Top News

KIO ၏ အမြင့်ဆုံး နိုင်ငံရေး ရည်မှန်းချက်သည် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ရရှိရေးဖြစ်ပြီး ပြည်သူများ ဖက်ဒရယ်အခွင့်အရေး အပြည့်အဝ ရရှိရန်အတွက် ဆွေးနွေးဆောင်ရွက်နေကြောင်း KIO ဗဟိုကော်မတီဝင်ပြောကြား
24htopnews | June 13, 2024 6:12 AM CST

KIO ၏ အမြင့်ဆုံးနိုင်ငံရေး ရည်မှန်းချက်သည် စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု ရရှိရေးဖြစ်ပြီး ပြည်သူများ ဖက်ဒရယ် အခွင့်အရေး အပြည့်အဝရရှိရန်အတွက် ဆွေးနွေးဆောင်ရွက်နေကြောင်း ကချင်လက်နက်ကိုင် အဖွဲ့ (KIO) ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးခွန် နောင်က ပြောကြားသည်။

နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင်ပြုလုပ်သည့် NRPC နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းရှစ်ဖွဲ့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ခေတ္တရပ်နားချိန်တွင် မီဒီယာများက KIO ၏ အမြင့်ဆုံးနိုင်ငံရေး ရည်မှန်းချက်အား မေးမြန်းမှုကို ၎င်းက အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဒါကတော့ ကျွန်တော်တို့က ငြိမ်းချမ်းရေးဆိုတာ အားလုံးလိုလားတာချည်းပဲ။ ကချင်ပြည်သူလူထုတွေလည်း ဒါကျွန်တော်တို့က ငြိမ်းချမ်းရေးကို ကျွန်တော်တို့ တကယ်တမ်း စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ့လေ။ ဒါ ကျွန်တော်တို့ရေရှည်ထာဝရ ဒါတိုင်းပြည်အတွက် ငြိမ်းချမ်းသွားမယ်။ ကျွန်တော်တို့ ပြည်သူလူထုတွေလည်း ဖက်ဒရယ် အခွင့်အရေး အပြည့်အဝရဖို့ ဒါတွေအာမခံချက်ရှိရှိနဲ့ ကျွန်တော်တို့က အားလုံးဆွေးနွေးပွဲ အောင်မြင်ရေး။ ဒါတွေ အခွင့်အရေးတွေ ရရှိရေး။ ဒါတွေကို အားလုံး ကျွန်တော်တို့ ဆွေးနွေးရင်းနဲ့ ကျွန်တော်တို့ ရရှိလာဖို့ ကျွန်တော်တို့လည်း ဆွေးနွေးဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုပေါ့။ ဒါ ကျွန်တော်တို့ ပြည်ထောင်စုပါ။ ဒါရရှိရေး ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးခွန်နောင်က ပြောကြားသည်။

နိုင်ငံရေး ဆွေးနွေးပွဲများသည် နိုင်ငံရေးအရ ပြဿနာများကို ဖြေရှင်းသည့်နေရာတွင် တွေ့ဆုံညှိနှိုင်း အဖြေရှာရေးသည် အရေးကြီးကြောင်း၊ ဆွေးနွေးပွဲတက်ရောက်ပြီး ဆွေးနွေးခြင်းသည် ငြိမ်းချမ်းရေးရှေ့ဆက် လုပ်ငန်းစဉ်ဆက် သွားသည့်နေရာတွင် အကျိုးရှိမည်ဟု မျှော်လင့်ထားကြောင်း၊ KIO အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဆောင်ရွက်သွားမည့်၊ ဆွေးနွေးသွားမည့် အချက်များ တင်ပြဆွေးနွေးထားကြောင်း ဗိုလ်မှူးကြီးခွန်နောင်က ပြောကြားသည်။

ဗိုလ်မှူးကြီးခွန်နောင်က “ဒါ ကျွန်တော်တို့က ပထမအဆင့် အနေနဲ့ကတော့ ကျွန်တော်တို့ Bilateral Agreement တွေပေါ့လေ။ ဒါ ကျွန်တော်တို့ ဆောင်ရွက်သွားဖို့ ကျွန်တော်တို့ ဆန္ဒပေါ့လေ။ တင်ပြဆွေးနွေးတာ ဖြစ်ပါတယ်။ Bilateral Agreement က ကျွန်တော်တို့ ရရှိသွားလို့ရှိရင်တော့ လက်ရှိကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ရှောင်ပြည်သူလူထုတွေ ကိုယ့်ရဲ့နေရင်းဒေသကို လုံခြုံအေးချမ်းစွာနဲ့ ပြန်ပြီးတော့ရနိုင်ရေး ကိစ္စတွေမှာ ဒါ ကျွန်တော်တို့လည်း ၀ိုင်းဝန်းပြီးတော့ ဆောင်ရွက်သွားဖို့လည်း ကျွန်တော်တို့ အစီအစဉ်တော့ ရှိပါတယ်” ဟု ပြောကြားသည်။

နိုင်ငံတော်အစိုးရက Deep of Commitment (အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကတိပြုချက်) ထိုးပြီး NCA ရေးထိုးရန် တိုက်တွန်းထားရန်အပေါ် မည်သို့ရှိကြောင်း မေးမြန်းမှုကို DOC(Deep of Commitment) တော့ ကျွန်တော်တို့ မထိုးပါဘူး။ ကျွန်တော်တို့  Bilateral ပဲ ကျွန်တော်တို့ ဆွေးနွေးထားတာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးခွန်နောင်က ပြောကြားသည်။

KIO အနေဖြင့် Bilateral တောင်းဆိုခြင်းသည် ပထမဆုံး အပစ်အခတ်ရပ်ဆိုင်းပြီးမှ ဆက်လက်ပြီး ဆွေးနွေးအဖြေရှာသွားမည့် အပိုင်းကို သွားရန်ဖြစ်ကြောင်း၊ NCA နှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးညှိနှိုင်းရမည့် အပိုင်းများ ရှိနေကြောင်း၊ ဆွေးနွေးညှိနှိုင်းပြီး ရရှိလာသည့် အခြေအနေများကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်နောင်က ပြောကြားသည်။

KIO အနေဖြင့် မြောက်ပိုင်း ခုနစ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေသည့် အနေအထားသည် ရှေ့ဆက်မည်သို့ ဆက်လုပ်သွားမလဲဆိုသည့် မေးမြန်းမှုကို “ရှေ့ဆက်လည်း ကျွန်တော်တို့ မြောက်ပိုင်းခုနစ်ဖွဲ့နဲ့ လုပ်နေတယ်။ ကျွန်တော်တို့ ဒီလိုပဲ ဆွေးနွေးညှိနှိုင်းပြီးတော့ ကျွန်တော်တို့ အဖွဲ့တွေနဲ့လည်း နိုင်ငံရေးဆိုင်ရာနဲ့ ပတ်သက်ပြီးတော့လည်း ဒါအမြဲတမ်း ကျွန်တော်တို့အဖွဲ့တွေက စုစည်းညှိနှိုင်းပြီးမှ ရှေ့ဆက်ဆောင်ရွက်သွားဖို့လည်း ရှိပါတယ်” ဟု ဗိုလ်မှူးကြီးခွန်နောင်က ပြောကြားသည်။

စစ်ရေးပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် နှစ်ဖက်ခေါင်းဆောင်များ၊ တာဝန်ရှိသည့် အစိုးရနှင့် တပ်ပိုင်းဆိုင်ရာ အဖွဲ့အစည်းများအကြား အချင်းချင်း အပြန်အလှန်ယုံကြည်မှု၊ ဆွေးနွေးပွဲများတွင် ပိုမိုသည့်သဘောထားကြီးကြီးနှင့် မကြာခဏတွေ့ဆုံဆွေးနွေးပြီး အဖြေရှာသွားပါက တိုးတက်မှုများရှိလာမည်ဟု မျှော်လင့်ကြောင်း ဗိုလ်မှူးကြီးခွန်နောင်က ပြောကြားသည်။

 


READ NEXT
Cancel OK