Top News

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေကြောင်းကုန်စည် ပို့ဆောင်မှုများ ပြုလုပ်ရန် တည်ဆောက်နေသည့် အအေးခန်းပါ လေဆိပ်ကုန်သိုလှောင်ရုံ (Cargo Terminal) တည်ဆောက်မှု ယခုနှစ်ကုန်တွင် ပြီးစီးမည်
24htopnews | November 26, 2024 10:12 PM CST

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ တည်ဆောက်နေသည့် အအေးခန်းပါ လေဆိပ်ကုန်သိုလှောင်ရုံ တည်ဆောက်မှု ယခုနှစ်ကုန်တွင် ပြီးစီးနိုင်မည်ဖြစ်ပြီး Air Cargo လုပ်ငန်းများ စတင်ပြုလုပ်နိုင်မည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေကြောင်းကုန်စည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်နိုင်ရန် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်အား တာဝန်ယူ ဆောင်ရွက်နေသည့် MJAS (MC-Jalux Airport Service Co.,Ltd) မှ အအေးခန်းပါ Cargo Terminal အသစ်တစ်ခုအား တည်ဆောက်နေခြင်းဖြစ်သည်။

အဆိုပါ Cargo Terminal တည်ဆောက်မှုမှာ ယခု ၂၀၁၈ နှစ်ကုန်ပိုင်းတွင် ပြီးစီးနိုင်မည်ဖြစ်ပြီး Air Cargo လုပ်ငန်းများကို စတင် ပြုလုပ်နိုင်မည်ဖြစ်သည်။

“မန္တလေးလေဆိပ်မှာ တည်ဆောက်နေတဲ့ အအေးခန်းပါ Cargo Terminal တည်ဆောက်မှုက အခုနှစ်ကုန်ပိုင်းမှာ ပြီးစီးနိုင်မှာဖြစ်ပြီး Air Cargo လုပ်ငန်းများ စတင်ပြုလုပ်နိုင်မယ်လို့ မှန်းထားပါတယ်။ လက်ရှိမှာ Air Cargo လုပ်ငန်းလုပ်နိုင်တာ ရန်ကုန်လေဆိပ်မှာရှိတဲ့ (MCS) တစ်ခုတည်းရှိသေးတဲ့အတွက် မန္တလေးလေဆိပ်မှာ တည်ဆောက်နေတဲ့ Cargo Terminal တည်ဆောက်မှုပြီးရင်တော့ နိုင်ငံတကာလေဆိပ်နှစ်ခုမှာ Air Cargo လုပ်ငန်းတွေ လက်ခံ ဆောင်ရွက်ပေးနိုင်တော့မှာ ဖြစ်ပါတယ်” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သည် မြန်မာပြည်အလယ်ပိုင်း အချက်အချာကျသောနေရာတွင် တည်ရှိခြင်းကြောင့် မြန်မာပြည်အလယ်ပိုင်း၊ အထက်ပိုင်းနှင့် ရှမ်းပြည်နယ်တစ်ဝန်းမှ ထွက်ရှိသော သစ်သီးဝလံ၊ ပန်းမန်များနှင့် အထက်မြန်မာပြည်မှ အလတ်စား အသေးစား စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မြန်မာ့ဒေသထွက် လက်မှု/စက်မှု ထုတ်ကုန်ပစ္စည်းများကို အချိန်တိုအတွင်း တိုက်ရိုက်တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ နိုင်ငံတကာသို့ လေကြောင်းဖြင့် ကုန်စည်သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများကို ဝန်ဆောင်မှုပေးနိုင်သည်မှာ လက်ရှိတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ Mingalardon Cargo Services (MCS) တစ်ခုတည်းသာရှိပြီး မန္တလေးလေဆိပ်၌ MJAS Cargo Services (MCS) ထပ်မံဖွင့်လှစ်နိုင်ပါက အပြည်ပြည်ဆိုင်ရာလေဆိပ် သုံးခုရှိသည့်အနက် နှစ်ခုတွင် လေကြောင်းကုန်စည်သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများကို လက်ခံ ဆောင်ရွက်ပေးနိုင်မည်ဟု သတင်းရရှိသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ Mingalardon Cargo Services (MCS) သည် ထူးကုမ္ပဏီများအုပ်စု၏ စီးပွားရေး လုပ်ငန်းစုတစ်ခုဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK