မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျက်မှော် အနောက်ရပ်ကွက်ရှိ ကွင်းအမှတ် ၃၇၀၊ ဦးပိုင် (၁)မှ ယာမြေများကို ၁၉၉၅ ခုနှစ် မန္တလေးမြို့ပတ်လမ်း ဖောက်လုပ်စဉ်က သိမ်းဆည်းခဲ့သော ယာမြေများပေါ်၌ ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) က ရုံးအဆောက်အအုံ ဆောက်လုပ်ရန်အတွက် နိုဝင်ဘာ ၁၀ ရက် နံနက် ၇ နာရီခန့်က ခြံစည်းရိုးကာရံခဲ့ရာ အဆိုပါ ယာမြေများပေါ်တွင် ထွန်ယက်လုပ်ကိုင်နေသည့် တောင်သူအချို့နှင့် ရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး တောင်သူခြောက်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။
မဟာအောင်မြေမြို့နယ် သံလျက်မှော် အနောက်ရပ်ကွက်ရှိ ကွင်းအမှတ် ၃၇၀၊ ဦးပိုင် (၁) မှ ယာမြေဧက နှစ်ဧကကျော်အတွင်း ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) က ၎င်းတို့အား အဆောက်အအုံ တည်ဆောက်ရန် အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ချထားသည့် မြေနေရာအတွင်းသို့ ခြံစည်းရိုးကာရံခဲ့ရာ ယခင်မူလ မြေပိုင်ဆိုင်သည် ဟုဆိုသည့် တောင်သူအချို့က ဝင်ရောက်တားဆီးရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး တားဆီးမှုများ ပြုလုပ်ခဲ့သည့် တောင်သူခြောက်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။ အဆိုပါ အငြင်းပွားယာမြေမှာ မူလလုပ်ကိုင်ခဲ့ကြသည် ဟုဆိုသည့် တောင်သူများက မြေယာပိုင်ဆိုင်မှု အထောက်အထား စာရွက်များဖြင့် သက်ဆိုင်ရာဌာန အသီးသီးသို့ ကန့်ကွက်တင်ပြ တိုင်ကြားထားကြောင်း သိရသည်။
“ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) အနေနဲ့ ပေါ်တော်မူဘုရားဘေးမှာရှိတဲ့ မြေကွက် ၂ ဒသမ ၅၆၅၈ ဧကကို ဒီနေ့မှာ ခြံစည်းရိုးခတ်တာဟာ ပိုင်စိုးပိုင်နင်းလုပ်တာ မဟုတ်ပါဘူး။ အစကတည်းက အစိုးရကနေပြီး စနစ်တကျနဲ့ ချထားပေးပြီးသားဖြစ်တဲ့ ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) ရဲ့အမည်ပေါက်မြေပဲ ဖြစ်ပါတယ်။ မြေယာပိုင်ဆိုင်ခွင့်နဲ့ အဆောက်အအုံ ဆောက်လုပ်ခွင့်အတွက် ကျွန်တော်တို့အနေနဲ့ စနစ်တကျ တင်ပြတောင်းခံခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လက်ဝယ်မှာ အားလုံးအထောက်အထားတွေ အပြည့်အဝရှိပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် မဖြစ်သင့်တာ၊ မကျူးလွန်သင့်တာကို မလုပ်ကြဖို့ ပြောလိုပါတယ်။ ကျွန်တော်တို့ ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေပြီး စနစ်တကျနဲ့ ချထားပေးထားတာ ဖြစ်ပါတယ်။ ခြံစည်းရိုးကာရံရာမှာ ကျွန်တော်တို့ကို မနှောင့်ယှက်ကြဖို့ အသိပေး ပြောကြားခြင်းတွေ ပြုလုပ်ထားပါတယ်။ မနှောင့်ယှက်ဖို့ ပြောထားပေမယ့် ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေကို ကိုယ်ထိလက်ရောက် နှောင့်ယှက်တာတွေ ရှိလာပါတယ်။ ဒါကြောင့် လုံခြုံရေးရယူပေးနေတဲ့ အမှတ်(၇) ရဲစခန်းကနေပြီးတော့ ခေါ်ဆောင်သွားတာပဲ ဖြစ်ပါတယ်။ အမှုဖွင့်ဖို့ အတွက်ကတော့ ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ ဆောင်ရွက်သွားမှာပါ။ သူတို့ဘက်က ကျွန်တော်တို့ စိုက်ထူထားတဲ့ ရေကြောင်းရဲတပ်ဖွဲ့ ဆိုင်းဘုတ်တွေ ဖျက်ဆီးတာ၊ ခြံစည်းရိုးကို ဆွဲဖျက်တာ၊ တပ်ဖွဲ့ဝင်တွေကို ကိုယ်ထိလက်ရောက် လုပ်ဆောင်တာကြောင့် အဲဒီသက်ဆိုင်တဲ့ဥပဒေနဲ့ အမှုဖွင့်သွားမှာ ဖြစ်ပါတယ်” ဟု ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) မှ ဒုတိယရဲမှူးကြီး အောင်ဇော်မြင့်က ပြောကြားသည်။
ရုန်းရင်းဆန်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့ပြီး အဆိုပါ ရုန်းရင်းဆန်ခတ်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ မဟာအောင်မြေမြို့နယ် အမှတ်(၇)ရဲစခန်းက တောင်သူခြောက်ဦးကို ဖမ်းဆီးကာ (ပ) ၇၆၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄၊ ၃၃၂၊ ၄၄၀ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ယင်းအငြင်းပွား မြေနေရာဖြစ်သည့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက် ချော်ဆိပ်ရပ်ရှိ ကွင်းအမှတ် (၃၇၀)၊ ဦးပိုင်(၁)မှ ယာမြေဧက ၁၀ ဒသမ ၅၀ ဧကအား ၁၉၉၅ ခုနှစ် မန္တလေးမြို့ပတ်လမ်း စီမံကိန်း ဖောက်လုပ်စဉ်က သိမ်းဆည်းခဲ့ကြောင်း၊ ထိုသို့ စီမံကိန်းဖော်ဆောင်ပြီးနောက် ယာမြေဧက ၅ ဒသမ ၀၀ ဧကမှာ လစ်လပ်ပိုလျှံလျက် ရှိနေသဖြင့် မူလပိုင်ဆိုင်သည့် တောင်သူများကို ပြန်လည်လုပ်ကိုင်ခွင့် ပြုပေးရန်အတွက် ၂၀၁၃ ခုနှစ်မှစ၍ သက်ဆိုင်ရာဌာန အသီးသီးသို့ တင်ပြလျှောက်ထားခဲ့ကြောင်း၊ အဆိုပါ သိမ်းဆည်းခံခဲ့ရသည့် ယာမြေများမှာ တောင်သူဦးပေါက်စ မိသားစုတို့ ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်လာခဲ့ကြပြီး မြေယာပိုင်ဆိုင်ကြောင်း အထောက်အထား စာရွက်များဖြင့် တင်ပြခဲ့ကြောင်း၊ ထိုသို့ တင်ပြတိုင်ကြား ခဲ့သော်လည်း ထူးခြားမှု မရှိသဖြင့် ၂၀၁၆ ခုနှစ်တွင် အဆိုပါ ယာမြေများတွင် ဝင်ရောက် ထွန်ယက် စိုက်ပျိုးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ဝင်ရောက်ထွန်ယက် လုပ်ကိုင်ခဲ့ရာ ရေကြောင်း ရဲတပ်ဖွဲ့က အဆိုပါ မြေနေရာမှာ ရဲတပ်ဖွဲ့အတွက် အဆောက်အအုံ ဆောက်လုပ်မည့် မြေနေရာ ဖြစ်ကြောင်း ပြောဆို၍ ထွန်ယက်စိုက်ပျိုးနေသည့် ဒေသခံတောင်သူများအား ကျူးကျော်ဝင်ရောက်သည် ဟုဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၄၇ ဖြင့် ၂၀၁၆ ခုနှစ် အောက်တိုဘာတွင် ဒေသခံတောင်သူ ဦးပေါက်စနှင့် တောင်သူနှစ်ဦး၊ မြေယာအရေး တက်ကြွလှုပ်ရှားသူ သုံးဦးအား ဒုရဲမှူးဝေလင်းက တရားလိုပြုလုပ် အမှုဖွင့် တရားစွဲဆိုခဲ့ကြောင်း၊ ယင်းနောက် ၂၀၁၇ ခုနှစ်တွင် အဆိုပါ ရေကြောင်းရဲတပ်ဖွဲ့ကပင် တောင်သူမိသားစုဝင် ငါးဦးနှင့် ထွန်စက်မောင်း တစ်ဦးတို့ကို ရာဇသတ်ကြီးပုဒ်မ ၄၄၇ ဖြင့် ထပ်မံတရားစွဲဆို ခဲ့သဖြင့် မဟာအောင်မြေမြို့နယ် တရားရုံးတွင် ပုဒ်မတစ်ခု အမှုပေါင်းနှစ်မှုဖြင့် အမှုရင်ဆိုင်ခဲ့ရကြောင်း မြေယာမှုခင်းဖြစ်စဉ် တိုင်ကြားချက်များအရ သိရသည်။ အဆိုပါ ရေကြောင်းရဲတပ်ဖွဲ့က ရာဇသတ်ကြီးပုဒ်မ ၄၄၇ ဖြင့် စွဲဆိုထားသည့် အမှုနှစ်မှုနှင့် ပတ်သက်၍ အောက်တိုဘာ ၂၆ ရက်က မဟာအောင်မြေမြို့နယ် တရားရုံးက အပြီးသတ်စီရင်ချက် ချမှတ်ပေးခဲ့ရာ ရာဇသတ်ကြီးပုဒ်မ ၄၄၇ ဖြင့် စွဲဆိုထားမှုမှာ ပြစ်မှုထင်ရှားခြင်း မရှိသဖြင့် စွပ်စွဲခံထားရသူများ အားလုံးကို မဟာအောင်မြေမြို့နယ် တရားသူကြီးက အမှုမှ အပြီးပြတ် လွှတ်ကြောင်း အမိန့်ချမှတ်ခဲ့သည်။
ထိုကဲ့သို့ မဟာအောင်မြေမြို့နယ် တရားရုံးက ဒေသခံ တောင်သူများအပေါ် စွဲဆိုထားသည့်ပြစ်မှုမှ အပြီးပြတ် လွှတ်ပေးခဲ့ပြီးနောက် ရက်သတ္တနှစ်ပတ်ခန့်အကြာတွင် ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) က ယင်းမြေနေရာပေါ်တွင် ရုံးအဆောက်အအုံ တည်ဆောက်ရန် ခြံစည်းရိုးကာရံမှု စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
-
တရုတ်နိုင်ငံက JMC သို့ အမေရိကန်ဒေါ်လာ သုံးသိန်း လာရောက်လှူဒါန်း ခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက်အားပေး ထောက်ခံကြောင်း အာရှရေးရာ အထူးကိုယ်စားလှယ် ပြောကြား
-
ပြည်သူများက ဌာနဆိုင်ရာ ဝန်ထမ်းများကို ရွံကြောက်ကြောက်နေခြင်းသည် ပြည်သူဘက်ကို မျက်နှာမမူ၍ ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား
-
ကချင်ပြည်နယ် တရုတ်တစ်ရှူးငှက်ပျောခင်းများတွင် အလုပ်သမားများ ပြဿနာဖြစ်ပွားပါက တာဝန်ခံ တာဝန်ယူပြီး မျှတစွာ ဖြေရှင်းသည့်အဖွဲ့မရှိဖြစ်နေ
-
မိုးနဲမြို့တွင် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် ညွှန်ကြားချက် အချိန်မီ ထုတ်ပြန်ခြင်း မရှိသဖြင့် စေတီတစ်ဆူ ဖြိုဖျက်ခံရမှုဖြစ်ပွား
-
မဟာအောင်မြေမြို့နယ်တွင် သိမ်းဆည်းယာမြေအတွင်း ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) က အဆောက်အအုံ ဆောက်လုပ်ရန် ခြံစည်းရိုးကာရံစဉ် တောင်သူအချို့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး တောင်သူခြောက်ဦး ဖမ်းဆီးခံရ