ကြောက်သလား ဆိုတော့လည်း ကြောက်တယ်လို့ မဟုတ်ဘူး။ သို့သော် သတိတော့ ထားရတာပေါ့။ တပ်ရဲ့ သဘောတရားမှာ Element of Surprise အလစ်အငိုက် ဖမ်းနိုင်ခြင်းဆိုတာ ရှိတယ်။ အလစ်အငိုက်ဖမ်းနိုင်ခြင်း အဲဒီဟာကို ကိုယ်မဖြစ်ဖို့ပဲ လိုတယ်။ အဲဒါဆိုရင် အဆင်သင့်ဖြစ်လား မဖြစ်လားဆိုတာ ဒီအပေါ်မှာပဲ တည်လိမ့်မယ်” ဟု ပြောကြားသည်။
Global Firepower ၏ ကမ္ဘာ့စစ်အင်အား အဆင့်သတ်မှတ်ချက်များနှင့် ပတ်သက်ပြီး အချို့ကိန်းဂဏန်း အချက်အလက်များ မှားယွင်းနေခြင်းကြောင့် ယခုလို အဆင့်သတ်မှတ်ချက်များကို အကြောင်းအရာတစ်ခု အနေဖြင့်သာ ကြည့်ထားပြီး ကိုယ့်အခြေအနေကိုယ်သာ အသိဆုံးဖြစ်ကြောင်း၊ ပြိုင်ဆိုင်မှု တစ်ခုဖြစ်ပြီဆိုသည်နှင့် တစ်ဦးဦးက နိုင်သည်ဆိုတာမျိုးသာ ပြောမည်ဖြစ်ပြီး စစ်အင်အား အဆင့်သတ်မှတ်ချက်များသည်လည်း နိုင်ငံရေးပါနိုင်သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက် ပြောကြားသည်။
မြန်မာ့တပ်မတော်တွင် စစ်သည်အင်အား စုဆောင်းမှုအပိုင်းနှင့် ပတ်သက်၍လည်း အခက်အခဲမရှိ ပုံမှန်အတိုင်းဖြစ်ပြီး မည်သည့်ပြဿနာမျှ မရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။