Top News

သစ်အခြေခံ အသေးစားနှင့် အလတ်စားလုပ်ငန်း (SME) များအတွက် မြန်မာ့သစ်လုပ်ငန်းက သစ်တန်ချိန် ၅၄၀၀ ကို အိတ်ဖွင့်လေလံစနစ်ဖြင့် ရောင်းချပေးမည်
24htopnews | November 29, 2024 6:12 AM CST

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သစ်အခြေခံအသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်း (SME) များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သစ်တန်ချိန်ပေါင်း ၅၄၀၀ ကို အိတ်ဖွင့်လေလံစနစ်ဖြင့် ဖေဖော်ဝါရီလအတွင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ စုံစမ်းသိရသည်။

အဆိုပါ သစ်အခြေခံအသေးစားနှင့် အလတ်စားလုပ်ငန်း (SME) များအတွက် ဖွံ့ဖြိုးတိုးတက်စေပြီး သစ်ကုန်ကြမ်းများ တရားဝင်ရရှိစေရန် ရည်ရွယ်၍ အိတ်ဖွင့် လေလံနှင့်သက်ဆိုင်သည့် စည်းကမ်းချက်များကို မြန်မာ့သစ်လုပ်ငန်းမှ လုပ်ငန်းရှင်များနှင့် ဇန်နဝါရီ ၃၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“ဒီနေ့တွေ့ဆုံဆွေးနွေးမှုက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျတဲ့ အလတ်စား၊ အသေးစားလုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းတွေ တိုးတက်မြင့်မားလာဖို့နဲ့ လုပ်ငန်းရှင်တွေအတွက် အခက်အခဲတစ်ခုဖြစ်နေတဲ့ ကုန်ကြမ်းရရှိရေးကို မြန်မာသစ်လုပ်ငန်းကနေ ဘာတွေဖြည့်ဆည်းပေးနိုင်မလဲဆိုတာ ဆွေးနွေးကြပါတယ်။ ကျွန်တော်တို့ မြန်မာ့သစ်လုပ်ငန်းအနေနဲ့ အတတ်နိုင်ဆုံး သစ်ထုတ်လုပ်မှုတွေကို လျှော့ချဆောင်ရွက်နေရပြီး သစ်ခွဲသားရှားပါးနေတဲ့ကြားထဲကပဲ သစ်လုပ်ငန်းရှင်တွေအတွက် ဘယ်လိုဖြည့်ဆည်းဆောင်ရွက်ပေးရင် အဆင်ပြေနိုင်မလဲဆိုတာကို စဉ်းစားသုံးသပ်ပြီး ဆောင်ရွက်ပေးတာလည်း ဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးထွန်းထွန်းဦးက ပြောကြားသည်။

အဆိုပါသစ်လေလံရောင်းချမှုတွင် သစ်အခြေခံအသေးစား၊ အလတ်စားလုပ်ငန်းများ ဖြစ်သည့် ပန်းပု၊ ပရိဘောဂ၊ သစ်အချောထည် နှင့် သစ်စက်လုပ်ငန်းများပါဝင်ပြီး သစ်ရောင်းချပေးမည့် အစီအစဉ်ကို သစ်တောဦးစီးဌာန၊ စက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနတို့က ခွင့်ပြုပေးထားသည့် လုပ်ငန်းများကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အဓိကပြောချင်တာက တိုင်းအတွင်းမှာရှိတဲ့ အသေးစားအလတ်စား လုပ်ငန်းရှင်တွေ တိုင်းအတွင်းမှာလုပ်ငန်းလုပ်ပြီး တရားဝင်ကုန်ကြမ်းရရှိဖို့ ရည်ရွယ်တာဖြစ်တာကြောင့် အမှန်တကယ်သုံးစွဲ လုပ်ငန်းလုပ်ကိုင်ကြမယ်ဆိုမှသာ  ဝင်ရောက်ပြီးတော့ လေလံစွဲစေချင်တယ်။ ဘာလို့ဆိုရင် အမည်ပြောင်းတွေ ခွင့်မပြုထားလို့ပါ။ ဇန်နဝါရီလအတွင်း စတင်ဖို့ ရည်ရွယ်ထားပေမဲ့ လေလံပစ်ဖို့ သစ်လုံးစုပုံခြင်းလုပ်ငန်းများ လုပ်ဆောင်ရခြင်း၊ သစ်တောဖမ်းသစ်ခွဲသား စုပုံရခြင်းတွေကြောင့် ဇန်နဝါရီလထဲမှာ မစတင်နိုင်ခဲ့ပါဘူး။ ရောင်းချပေးသွားမယ့်ပုံစံကတော့ တစ်လကို သစ်တန် ၆၀၀ နှုန်းနဲ့ စီမံချက်ချထားပြီး ကိုးလအတွက် သစ်တန်ပေါင်း ၅၄၀၀ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ လာမယ့် ဖေဖော်ဝါရီ တတိယပတ်က စတင်ပြီး လေလံတင်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်ဟု မန္တလေးတိုင်းဒေသကြီး မြန်မာသစ်လုပ်ငန်းမှ လက်ထောက်အထွေထွေမန်နေဂျာ (ရောင်း/စက်) ဌာနမှူး ဒေါ်ခင်မေထူးက ပြောကြားသည်။

အဆိုပါသစ်အိတ်ဖွင့်အောင်မြင်သူသည် လေလံအောင်မြင်သည့် လုပ်ငန်းတည်နေရာ၌သာ ကုန်ကြမ်းအဖြစ်အသုံးပြုရမည်ဖြစ်ပြီး လေလံအောင်မြင်သူ အမည်ပြောင်းလဲခွင့်ပြုမည်မဟုတ်ကြောင်း လေလံစည်းကမ်းတွင် ထည့်သွင်းထားသည်။ လေလံပြေ စာသက်တမ်းမှာ တစ်နှစ်ဖြစ်ပြီး တစ်နှစ်ကျော်ပါက သက်တမ်းပထမခြောက်လ ထပ်မံ၍ ဒုတိယခြောက်လအထိ ပြည်တွင်းရောင်း/ စက် (ရုံးချုပ်) တွင် လျှောက်ထားရမည်။ ပြေစာသက်တမ်း နှစ်နှစ်ပြည့်ပြီး ထပ်မံသက်တမ်းတိုး လျှောက်ထားခြင်းအား မြန်မာ့သစ်လုပ်ငန်းနှင့် သစ်တောဦးစီးဌာနတို့က ပူးပေါင်းစစ်ဆေးပြီးမှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။              


READ NEXT
Cancel OK