Top News

အီစတာ တိုက်ခိုက်မှုများအား စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်ပြီး သီရိလင်္ကာသမ္မတက ထောက်လှမ်းရေး အကြီးအကဲကို ထုတ်ပယ်ခဲ့
24htopnews | November 23, 2024 10:12 AM CST

သီရိလင်္ကာသမ္မတက ထောက်လှမ်းရေး အကြီးအကဲကို ရာထူးမှထုတ်ပယ်ခဲ့ ကြောင်း၊  အီစတာပွဲတော်နေ့ အသေခံဗုံးခွဲ တိုက်ခိုက်မှုတွင် လုံခြုံရေးသတိလစ်ဟင်းမှုများနှင့်ပတ်သက်ပြီး ပါလီမန်ဆိုင်ရာစုံစမ်း စစ်ဆေးမှုတွင် သမ္မတက ပူးပေါင်းဆောင်ရွက်မည် မဟုတ်ကြောင်း တာဝန်ရှိသူများက ဇွန် ၈ ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံခြားသား ၄၅ ဦးအပါအဝင် လူ ၂၅၈ ဦး သေဆုံးပြီး ၅၀၀ ခန့်ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဧပြီ ၂၁ ရက်နေ့ တိုက်ခိုက်မှုများကို စုံစမ်းစစ်ဆေးမည့် ပါလီမန်ဆိုင်ရာ လက်ရွေးစင်ကော်မတီကို ကန့်ကွက်ရန် သမ္မတ မေသရီပါလာသီရိသေနာက ဇွန် ၇ ရက် ည ပိုင်းတွင် အစိုးရအဖွဲ့ အရေးပေါ်အစည်း အဝေးတစ်ခုဆင့်ခေါ်ခဲ့သည်။

နိုင်ငံတော်လုံခြုံရေးအကြီးအကဲ Sisira Mendis က ပြီးခဲ့သည့် သီတင်းပတ် စုံစမ်းမေးမြန်းမှုတွင် ယင်းတိုက်ခိုက်မှုများအား ရှောင်လွှဲ၍ ရနိုင်ကြောင်း သက်သေ ထွက်ဆိုခဲ့ပြီးနောက် ရာထူးမှထုတ်ပယ်ခံ ခဲ့ရခြင်းဖြစ်သည်။

ဟိုတယ်သုံးခုနှင့် ခရစ်ယာန်ဘုရားကျောင်း သုံးခုကို ဗုံးခွဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည့် အစ္စလာမ္မစ်အစွန်းရောက်များထံမှ ခြိမ်းခြောက်မှုကို ချင့်ချိန်ဆုံးဖြတ်ရန်အတွက် သမ္မတက ပုံမှန်လုံခြုံရေး အစည်းအဝေးပြုလုပ်ရန် ပျက်ကွက်ခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။

လုံခြုံရေးအကြီးအကဲကို ရာထူးမှထုတ်ပယ်ခဲ့မှုအတွက် သမ္မတရုံးက အကြောင်းပြချက် မပေးခဲ့ပေ။ တရားရုံးတွင် သက်သေထွက်ဆိုနေစဉ် ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်မှုကို သမ္မတ၏အမိန့်အရ ရပ်ဆိုင်းခဲ့သည်ဟု  အစိုးရသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ကော်မတီရှေ့မှောက်တွင် ရဲတပ်ဖွဲ့၊ စစ်တပ်နှင့်ထောက်လှမ်းရေးအဖွဲ့ဝင်တို့ သက်သေထွက်ဆိုမှုကို  သမ္မတက ခွင့်မပြုခဲ့ဟု ဝန်ကြီးအဆင့်သတင်းရင်းမြစ်တစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

အစိုးရအဖွဲ့အစည်းအဝေးသည်  ပါလီမန်စုံစမ်းစစ်ဆေးမှုကို ရပ်ဆိုင်းမည်၊ မရပ်ဆိုင်းမည်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းမရှိဘဲ မရေမရာနှင့်အဆုံးသတ်ခဲ့သည်ဟု ယင်းသတင်းရင်းမြစ်က ပြောကြားခဲ့သည်။

ယင်းအစည်းအဝေးနှင့်ပတ်သက်ပြီး သမ္မတရုံးက မှတ်ချက်မပေးခဲ့သော်လည်း တာဝန်ထမ်းဆောင်နေသည့် မည်သည့်ဝန်ထမ်းကိုမဆို သက်သေထွက်ဆိုရန် ခွင့်ပြုမည်မဟုတ်ဟု  သမ္မတသီရိသေနာက  ဇွန် ၇ ရက်တွင် အကြီးတန်း အရာအရှိများကို ပြောကြားခဲ့သည်။

ကာကွယ်ရေး ဦးစီးချုပ်လည်းဖြစ်သည့်  သမ္မတသည် အီစတာပွဲတော်နေ့ဗုံးခွဲ တိုက်ခိုက်မှုနှင့်ပတ်သက်သည့် ထောက်လှမ်းရေး သတိပေးချက်များကို ကိုင်တွယ်ဖြေရှင်းမှုတွင် မှန်ကန်သည့် လုပ်ထုံးလုပ်နည်းများကို လိုက်နာခဲ့ခြင်းမရှိဟု သီရိသေနာ၏ ကာကွယ်ရေးဝန်ကြီးနှင့် ရဲအရာရှိချုပ်က အရိပ် အမြွက်ပြောကြားခဲ့သည်။

ဖြစ်အံ့ဆဲဆဲခြိမ်းခြောက်မှုကို သိရှိခဲ့ခြင်းမရှိဟု သမ္မတ သီရိသေနာက အကြိမ်ကြိမ် ငြင်းဆိုခဲ့သည်။

ယင်းတိုက်ခိုက်မှုများမဖြစ်မီ ၁၃ ရက် အလိုတွင် ရဲအရာရှိချုပ်နှင့် ၎င်း၏ထိပ်တန်း  အဖွဲ့နှင့်တွေ့ဆုံခဲ့သော်လည်း အိန္ဒိယက  သတင်းပေးပို့ခဲ့သည့် ဗုံးခွဲတိုက်ခိုက်နိုင်ခြေရှိသည့် သတိပေးချက်ကို မည်သည့်အရာရှိကမှ ပြောကြားခဲ့ခြင်းမရှိဟု သီရိသေနာက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။

 


READ NEXT
Cancel OK