Top News

အထက်ချင်းတွင်းဒေသ၏ အရေးပါသည့် ကားလမ်းမကြီးဖြစ်သည့် သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းကို ၂၀၂၀ ပြည့်နှစ်အကုန်တွင် ရာသီမရွေးသွားလာနိုင်သည့် ကားလမ်းအဖြစ် ဖောက်လုပ်မည်
24htopnews | November 29, 2024 6:12 AM CST

အထက်ချင်းတွင်းဒေသ၏ အရေးပါသည့် ကားလမ်းမကြီးဖြစ်သည့် သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းအား ရာသီမရွေးသွားလာနိုင်သည့် ကားလမ်းအဖြစ် ဖောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

အထက်ချင်းတွင်းဒေသရှိ မြို့များဖြစ်သည့် ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီးမြို့များမှ မုံရွာ၊ မန္တလေးမြို့ကြီးများသို့ ဆက်သွယ်သွားလာနိုင်သည့် သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းအား ၂၀၂၀ ပြည့်နှစ်အကုန် တွင် ရာသီမရွေးသွားလာနိုင်သည့် ကားလမ်းအဖြစ် ဖောက်လုပ်ရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးကျော်လင်း၏ ပြောကြားချက်အရ သိရသည်။

“သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း- ခန္တီးလမ်းမိုင် ၃၃၀ ကို ဦးစားပေး ဖောက်လုပ်နေပါတယ်။ ဒီငါးနှစ်တာကာလ အစိုးရသစ်လက်ထက်မှာ အရင်တုန်းကဆိုရင်တော့ ဒါမြေကြီးလမ်းကြီးပါပဲ။ မိုးတွင်းဆိုရင် သွားမရတော့ဘူး။ အားလုံး လမ်းကြီးပိတ်ထားရပြီ။ အဲဒါကို ဒီငါးနှစ်တာကာလအတွင်းမှာ လာမယ့် ၂၀၂၀ ကုန်တာနဲ့ ရာသီမရွေးသွားလာနိုင်တဲ့ လမ်းကြီးဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက်ပါမယ်။ အခုဆိုရင် အားလုံးသိပြီး ဖြစ်တဲ့အတိုင်းပဲ ဖောင်းပြင်နဲ့ ဟုမ္မလင်းကြား မိုင် ၇၀ အခုဆိုရင် ရာသီမရွေး သွားလို့ရပြီ။ ဒီနှစ်ဆိုရင် ကွန်ကရစ်လမ်း ငါးမိုင်ထပ်ခင်းဦးမယ်။ အခုလည်း ကွန်ကရစ်လမ်းတွေ တော်တော်ခင်းထားပြီးပါပြီ။ ကျွန်တော်တို့ရဲ့ ဦးစားပေး (၁) က ဘာလဲဆိုရင် ဟုမ္မလင်းကနေ ဖောင်းပြင်၊ ဖောင်းပြင်ကမှတစ်ဆင့် ပင်လည်ဘူးကို ဖြတ်လိုက်ရင် အတိုဆုံးလမ်းကြောင်း မန္တလေးသွားလို့ရပါမယ်။ မုံရွာ သွားလို့ရပါမယ်။ ဒါကြောင့်မို့ ဒီလမ်းမှာ ပင်လည်ဘူး ဖောင်းပြင်လမ်းမှာရှိတဲ့ မှန်တောင်ကြီးဟာ တော်တော်ခက်ခဲတဲ့ တောင်ကြီးရှိပါတယ်။ အရင်တုန်းကဆိုရင် မှန်တောင်ကိုကြောက်လို့ ဘယ်သူမှ မသွားရဲကြဘူး။ အဲဒီမှန်တောင်ကို ကျွန်တော်တို့ အစိုးရသစ်လက်ထက်မှာ ၂၉ မိုင် လမ်းအူကြောင်းအသစ် ဖောက်လိုက်ပါတယ်။ အဲဒါက အရင်တုန်းကတော့ ဂျပန်လမ်းဟောင်း ဖြစ်ပါတယ်။ ဂျပန်လမ်းဟောင်းကို ရှာဖွေတွေ့ရှိပြီး ဖောက်လိုက်တော့ အခုဆိုရင် ကွန်ကရစ်လမ်းတွေ ခင်းနေပါပြီ။ ဒီအစိုးရသစ် ငါးနှစ်အတွင်းမှာ ကျွန်တော်တို့ ကွန်ကရစ်လမ်း အစအဆုံးဖြစ်အောင် ဆောင်ရွက်ပြီး ၂၉ မိုင်လမ်းတိုကို ပြီးရင် ကျွန်တော်တို့က အဲဒီ Shortcut ယူပြီး ဟုမ္မလင်းကနေ ဖောင်းပြင်၊ အဲဒီကမှ တစ်ဆင့်ပင်လည်ဘူး ထိုမှတစ်ဆင့် မန္တလေး၊ မုံရွာဘက်သွားလို့ရပါမယ်။ ဒါကြောင့် သက္ကယ်ကျင်း-ဖောင်းပြင်- ဟုမ္မလင်း-ခန္တီးလမ်းကို နံပါတ်တစ် ဦးစားပေးပြီး ဖောက်လုပ်နေပါတယ်” ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

သက္ကယ်ကျင်း-ဖောင်းပြင်- ဟုမ္မလင်း- ခန္တီးလမ်းတွင် ဟုမ္မလင်းမြို့နယ်နှင့် ခန္တီးမြို့ နယ်အကြားလမ်းသည် မြေသားလမ်းအဆင့်သာရှိပြီး မိုးရာသီတွင် အသုံးပြုသွားလာ၍ မရကြောင်း ဟုမ္မလင်းမြို့ခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“အခုဆိုရင် ဖောင်းပြင်နဲ့ ဟုမ္မလင်းက ရာသီမရွေး သွားလို့ရသွားပေမဲ့ ဟုမ္မလင်းနဲ့ ခန္တီးက မိုးတွင်းဆိုရင် သွားလို့မရသေးဘူး။ ပွင့်လင်းရာသီမှာပဲ သွားလို့ရတယ်။ လမ်း ပိုင်းအများစုကလည်း မြေသားလမ်းပဲဖြစ်နေတော့ မိုးတွင်းဆိုရင် ကားမပြောနဲ့ ဆိုင်ကယ်နဲ့တောင် သွားလို့မရဘူး။ ဟုမ္မလင်း-ခန္တီးလမ်းဆိုရင် ဖောက်ပြီးခဲ့တာ ၁၀ နှစ်ကျော် မကတော့ပါဘူး။ ဒါပေမဲ့ အခုချိန်ထိ မြေသားလမ်းအဆင့်ပဲ ရှိသေးတယ်။ ဒါကို ကွန်ကရစ်လမ်း မဟုတ်တောင် ကျောက်ခင်းလမ်းအဖြစ် ပြုပြင်ပေးရင် ရာသီမရွေး သွားလာလို့ရသေးတာပေါ့။ အခုတော့ စဖောက်ခဲ့ကတည်းက မြေသားလမ်းဟာ အခုချိန်ထိလည်း မြေသားလမ်းပဲ။ ဒီလမ်းသာ ရာသီမရွေး သွားလာလို့ရရင် ဟုမ္မလင်းနဲ့ ခန္တီးမြို့နယ်ကြားက ကျေးရွာတွေ၊ မြို့နယ်ချင်း ဆက်သွယ်သွားလာတာတွေ၊ ကုန်စည်ပို့ဆောင်ရောင်းဝယ်တာတွေ အကုန်လုံး တိုးတက်လာမှာပဲ။ အခုတော့ ချင်းတွင်းမြစ်ကြောင်းကိုပဲ အားထားနေရသေးတယ်” ဟု ခန္တီးမြို့ဒေသခံတစ်ဦးက ပြောကြားသည်။

 


READ NEXT
Cancel OK