Top News

မိုးနဲမြို့တွင် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် ညွှန်ကြားချက် အချိန်မီ ထုတ်ပြန်ခြင်း မရှိသဖြင့် စေတီတစ်ဆူ ဖြိုဖျက်ခံရမှုဖြစ်ပွား
24htopnews | November 26, 2024 6:12 AM CST

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့တွင် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် ညွှန်ကြားချက် အချိန်မီ ထုတ်ပြန်ခြင်း မရှိသဖြင့် နိုဝင်ဘာ ၉ ရက်တွင် စေတီတစ်ဆူ ဖြိုဖျက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း မိုးနဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမွန်းလိန်က ပြောကြားသည်။

ထို့ပြင် မိုးနဲမြို့နယ်အတွင်းရှိ ရေထွက်ပေါက်များကို မဖျက်ဆီးရန် ဒေသန္တရအမိန့် ထုတ်ပြန်ထားသော်လည်း လိုက်နာခြင်း မရှိဘဲ အားနည်းနေကြောင်း၊ စည်းကမ်းချိုးဖောက်မှုများကို အရေးယူခြင်း အားနည်းနေကြောင်း တို့ကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်ထံ တင်ပြထားကြောင်း ဦးစိုင်းမွန်းလိန်က ပြောကြားသည်။

“မိုးနဲမြို့ကို ရှေးဟောင်းမြို့အဖြစ် ပြန်လည်သတ်မှတ်ဖို့ သမ္မတဆီ တင်ထားတာလေ။ ဒီနေ့မှာ စေတီတစ်ဆူကို ဖျက်လိုက်တာဗျ။ သူတို့ကတော့ ပြိုတယ်လို့ ပြောတာပေါ့။ နောက်တစ်ခုကလည်း စေတီက မင်းလမ်းနဲ့လည်း ဝေးနေတယ်။ ကြားတာကတော့ ဖျက်တဲ့သူက တရုတ်ပေါ့။ သူက ထွက်ပြေးပြီလို့ ပြောတယ်။ အဲဒါ သူ့အိမ်ဝိုင်းထဲမှာ ဘယ်သူပေးထားလဲ မသိဘူး။ သာသနာရေးကိုလည်း မပြောဘူး။ သံဃနာယကကိုလည်း အကြောင်းမကြားဘူး။ ပြီးတော့လည်း မြေစစ်ကော်မတီမှာ ဝန်ကြီးချုပ်နဲ့ ထွေအုပ်ပြည်နယ်မှူး တို့ကိုလည်း ရှင်းပြတယ်။ ရေထွက်မှာ ဒေသန္တရအမိန့် ထုတ်ထားတယ်။ တကယ်လို့ တစ်ခုခု လုပ်မယ်ဆိုရင် စိုက်ပျိုးရေးက လွဲပြီးတော့ ဘာမှလုပ်လို့ မရဘူးဆိုတာ။ မနေ့က ရေထွက်ပေါက်တွေမှာ သဲနဲ့မြေဖို့တာပေါ့။ အဲဒီကိစ္စတွေရော ဝန်ကြီးချုပ်နဲ့ ထွေအုပ်ကို တင်ပြတယ်။ ဒီကိစ္စကို ဖြစ်နိုင်ရင် သမ္မတကို သိစေချင်တယ်။ အခုလောလောဆယ်တော့ ဖျက်လိုက်တာ တစ်ဆူပါပဲ။ Procedure မှားနေတယ်။ အခု ကျွန်တော် တင်ထားပြီးတော့ ရှေးဟောင်းသုတေသနနဲ့ ဟိုတယ်နဲ့ ခရီးသွား လာစစ်တယ်။ ညွှန်မှူးကိုယ်တိုင် လာစစ်တယ်။ ထွေအုပ်ကလည်း စေတီပုထိုးတွေ ဘယ်နှစ်ဆူရှိတယ်ဆိုတာ စာရင်းလိုက်ကောက်ရုံပဲ။ ဒါပေမဲ့ စေတီရှိနေတာကို ညွှန်ကြားစာဖြစ်ဖြစ်ပေါ့။ မဖြိုဖို့ မဖျက်ဖို့ ဒီကိစ္စကို စာမထုတ်ဘူး။ တကယ်ဖြစ်သင့်တာက ကာကွယ်ဖို့ အရင်လုပ်ရမှာပေ့ါ။ စာရင်းတွေ အရင်လိုက်ကောက်တာပဲ ရှိနေတယ်။ ကျွန်တော်ကတော့ ရေထွက်ပေါက်နဲ့ ရှေးဟောင်းစေတီ ပုထိုးတွေကို မဖျက်ဆီးစေချင်ဘူးနော်။ အဲဒါ အဓိက အကြောင်းရင်းပဲ” ဟု မိုးနဲမြို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမွန်းလိန်က ပြောကြားသည်။

ရှမ်းပြည်တောင်ပိုင်းရှိ ရှမ်းပုဂံဟု တင်စားခေါ်ဝေါ်ကြရသော ဘုရားစေတီတော်ပေါင်း မြောက်မြားစွာ တည်ရှိသည့် မိုးနဲမြို့ကို ရှေးဟောင်းသမိုင်းဝင်မြို့အဖြစ် အသိအမှတ်ပြုပေးခြင်းနှင့် ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်သောမြို့အဖြစ် ကူညီဆောင်ရွက်ပေးရန် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် မိုးနဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဦးစိုင်းမွန်းလိန်က ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေထံ ဇွန် ၁၉ ရက် နေ့စွဲပါစာဖြင့် တင်ပြခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူက ကွင်းဆင်းစစ်ဆေးခဲ့သည်ဟု ရှမ်းပြည်နယ်လွှတ်တော် မိုးနဲမြို့နယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမျိုးမြင့်က ပြောကြားသည်။\

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင်ရှိ လင်းခေးမြို့နှင့် မိုးနဲမြို့တွင် တည်ရှိသော ရှေးဟောင်းစေတီ ပုထိုးများသည် တဖြည်းဖြည်း ပျက်စီးလာကြသဖြင့် အမြန်ဆုံး ပြုပြင်ထိန်းသိမ်းရန် လိုအပ်ကြောင်း ဒေသခံများက ပြောကြသည်။

ရှမ်းပြည်နယ်တွင် နိုင်ငံခြားသား ခရီးသွားများ ဝင်ရောက်ခွင့်မပြုသော မြို့များစွာ ကျန်ရှိနေခြင်းဖြစ်ကာ ပင်လုံမြို့ကိုပင် နိုင်ငံခြားသားများ လာရောက်လည်ပတ်ခွင့် မရှိဘဲ နေ့ချင်းပြန်စနစ်ဖြင့် လည်ပတ်ခွင့်သာ ရှိကြောင်း၊ အကယ်၍ ရှမ်းပြည်နယ် အတွင်းရှိ မြို့များသို့ နိုင်ငံခြားသားများ လည်ပတ်နိုင်စေရန်အတွက် ရှမ်းပြည်နယ် အစိုးရထံ စာဖြင့်တင်ပြ၍ ခွင့်ပြုချက် တောင်းခံမှသာ လည်ပတ်ခွင့် ရရှိကြောင်း သိရသည်။

 


READ NEXT
Cancel OK