Top News

"ဝ" တိုင်းရင်းသားများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ "ဝ" ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုပြီး ယင်းရည်မှန်းချက်ပန်းတိုင်ရောက်အောင် ရာသက်ပန် ကြိုးစားအားထုတ်သွားမည်ဟု UWSP အထွေထွေ အတွင်းရေးမှူးချုပ် ဦးပေါက်ယူချန်း ပြောကြား
24htopnews | June 13, 2024 6:12 AM CST

ပြည်ထောင်စုအစိုးရမှ "ဝ" တိုင်းရင်းသားများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ "ဝ" ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုပြီး ယင်းရည်မှန်းချက် ပန်းတိုင်ရောက်အောင် ရာသက်ပန် ကြိုးစားအားထုတ် သွားမည်ဟု “၀” သွေးစည်းညီညွတ်ရေးပါတီ (UWSP) အထွေထွေ အတွင်းရေးမှူးချုပ် ဦးပေါက်ယူချန်းက ပြောကြားသည်။

"ဝ" လက်နက်ကိုင်အဖွဲ့ ဌာနချုပ်တည်ရှိရာ ပန်ဆန်းတွင် ဧပြီ ၁၇ ရက်က "ဝ" အဖွဲ့၏ ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် (၃၀) ပြည့် အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနား မိန့်ခွန်းပြောကြားရာတွင် “၀” သွေးစည်းညီညွတ်ရေးပါတီ (UWSP) အထွေထွေ အတွင်းရေးမှူးချုပ် ဦးပေါက်ယူချန်းက ထိုသို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

၁၉၆၀ ပြည့်နှစ် မြန်မာ-တရုတ် နယ်ခြားသတ်မှတ် ရေးဆွဲပြီးနောက် "ဝ" ဒေသသည် မြန်မာနိုင်ငံ၏ နယ်နိမိတ် အတွင်းသို့ အတည်ပြုရေးဆွဲ ထည့်သွင်းခဲ့ပြီး "ဝ" လက်နက်ကိုင်အဖွဲ့ အနေဖြင့် အဆိုပါဖြစ်ရပ် အမှန်တရားကို လက်ခံကြောင်း ဦးပေါက်ယူချန်းက ပြောကြားသည်။

"ဝ" ဒေသသည် ပြည်ထောင်စု မြန်မာနိုင်ငံမှ ခွဲထွက်၍ မရသော အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ခွဲမထွက်ရေး၊ လွတ်လပ်ရေး မတောင်းဆိုရေးတို့ကို လေးလေးနက်နက် ကတိသစ္စာပြုခဲ့ကာ "ဝ" တိုင်းရင်းသားများ၏ လိုအပ်ချက်မှာ တိုင်းရင်းသား ဇာတိမာန်နှင့် တန်းတူညီမျှရေး၊ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ရေး ဖြစ်ကြောင်း ဦးပေါက်ယူချန်းက ပြောကြားခဲ့သည်။


READ NEXT
Cancel OK