မြန်မာနိုင်ငံတော်အစိုးရသည် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရန် အရေးကြီးမှုကို အသိအမှတ်ပြုကာ လုပ်ဆောင်နေသော်လည်း မြန်မာ့စီးပွားရေးလုပ်ငန်းများစွာမှာ စီးပွားရေးဝန်းကျင် ကြမ်းတမ်းခက်ခဲခြင်းကို ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ကြောင်း အာရှဖောင်ဒေးရှင်းက ဇွန် ၁၁ ရက်က ရန်ကုန်မြို့ရှိ ချက်ထရီယမ်ဟိုတယ်၌ ကျင်းပသည့် မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်း ၂၀၁၉ အခမ်းအနားမှ သိရသည်။
မြန်မာနိုင်ငံ၏ ဒေသန္တရစီးပွားရေးဝန်းကျင်ကို ပိုမိုနားလည်ရန် သရုပ်ခွဲလေ့လာနိုင်မည့် နည်းလမ်းတစ်ခုအဖြစ် မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်း (Myanmar Business Environment Index -MBEI) ၂၀၁၉ ကို အာရှဖောင်ဒေးရှင်းမှ ဇွန် ၁၁ ရက်က ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။
UK Aid သည် Dana Facility မှတဆင့် ပြည်ထောင်စုနှင့် ပြည်နယ်/ တိုင်းဒေသကြီးအစိုးရများ ဗဟိုချုပ်ကိုင်မှုလျှော့ချပြီး စီးပွားရေးအုပ်ချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အထောက်အထားအခြေပြု၍ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန် ပံ့ပိုးလျက်ရှိပြီး MEBI သည် ပထမအဆင့် ခြေလှမ်းပင်ဖြစ်သည်ဟု သိရသည်။
MEBI သည် နိုင်ငံအနှံ့ဝန်ဆောင်မှု နှင့် ထုတ်လုပ်ရေးကဏ္ဍမှ လုပ်ငန်းပေါင်း ၄၈၇၄ ကို စစ်တမ်းရယူထားပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ ပုဂ္ဂလိကလုပ်ငန်းများ၏ သဘောထားအမြင်များကို ထင်ဟပ်စေမည် ဖြစ်သည်။ ယင်းသုတသနလေ့လာမှုတွင် ကောင်းမွန်သော စီးပွားရေးအုပ်ချုပ်မှု ၁၀ ချက်ကို တိုင်းတာထားပြီး အစိုးရအနေဖြင့် မြန်မာ့စီးပွားရေးပတ်ဝန်းကျင်ကို တိုးတက်ကောင်းမွန်စေရန် အသုံးပြုနိုင်မည့် ဆန်းစစ်လေ့လာချက်နှင့် အကြံဉာဏ်များပေးထားသည်။ ယင်းစစ်တမ်းသည်အများစုမှာ ပြည်တွင်းပုဂ္ဂလိကပိုင်ဖြစ်သော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs ၏ အတွေ့အကြုံပေါ်တွင် အဓိကထား လေ့လာထားခြင်းဖြစ်ပြီး မြန်မာ့စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းဝန်းကျင်တွင်ရှိနေသော အတားအဆီးများနှင့် ၎င်းတို့ကို ပြုပြင်ပြောင်းလဲမည့် အခွင့်အလမ်းများ ထုတ်ဖော်နိုင်သော နည်းလမ်းတစ်ခုပေးစွမ်းနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
“MEBI ဟာ မြန်မာနိုင်ငံအနှံ့က ပုဂ္ဂလိကလုပ်ငန်းများစွာရဲ့အသံကို ကိုယ်စားပြုပါတယ်” ဟု အာရှဖောင်ဒေးရှင်း၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ်ဖြစ်သူ Diana Fernandez ကပြောသည်။ “ဒီနည်းလမ်းအသစ်က မြန်မာအစိုးရရဲ့ ဒေသန္တရအဆင့်စီးပွားရေးပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန် ဆုံးဖြတ်ချက်ချမှတ်ခြင်းတွင် အရင်းအမြစ်တစ်ခုအဖြစ် အသုံးပြုနိုင်အောင် ပုံဖော်ထားခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
“ဆင်းရဲမှုတိုက်ဖျက်ရန်နှင့် ကြွယ်ဝတဲ့ လူမှုအဖွဲ့အစည်းတည်ဆောက်ရန် အစွမ်းထက်ဆုံးနည်းလမ်းကတော့ လူတိုင်းအကျုံးဝင်မှုရှိတဲ့ စီးပွားရေးတိုးတက်မှုဖော်ဆောင်ခြင်း ဖြစ်ပါတယ်” ဟု ဗြိတိန်နိုင်ငံတကာဖွံ့ဖြိုးရေးဌာနမှ Inclusive Growth အဖွဲ့ခေါင်းဆောင်ဖြစ်သူ TwoCoward က ပြောသည်။
အဆိုပါမြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်း ၂၀၁၉တွင် အဓိကတွေ့ရှိချက်များအနေဖြင့် မြန်မာ့စီးပွားရေးလုပ်ငန်းများ၏ ၈၅ ရာခိုင်နှုန်းတွင် အနည်းဆုံးတရားဝင်မှတ်ပုံတင် သက်သေခံစာရွက်စာတမ်းတစ်ခုရှိကြကြောင်း၊ အများစုမှာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ သို့မဟုတ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီထံမှ ရရှိထားသော လုပ်ငန်းလိုင်စင်ဖြစ်သည်ဟု ဖော်ပြထားသည်။
နိုင်ငံတကာနှင့်နှိုင်းယှဉ်ပါက လုပ်ငန်းတရားဝင် လည်ပတ်ရန်ခွင့်ပြုချက်ရပြီးနောက် လုပ်ဆောင်ရသည့် စည်းကမ်းပိုင်းနှင့်စီမံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများမှာ ဝန်ထုပ်ဝန်ပိုးနည်းပါးသည်ကိုတွေ့ရသည်၊ မြန်မာနိုင်ငံရှိ SMEs အများစုမှာ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်း၏ သက်ရောက်မှုခံစားရနိုင်သည့် ကဏ္ဍများတွင်ရှိနေသောကြောင့် သန့်ရှင်းသော ပတ်ဝန်းကျင်အပေါ် အထူးလိုလားမှုကို တွေ့ရကြောင်း၊ အရည်အချင်းမီ လုပ်သားများ အထူးသဖြင့် ပညာရှင်နှင့် မန်နေဂျာများခေါ်ယူခန့်အပ်ရန်မှာ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအတွက် အဓိက အခက်အခဲတစ်ရပ်ဖြစ်ကြောင်း၊ အခြေခံအဆောက်အအုံများ အထူးသဖြင့် လမ်းနှင့် လျှပ်စစ်မီးဆိုင်ရာအခြေခံအဆောက်အအုံများ၏ အရည်အသွေးနိမ့်ကျမှုမှာလည်း စီးပွားရေးလုပ်ငန်းများအတွက် အခက်အခဲတစ်ရပ်ပင်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
“တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့ရဲ့ စီးပွားရေးဆိုင်ရာဝန်းကျင်ရှိ မတူညီတဲ့အားသာချက်နဲ့ အားနည်းချက်အသီးသီးကို MEBI မှ ဖော်ပြနေပါတယ်။ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်ဖို့ MEBI ဟာ သတင်းအချက်အလက်ရင်းမြစ်တစ်ခုလည်း ဖြစ်ပါတယ်” ဟု MEBI စီမံကိန်းမန်နေရာ Jon Keesecker က ပြောသည်။