မြန််မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် တရုတ်ယွမ် ၁၀ သန်းကို မေ ၂၀ ရက်တွင် ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က သတင်းထုတ်ပြန်ထားသည်။
ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ငါးသန်းကို မေ ၉ ရက်ကလည်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း မေ ၇ ရက်က တရုတ်ယွမ် ၂ ဒသမ ၅ သန်းကို လည်းကောင်း၊ ဒေါ်လာ ၅ ဒသမ ၃၈ သန်းကို ဖေဖော်ဝါရီ ၁၄ ရက်ကလည်းကောင်း၊ ဖေဖော်ဝါရီ ၈ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်၌ ဒေါ်လာရှစ်သန်း၊ ဖေဖော်ဝါရီ ၆ ရက်က ဒေါ်လာ ၁၁ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ဗဟိုဘဏ်က ထပ်မံထုတ်ရောင်းခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် ဒေါ်လာငါးသန်းနှင့် ထိုင်းဘတ်သန်း ၅၀ ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။
ဗဟိုဘဏ်က ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာ ၁၃ သန်း ထပ်မံရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။
ဗဟိုဘဏ်က ဇန်နဝါရီ ၂၉ ရက်၌ နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာ ၉ သန်း၊ ဇန်နဝါရီ ၂၅ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာကိုးသန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဇန်နဝါရီ ၂၆ ရက်တွင် ဒေါ်လာ ငါးသန်းနှင့် ဘတ်သန်း ၅၀၊ ဇန်နဝါရီ ၁၉ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ထိုင်းဘတ်သန်း ၅၀၊ ဇန်နဝါရီ ၁၅ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၅ သန်း၊ ဇန်နဝါရီ ၅ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၆ သန်း ထပ်မံရောင်းချခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၂ ဒသမ ၉၃ သန်းရောင်းချပေးခဲ့ပြီး ဒေါ်လာလေးသန်းနှင့် ညီမျှသောတရုတ်ယွမ်အား SWAP Facility ပေးခဲ့ကြောင်း သိရသည်။
ဗဟိုဘဏ်အနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် ဒေါ်လာ ၉ ဒသမ ၇၂ သန်း၊ ဒီဇင်ဘာ ၂၁ ရက်က ဒေါ်လာ ၁၂ ဒသမ ၄၃ သန်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အဓိကရည်မှန်းချက်ဖြစ်သည့် ပြည်တွင်းစျေးနှုန်း တည်ငြိမ်မှုရရှိရန်နှင့် ထိန်းသိမ်းရန်အတွက် ငွေကြေးမူဝါဒကို အကောင်အထည်အထည် ဖော်ဆောင်ရွက်ရာတွင် ငွေလဲလှယ်နှုန်းတည် ငြိမ်ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၄၀(ခ)၊ (ဂ) နှင့် (ဃ) တို့အရ နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာမူဝါဒကို ဆုံးဖြတ်ခြင်း နှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အစိုးရအဖွဲ့အား နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်နှင့် စပ်လျဉ်း၍အကြံပြုခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသီးသန့်ငွေကို ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် Exporter နှင့် Importer တို့ စိတ်ကြိုက်စျေးဖြင့် ပြင်ပတွင် ရောင်းဝယ်ခြင်းကြောင့် ငွေလဲလှယ်နှုန်းများ မြင့်တက်နေခြင်းနှင့် Importer များအနေဖြင့် စျေးကွက်တွင် ရောင်းချနိုင်သည့် ပမာဏကို မသိရှိနိုင်ခြင်းတို့ကြောင့် တရားဝင်ရောင်းချနိုင်မည့် Platform များကို Importer များက တောင်းဆိုသဖြင့်လည်းကောင်း၊ စီးပွားရေးစနစ်အတွင်း နိုင်ငံခြားငွေဝယ်လိုအား (Demand) နှင့်ရောင်းလိုအား (Supply) မျှတမှုရှိစေရန်အတွက်လည်းကောင်း၊ Online Trading Platform ကို ဗဟိုဘဏ်ဦးဆောင်မှုဖြင့် တည်ထောင်ခဲ့ပြီး စျေးကွက်၏ လိုအပ်ချက်အရ အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်တို့အား ဝင်ရောက်ရောင်းချပေးခြင်းကို ၂၀၂၃ ခုနှစ် ဇွန် ၂၂ ရက်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။