စကားလုံးတွေဟာ မြစ်တစ်စင်းထဲကို ပြုတ်ကျသွားခဲ့တယ်။ ဒီစကားလုံးတွေကို တစ်စုံတစ်ယောက်က မြစ်ထဲကို ပစ်ချလိုက်တာလား ဒါမှမဟုတ် သူ့ဘာသာ ခုန်ဆင်းသွားခဲ့တာလား ဆိုတာကတော့ စဉ်းစားစရာပါပဲ။ စိတ်ဝင်စားဖို့ကောင်းတာက ဒီစကားလုံးတွေ တစ်နေရာတည်းမှာ ပေါင်းစည်းပြီး စာတစ်ပုဒ် ဖြစ်သွားနိုင်တယ် ဆိုတာပါပဲ။ ဖြစ်မဖြစ်ကတော့ မသေချာဘူး။ အခုထိတော့ စကားလုံးတွေက မြစ်ပြင်ကျယ်ထဲမှာ မျောနေတုန်းပဲ။
အဲဒီလိုမျောနေရင်းနဲ့ စကားလုံးတွေဟာ အတောင်တွေ ပေါက်လာတော့တယ်။ ဒီလိုနဲ့ စကားလုံး အစုအဝေးကြီးဟာ မြစ်ပြင်ကျယ်ထဲမှာ အတောင်တွေနဲ့ ရှုပ်ယှက်ခတ်နေတော့တယ်။ ခဏကြာတော့ စကားလုံးတွေဟာ တစ်နေရာကို ဦးတည်ပြီး ထွက်ခွာသွားကြတော့တယ်။ တချို့စကားလုံးတွေက စာအုပ်တစ်အုပ်ထဲကို ပျံသန်းသွားကြတယ်။ တချို့စကားလုံးတွေကတော့ မြစ်ရေပြင်အောက် ကြမ်းပြင်ဆီ ငုပ်လျှိုးသွားကြတယ်။
စာအုပ်ထဲရောက်သွားတဲ့ စကားလုံးတွေက ဝတ္ထုတစ်ပုဒ်ကို ကြိုးစားစီကုံးနေခဲ့တယ်။ သူတို့ စီကုံးနေမိတဲ့ ဝတ္ထုထဲက ဇာတ်ကောင်တွေဟာ လူအမျိုးမျိုးတွေ အတော်များများ ပါဝင်နေခဲ့တယ်။ တချို့ဇာတ်ကောင်တွေက ကောက်ပဲသီးနှံတွေ စိုက်ပျိုးနေကြပြီး ချွေးတလုံးလုံးနဲ့ နေ့စဉ်ဘဝတွေကို ဖြတ်ကျော်နေကြတယ်။ တချို့ဇာတ်ကောင်တွေက လေယာဉ်ပျံစီးသွားကြတယ်။ တချို့ဇာတ်ကောင်တွေက ရုပ်သံကြည့်ရင်း အိပ်ငိုက်နေကြတယ်။ တချို့ဇာတ်ကောင်တွေက သီချင်းအော်ဆိုနေကြတယ်။ တချို့ဇာတ်ကောင်တွေက တိုက်ပုံ အကျႌ တဖားဖားနဲ့ လမ်းသလားနေကြတယ်။ တချို့ဇာတ်ကောင်တွေက လမ်းမပေါ်မှာ လမ်းလျှောက်နေကြတယ်။ တချို့ဇာတ်ကောင်တွေက ဆိုင်တစ်ဆိုင်ထဲမှာ စကားတွေကို ငြင်းခုန်ပြောကြရင်း ဆူညံနေကြတယ်။ တချို့ဇာတ်ကောင်တွေက ဆေးလိပ်တွေကို ဖွာရှိုက်နေကြတယ်။ တချို့ဇာတ်ကောင်တွေက ခိုတွေကို အစာကျွေးနေကြတယ်။ တချို့ဇာတ်ကောင်တွေက တွေးချင်ရာတွေးပြီး ငေးချင်ရာငေးနေကြတယ်။ တချို့ဇာတ်ကောင်တွေက ကမ္ဘာကြီးကို ဟန်ချက်လွှဲဖို့ နျူကလီးယားလက်နက်ဆန်းတွေတွေကို တီထွင်နေတယ်။ တချို့ဇာတ်ကောင်တွေက ညစာစားပွဲတစ်ခုကို စားသောက်နေတယ်။ တချို့ဇာတ်ကောင်တွေက ကခုန်မြူးထူးနေတယ်။
ဒီလိုနဲ့ စကားလုံးတွေဟာ စာအုပ်ပေါ်မှာ အဲဒီဇာတ်ကောင်တွေကို သူ့နေရာနဲ့သူ နေရာချဖို့ ကြံစည်တွေးတော နေရတော့တယ်။ ဟိုဇာတ်ကောင်နဲ့ ဒီဇာတ်ကောင်နဲ့ တွဲလို့ အဆင်ပြေပါ့မလား။ ဒီဇာတ်ကောင်နဲ့ ဟိုဇာတ်ကောင် တွဲလို့ အဆင်ပြေပါ့မလားလို့ ချိန်ဆနေရတော့တယ်။ စကားလုံးတွေဟာ ဇာတ်ကောင်တွေကို ဖြစ်နိုင်ခြေအရှိဆုံး အခြေအနေကို စဉ်းစားပြီး လိုက်တွဲကြည့်သေးတယ်။ ဒါပေမဲ့ အဆင်မပြေဘဲ ဖြစ်နေခဲ့တယ်။ ဇာတ်ကောင်တွေကို တွဲလိုက်တိုင်းမှာ ပြဿနာဟာ တစ်ခုမဟုတ်တစ်ခု ဖြစ်လာနေခဲ့တယ်။ ရန်ဖြစ်တဲ့အခါ ထရန်ဖြစ်တယ်။ ပေါက်ကွဲတဲ့အခါ ထပေါက်ကွဲတယ်။ မီးထလောင်တဲ့အခါ လောင်နေတော့တယ်။
ဒီလိုနဲ့ စကားလုံးတွေဟာ အကြိမ်ကြိမ် အမျိုးမျိုးကြံဖန်ပြီး ကြိုးစားစီတယ်။ နေရာချတယ်။ ခေါင်းစဉ်ပေးရမဲ့နေရာမှာ ပေးတယ်။ အပိုဒ်ခွဲရမဲ့နေရာမှာ ခွဲတယ်။ အဆုံးသတ်ရမဲ့နေရာမှာ အဆုံးသတ်ကြည့်တယ်။ ဒီလိုနဲ့ အဆင်ပြေ အားရကျေနပ်သွားပြီဆိုတော့မှ ဇာတ်ကောင်တွေက ကရော်ချော်မယ် ဖြစ်လာခဲ့ပြန်တယ်။ စီကုံးထားသမျှ အကုန်ပြန့်ကျဲသွားပြန်တော့တယ်။ အစရှာမရသလို ဖြစ်သွားခဲ့ပြန်တယ်။ စကားလုံးတွေလည်း ကြာလာတော့ စိတ်ညစ်နွမ်းလာတော့တယ်။ ဝတ္ထုတစ်ပုဒ်ကို သူတို့စကားလုံးတွေနဲ့ ဘယ်လိုမှ တည်ဆောက်လို့မရတာကို အားမလို အားမရ နဲ့ စိတ်ထဲကသိကအောက်လည်း ဖြစ်လာပြန်တယ်။ ဒီလိုနဲ့ ဇွဲလျှော့လို့ မဖြစ်ဘူးလို့ ဆက်ကြိုးစားပြန်တယ်။ ဘယ်လိုပဲ အကြိမ်ကြိမ် ကြိုးစား ကြိုးစား ဘယ်လိုမှ အဆင်မပြေလာခဲ့ဘူး။ အဲဒီတော့ စကားလုံးတွေဟာ စဉ်းစားတွေးတော လာခဲ့ရတော့တယ်။ သူတို့တွေးမိတာက စကားလုံးအရေအတွက် မလုံလောက်လို့လား။ ဒါမှမဟုတ် နေရာကျအောင် မစီကုံးမိလို့လား ဆိုပြီး ဇဝေဇဝါ ဖြစ်လာခဲ့ပြန်တယ်။ ဒီလိုနဲ့ ကောက်ချက်တစ်ခုကို ချက်ချင်းချလိုက်တယ်။
အစီအစဉ်မကျတာတော့ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ အကြိမ်ကြိမ် ကြိုးစားခဲ့ပြီးတာကြောင့် ဖြစ်တယ်။ ဒါကြောင့်မို့ စကားလုံးအရေအတွက် လိုနေတာပဲဖြစ်လိမ့်မယ်လို့ ကောက်ချက်ချပြီး မြစ်ပြင်ကျယ်ထဲကို ပြန်ပြီး ပျံသန်းသွားဖို့ ဆုံးဖြတ်လိုက်တော့တယ်။ မြစ်ကြမ်းပြင်ဆီမှာ သူတို့လို စကားလုံးတွေ ငုပ်လျှိုးပြီး ရှိနေကြတယ်လေ။ အဲဒီလိုနဲ့ ပျံသန်းသွားလိုက်တာ မြစ်ပြင်ကျယ်ထဲကို ရောက်တော့ မြစ်ကြမ်းပြင်ဆီမှာ ငုပ်လျှိုးနေကြတဲ့ စကားလုံးတွေကို လှမ်းအော်ခေါ်ပြီး သူတို့နဲ့လိုက်ခဲ့ဖို့ အကူအညီတောင်းလိုက်တော့တယ်။
အဲဒီလို အကူအညီ တောင်းသံကြားတယ် ဆိုရင်ပဲ မြစ်ကြမ်းပြင်ဆီက စကားလုံးတွေက သူတို့ရှိနေတဲ့ မြစ်ကြမ်းပြင်အောက်ကို ငုပ်လျှိုးလာဖို့ကိုပဲ ပြန်တောင်းဆိုလိုက်တယ်။ ဝတ္ထုတစ်ပုဒ်စီကုံးချင်တဲ့ စကားလုံးတွေကလည်း သူတို့နဲ့လိုက်ပါ အကူအညီပေးဖို့ကိုပဲ ဆက်တိုက်တောင်းဆိုနေခဲ့တယ်။ မြစ်ကြမ်းပြင်အောက်က စကားလုံးတွေကလည်း သူတို့ရှိရာဆီ ငုပ်လျှိုးလာကြဖို့ပဲ ပြန်တောင်းဆိုနေတော့တယ်။ ဒီလိုနဲ့ အပြန်ပြန်အလှန်လှန် တောင်းဆိုနေကြရင်းနဲ့ အချိန်တွေဟာ ကုန်မှန်းမသိ ကုန်လာခဲ့တော့တယ်။ ကျိန်းသေတာက တစ်ဖက်ဘက်က အလျှော့ပေးရတော့မယ် ဆိုတာပါ။ ဒီလိုနဲ့ ဝတ္ထုစီကုံးမဲ့ စကားလုံးတွေက မြစ်ကြမ်းပြင်အောက်က စကားလုံးတွေကို ဘာလို့ သူတို့နဲ့ မလိုက်နိုင်တာလဲလို့ မေးခွန်းထုတ်လိုက်တော့တယ်။
အဲဒီအခါ မြစ်ကြမ်းပြင်ဆီက စကားလုံးတွေက သူတို့မှာလည်း အခက်အခဲတစ်ခု တွေ့နေလို့ သူတို့ဆီ လာဖို့လိုအပ်ကြောင်းကိုသာ လိုလားပါတယ်လို့ ပြန်တုန့်ပြန်လိုက်တော့တယ်။ ဝတ္ထုစီကုံးမဲ့ စကားလုံးတွေဟာ အဲဒီလိုသိလိုက်ရတော့ တွေဝေသွားခဲ့ရတယ်။ ငါတို့ ဘယ်လိုပဲ တောင်းဆိုတောင်းဆို သူတို့ကတော့ လာမှာမဟုတ်လောက်ဘူး။ သူတို့ကို အရင်ကူညီပြီးမှ ငါတို့ကို ကူညီဖို့ ပြန်ခေါ်လာရမယ်။ အဲဒါဆို နှစ်ဖက်စလုံးအဆင်ပြေတယ်။ အဲဒီတော့ ငါတို့ပဲအရင် မြစ်ကြမ်းပြင်ဆီ ငုပ်လျှိုးသွားတာပဲ ကောင်းတယ်လို့ ဆုံးဖြတ်လိုက်ကြတော့တယ်။ ဒီလိုနဲ့ ဝတ္ထုစီကုံးမဲ့ စကားလုံးတွေဟာ မြစ်ကြမ်းပြင်ဆီ ငုပ်လျှိုးသွားတော့တယ်။ မြစ်ကြမ်းပြင်ဆီရောက်တာ နဲ့ အံ့သြစရာတစ်ခုကို သူတို့ဟာ မြင်တွေ့လိုက်ရတော့တယ်။ မြစ်ကြမ်းပြင်အောက်မှာက ဘာစကားလုံးမှ မရှိဘူး။ ရှိနေတာတစ်ခုက ဝတ္ထုစာအုပ်တစ်အုပ်ပဲ ဖြစ်နေခဲ့တယ်။
-
မလေးရှားတွင် ဓားဒဏ်ရာ ၁၂ ချက်ဖြင့် ထိုးသတ်ခံရသည့် မြန်မာအမျိုးသမီးအမှုတွင် မြန်မာနိုင်ငံသား ငါးဦးကို ဖမ်းဆီးထား
-
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၇) သို့ တက်ရောက်ရန် ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်းကျောင်းသို့ သင်တန်းသားများ ရောက်ရှိ
-
လမ်းတံတား ဥပဒေပုဒ်မ ၂၂၊ ၂၃ ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဒေသခံများအမှုအား အာမခံ ပြင်ဆင်ချက် လျှောက်ထားမှု မန္တလေးခရိုင်တရားရုံးက ပယ်ချ
-
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေကြောင်းကုန်စည် ပို့ဆောင်မှုများ ပြုလုပ်ရန် တည်ဆောက်နေသည့် အအေးခန်းပါ လေဆိပ်ကုန်သိုလှောင်ရုံ (Cargo Terminal) တည်ဆောက်မှု ယခုနှစ်ကုန်တွင် ပြီးစီးမည်
-
စကားလုံးဝိ၀ါဒများ