ပြည်သူများက ဌာနဆိုင်ရာ ဝန်ထမ်းများကို ရွံကြောက်ကြောက်နေခြင်းသည် ပြည်သူဘက်ကို မျက်နှာမမူ၍ ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုဝင်ဘာ ၁၀ ရက် တွေ့ဆုံပွဲတွင် ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တိုင်းဒေသကြီး အတွင်းရှိ အထွေထွေ အုပ်ချုပ်ရေးမှူးများ အပါအဝင် ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ အစိုးရဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပဲခူးမြို့တော်ခန်းမတွင် နိုဝင်ဘာ ၁၀ ရက်က တွေ့ဆုံရာ၌ ၎င်းက ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မြေယာကိစ္စအချို့နှင့် ပတ်သက်၍ ဥပဒေကြောင်းအရ လေ့လာသည့်အခါ မူလပိုင်ရှင်အား မည်သည့်အခွင့်အရေးမှ မပေးထားကြောင်း၊ မူလပိုင်ရှင်၏ လယ်အား မြို့ပြအဖြစ် အကွက်ရိုက်သော်လည်း မူလပိုင်ရှင်အား တစ်စွန်းတစ်စ တစ်လက်မမျှ မြေယာမပေးဘဲ မူလပိုင်ရှင် ကပ်၍နေသည့် နေရာအား တစ်စုံတစ်ယောက်အား ဂရန်ထုတ်ပေးလိုက်သည့်အတွက် တရားသူကြီး အနေဖြင့်လည်း ဂရန်ရှိသူအား နိုင်စေဟု လုပ်မည်ဖြစ်ကြောင်း၊ မိမိသာ တရားသူကြီး ဖြစ်ပါကလည်း စာရွက်စာတမ်းကြည့်၍ နိုင်စေဟု လုပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စသည် မည်သူ့လက်ချက် ဖြစ်သနည်း၊ အုပ်ချုပ်ရေးမှူးများ အင်မတန် အရေးပါသည်ကို ပြောပြလိုခြင်း ဖြစ်ကြောင်း အဆိုပါ အခမ်းအနားတွင် ပဲခူတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောကြားသည်။
“ဒါကြောင့် ပြည်သူကို မျက်နှာမူဖို့။ Fair Management ဖြစ်ဖို့။ ဒါလေးတော့ ဖြစ်ဖို့လိုပါတယ်။ မှန်မှန်ကန်ကန်နဲ့ လူထုဘက်ကို မျက်နှာမူပြီးတော့ မြို့မြေကို သွတ်သွင်းတဲ့မြေတွေမှာ နိုင်ငံတော်ဝန်ထမ်း တစ်ယောက်ကို မပေးရဘူးဆိုတဲ့ ဥပဒေမရှိဘူး။ ပေးကိုပေးရမယ်။ အငြိမ်းစားဖြစ်တဲ့သူတွေ ပေးကိုပေးရမယ်။ လက်ရှိဝန်ထမ်းတွေ ပေးကိုပေးရမယ်။ သို့သော် မူလပိုင်ရှင်ကိုတော့ ပစ်ထားလို့မရဘူး။ မူလပိုင်ရှင်ကတော့ သူ့ကိုလည်း အတိုင်းအတာ တစ်ရပ်အထိ ခွဲခြမ်းစိတ်ဖြာ ပေးရမယ်။ ယနေ့ပြည်သူတွေ ဘာဖြစ်လို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို ရွံကြောက်ကြောက်သလဲဆိုတော့ ခုနက ကျွန်တော်ပြောသလိုပဲ ပြည်သူဘက်ကို မျက်နှာမမူကြလို့ ဖြစ်နေတာ။ ပြည်သူကိုသာ တစ်ချက်လောက်သာ မျက်နှာမူကြည့်လိုက်ပါ။ ခင်ဗျားတို့ကို ပန်းနဲ့ဆီးကြိုနေမယ့် သူချည်းပဲ။ လက်ဖက်သုပ်နဲ့ ချင်းသုပ်နဲ့ ခေါ်ကျွေးမယ့်လူတွေ။ အိမ်မှာ ထမင်းချက်စရာ မလိုဘူး။ ထမင်းခေါ်ကျွေးမယ့်လူတွေ အများကြီး။ အဓိက မှန်မှန်ကန်ကန် ကျွန်တော်တို့ အပိုအဆာ မလိုဘူး။ မှန်မှန်ကန်ကန်လေးပဲ အုပ်ချုပ်လိုက်။ ပြည်သူ့ဘက်ကို နည်းနည်းလေး မျက်နှာလှည့်ဖို့ လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီမိုကရေစီခေတ်ကို သွားနေတဲ့အခါမှာ တစ်ချိန်တုန်းက ခေတ်အလျောက် ပုတ်သင်ညိုလိုပဲ ကိုယ်ကပ်နေတဲ့ သစ်ပင်ဟာ အစိမ်းရောင် ဖြစ်နေရင် ပုတ်သင်ညိုကတော့ အစိမ်းနည်းနည်း ဆန်တာပေါ့။ ဒါပေမဲ့ သစ်ပင်က အနီရောင် ဖြစ်သွားရင်တော့ နည်းနည်းကိုယ့်အရောင်တော့ ပြောင်းတတ်အောင်တော့ လုပ်ရမှာပေါ့။ အခုကတော့ အရောင်မပြောင်းဘူး ဆိုရင်တော့ အဲဒီပုတ်သင်ညို လေးခွစာ မိဖို့တော့များတယ်။ ဒါလေးတော့ ကျွန်တော် ပြောချင်တယ်” ဟု ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောကြားသည်။
ယခုကဲ့သို့ တွေ့ဆုံပွဲ ပြုလုပ်ရခြင်းမှာ အုပ်ချုပ်ရေး လုပ်ငန်းများတွင် အချို့နေရာများ၌ ချွတ်ချော်မှုများ၊ အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ဆက်ဆံရေး ကဏ္ဍများကို မြှင့်တင်ဆောင်ရွက် လိုသည့်အတွက် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားသည်။
“အထူးသဖြင့်ကတော့ ၂၀၁၆ ခုနှစ် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်တဲ့ အပိုင်းမှာ ပုဒ်မ (၁၂/ဆ) ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စက ကျေးရွာအုပ်ချုပ်ရေးမှူးများက ဌာနဆိုင်ရာများနှင့် သော်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် သော်လည်းကောင်း ပူးပေါင်းဆောင်ရွက်ရမယ်။ အကြံဉာဏ် ယူရမယ်ဆိုတဲ့ အပိုင်းကဏ္ဍတွေ ပါပါတယ်။ ပါတဲ့အခါကျတော့ ကျွန်တော်တို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေသည် ရပ်ကွက်အုပ်ချုပ်ရေး ဒေသတွေဟာ အစိုးရအငယ်စား၊ အစိုးရအသေးစား၊ တစ်နည်းအားဖြင့် အသေးဆုံး ယူနစ်လေးတွေ ဖြစ်တဲ့အခါကျတော့ တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ကိုယ်နေထိုင်ရာမြို့ ရပ်ကွက်ပေါ့။ ဒီရပ်ကွက် အတွင်းမှာရှိတဲ့ တရားစီရင်ရေး ကိစ္စတွေကစလို့၊ တရားဥပဒေရေးဆိုင်ရာ ကိစ္စတွေကစလို့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စတွေ၊ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စ ဒါတွေကို ဆောင်ရွက်တဲ့နေရာမှာ လွှတ်တော် ကိုယ်စားလှယ်တော် ကြီးတွေနဲ့ အချိတ်အဆက် မမိတာလေးတွေ တွေ့ရတယ်။ မရှိတာတွေ့ရတယ်။ ဒါ ကို အချိတ်အဆက်ရှိရန် အလို့ငှာ ဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း လွှတ်တော်ကိုယ်စားလှယ်များရုံးတွေနဲ့ အဆက်အသွယ်ပြုနိုင်ရေး ဒီနေရာမှာ ဆော်သြလိုတဲ့အတွက် ကျွန်တော်တို့ ဒီလိုဆက်သွယ် ဆောင်ရွက်တဲ့နေရာမှာ မည်ကဲ့သို့ အခက်အခဲတွေ ရှိနိုင်သလဲ ဆိုတာကိုလည်း ဒီနေရာမှာ တစ်ခါတည်း ဆွေးနွေးနိုင်အောင်လို့ တွေ့ဆုံရတဲ့ အပိုင်းလည်း ဖြစ်ပါတယ်” ဟု ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်အတွင်း မြေစစ်အမှုတွဲပေါင်း ၁၀၉၈ မှုရှိပြီး ၇၅၂ မှု ကျန်ရှိနေသဖြင့် အများဆုံး ကျန်ရှိသည့် မြို့နယ်သုံးခုဖြစ်သည့် ပဲခူးမြို့နယ်တွင် ၅၃၇ မှု၊ ကျောက်တံခါးမြို့နယ်တွင် ၆၈ မှုနှင့် ဝေါမြို့ နယ်တွင် ၃၃ မှု အသီးသီး ကျန်ရှိနေသေးကြောင်း အချိန်မီပြီးစီးရေး သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်ပေးစေ လိုကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးအား နေပျော်ဖွယ် တိုင်းဒေသကြီးတစ်ခု ဖြစ်လာစေရေး အစိုးရနှင့် ပြည်သူ အတူယှဉ်တွဲ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားသည်။
ထို့နောက် ပဲခူးခရိုင်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်မှ တက်ရောက် လာကြသူများက အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ အသီးသီး တင်ပြဆွေးနွေးရာ ဝန်ကြီးချုပ်က ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း သိရသည်
-
တရုတ်နိုင်ငံက JMC သို့ အမေရိကန်ဒေါ်လာ သုံးသိန်း လာရောက်လှူဒါန်း ခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက်အားပေး ထောက်ခံကြောင်း အာရှရေးရာ အထူးကိုယ်စားလှယ် ပြောကြား
-
ပြည်သူများက ဌာနဆိုင်ရာ ဝန်ထမ်းများကို ရွံကြောက်ကြောက်နေခြင်းသည် ပြည်သူဘက်ကို မျက်နှာမမူ၍ ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား
-
ကချင်ပြည်နယ် တရုတ်တစ်ရှူးငှက်ပျောခင်းများတွင် အလုပ်သမားများ ပြဿနာဖြစ်ပွားပါက တာဝန်ခံ တာဝန်ယူပြီး မျှတစွာ ဖြေရှင်းသည့်အဖွဲ့မရှိဖြစ်နေ
-
မိုးနဲမြို့တွင် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် ညွှန်ကြားချက် အချိန်မီ ထုတ်ပြန်ခြင်း မရှိသဖြင့် စေတီတစ်ဆူ ဖြိုဖျက်ခံရမှုဖြစ်ပွား
-
မဟာအောင်မြေမြို့နယ်တွင် သိမ်းဆည်းယာမြေအတွင်း ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) က အဆောက်အအုံ ဆောက်လုပ်ရန် ခြံစည်းရိုးကာရံစဉ် တောင်သူအချို့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး တောင်သူခြောက်ဦး ဖမ်းဆီးခံရ