နိုင်ငံ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှုအပေါ် နည်းလမ်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်လာမှုများကို ဖော်ထုတ် အရေးယူရမည် ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်အုပ်ချုပ်ရေးကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ သို့မဟုတ် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းက ကျင်းပရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက တက်ရောက် အမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက “နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းရန် လိုအပ်ကြောင်း၊ နိုင်ငံတော်မှပေးသည့် လစာနှင့် ခံစားခွင့်များကို ရယူထားပြီး နိုင်ငံရေး ဆောင်ရွက်၍ မရပါကြောင်း၊ မိမိတို့ နိုင်ငံထက် ဒီမိုကရေစီ ပိုမိုရင့်ကျက်သည့် နိုင်ငံများတွင်လည်း ဒီမိုကရေစီနိုင်ငံရေး ယဉ်ကျေးမှုအရ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခြင်း မရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့ နှစ်သက်သည့် ပါတီများကို လွတ်လပ်စွာ မဲပေးနိုင်သော်လည်း လုပ်ငန်းတာဝန် ထမ်းဆောင်နေသည့် အချိန်တွင် နိုင်ငံရေး ပါဝင်ဆောင်ရွက်၍ မရကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှုအပေါ် နည်းလမ်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်လာမှုများကို ဖော်ထုတ်အရေးယူရမည် ဖြစ်ကြောင်း”မှာကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စီမံအုပ်ချုပ်ရေးကောင်စီများ ဖွဲ့စည်း၍ တာဝန်ပေးအပ်ရာတွင် ဒေသက ကြည်ညိုလေးစားခြင်းခံရပြီး မိမိတို့၏ ဒေသအကျိုး စွမ်းဆောင်နိုင်မည့်သူ၊ အတွေ့အကြုံရှိသူ၊ အုပ်ချုပ်နိုင်စွမ်းရှိသူ၊ ဦးဆောင်နိုင်စွမ်းရှိသူ၊ ပေးအပ်သည့် တာဝန်ကို ယုံယုံကြည်ကြည်ဖြင့် ထမ်းဆောင်နိုင်မည့် သူများကိုသာ တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရသည် မူဝါဒများ ချမှတ်ပေးရမည်ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများက ဒေသ တိုးတက်အောင်၊ အောက်ခြေရှိ ပြည်သူများ၏ လူမှုစီးပွားဘဝကို အဆင်ပြေအောင် အနီးကပ်ဆုံး ဆောင်ရွက်ပေးရမည့် အဖွဲ့များဖြစ်ကြောင်း၊ လူဦးရေစာရင်းများ မှားယွင်းခဲ့သည့်အတွက် ယခုဖွဲ့စည်းပေးလိုက်သည့် ကောင်စီအဆင့်ဆင့်တွင် လူဝင်မှုကြီးကြပ်ရေးမှ တာဝန်ရှိသူများကို ထည့်သွင်း ဖွဲ့စည်းထားကြောင်း၊ စာရင်းများ မှန်ကန်မှုရှိစေရန် ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပြုထားကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရွေးကောက်ပွဲအတွက် လိုအပ်သည့် မဲစာရင်းများ မှန်ကန်မှုရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သန်းခေါင်စာရင်း မှန်ကန်စွာ ရရှိရေးနှင့် မှတ်ပုံတင်များ ရရှိရေး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် လိုကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေးအတွက် နှစ်နိုင်ငံ သဘောတူညီချက်များနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေတို့နှင့်အညီ ရပ်တည် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြည်ထောင်စုနေ့ အခမ်းအနား အပါအဝင် သက်ဆိုင်ရာ နေ့ထူးနေ့မြတ်များတွင် ကျင်းပလေ့ရှိသည့် အခမ်းအနားများကို ပုံမှန်အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပရန်နှင့် အခမ်းအနားများ ကျင်းပရာတွင် COVID-19 စည်းကမ်းချက်များကိုလည်း လိုက်နာ ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
ညှိနှိုင်းအစည်းအဝေးသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အတူ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခင်မောင်ဦး (ခ) ဘူးရယ်၊ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတဲရင့်စ်စမွိုင်းနီခွဲ၊ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်၊ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို၊ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ဌေး၊ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်း၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တားသိန်းဇော်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့် ဆွေ၊ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်တို့ တက်ရောက်ကြကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
-
ဇွဲကပင်တောင်တက်လမ်းခုလတ်တွင် ပျောက်ဆုံးခဲ့သည့် လူငယ်တစ်ဦးအား တောင်ခြေတွင် အသက်ရှင်လျက်ပြန်လည်တွေ့ရှိ
-
သောင်ရင်းမြစ်ကို ဖြတ်ကာ မြန်မာဘက်မှ ထိုင်းဘက်သို့ ဝင်ရောက်လာသည့် နိုင်ငံခြားသား ၃၉ ဦးကို ထိုင်းတာဝန်ရှိသူများက နေရပ်ပြန်ပို့မည်ဟုဆို
-
နေပြည်တော် သပြေကုန်းအဝိုင်းအနီး ဆန္ဒပြသူများအား ပစ်ခတ်ဖြိုခွဲမှုတွင် ဒဏ်ရာရရှိသူများအနက် အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေရှိ
-
နိုင်ငံ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှုအပေါ် နည်းလမ်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်လာမှုများကို ဖော်ထုတ် အရေးယူရမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား
-
မန္တလေးမြို့တွင် ဆန္ဒထုတ်ဖော်နေသူများအား ရဲတပ်ဖွဲ့က စတင်ဖမ်းဆီးရာ ယမန်နေ့ ညနေပိုင်းအထိ ဖမ်းဆီးခံရသူ ၇၀ ဝန်းကျင်ရှိခဲ့