Top News

ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ကာကွယ်ရေး စည်းကမ်းများ လိုက်နာမှုရှိစေရေး တိုင်းအစိုးရအဖွဲ့က တင်းကျပ်စွာ ဆောင်ရွက်ပေးရန် ပြည်ထောင်စုဝန်ကြီး ပြောကြား
24htopnews | November 24, 2024 5:12 PM CST

ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ကာကွယ်ရေး စည်းကမ်းများ လိုက်နာမှုရှိစေရေး တိုင်းအစိုးရအဖွဲ့မှ တင်းကျပ်စွာ ဆောင်ရွက်ပေးရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၌ COVID-19 ကာကွယ်ရေး စည်းကမ်းများ တိကျစွာ လိုက်နာဆောင်ရွက်ရေး ကြီးကြပ်ဆောင်ရွက်မည့် အစီအစဉ်များ ဆွေးနွေးမှုကို ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၌ ယခုအချိန်တွင် COVID-19 ကာကွယ်ရေး စည်းကမ်းများအား  လိုက်နာဆောင်ရွက်မှု ရှိစေရေးအတွက် အသိပညာပေး စည်းရုံးခြင်း၊ ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် သင့်တော်သည့် အရေးယူခြင်းတို့ကို မလုပ်ဆောင်ပါက ရောဂါကူးစက်မှုများ ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကာ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည်ဖြင့် ဘက်စုံကဏ္ဍများတွင် အနုတ်လက္ခဏာဆောင်သော အကျိုးဆက်များ ဖြစ်ပွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက COVID-19 ရောဂါ ကာကွယ်ရေး စည်းကမ်းများကို ပြည်သူများ အကြား လိုက်နာမှု အားကောင်းစေရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တင်းကြပ်စွာ ဆောင်ရွက်ပေးရန် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးသည် စီးပွားရေးမြို့တော်ရှိရာ နေရာဖြစ်ခြင်း၊ စက်ရုံနှင့် အလုပ်ရုံများ များပြားခြင်း၊ အလုပ်အကိုင်နှင့် လူမှုစီးပွားရေး အခြေအနေ အမျိုးမျိုးရှိသော သူများနေထိုင်ကြခြင်း၊ လူဦးရေ ထူထပ်များပြားခြင်း၊ အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်း လေဆိပ်ရှိခြင်း၊ အများပြည်သူသုံးသယ်ယူပို့ ဆောင်ရေးယာဉ် များစွာရှိခြင်း၊ အခြားတိုင်းဒေသကြီး/ပြည်နယ်များနှင့် ဝင်ထွက်ပေါက်များစွာ ချိတ်ဆက်မှုရှိကာ ကူးလူးသွားလာမှု များပြားခြင်းစသည့် ကွဲပြားခြားနားပြီး ထူးခြားသည့် အခြေအနေများ ရှိခြင်းကြောင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များတွင် ကျင့်သုံးနေသော နည်းလမ်းများအတိုင်း ဆောင်ရွက်ရန် မဖြစ်နိုင်ဘဲ ရန်ကုန်တိုင်းဒေသကြီးနှင့် သင့်တော်သော နည်းလမ်းများဖြင့် COVID-19 စည်းကမ်းလိုက်နာမှု ရှိစေရေး လုပ်ငန်းများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အမြန်ဆုံး ဆောင်ရွက်ပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများသည် COVID-19 ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ လုပ်ငန်းများ၊ COVID-19 လူနာ ကုသရေး လုပ်ငန်းများ၊ ကာကွယ်ထိန်းချုပ်ရေး ကွင်းဆင်းလုပ်ငန်းများနှင့် COVID-19 မဟုတ်သော အခြားရောဂါအမျိုးမျိုး ကာကွယ်ကုသခြင်းဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ စိတ်ရောကိုယ်ပါ ပင်ပန်းနေပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်းက ရန်ကုန်တိုင်းသည် နိုင်ငံ၏ စီးပွားရေးအတွက် အရေးကြီးသော တိုင်းဒေသကြီးဖြစ်ကာ အခြားတိုင်းဒေသကြီး/ပြည်နယ်များရှိ စီးပွား ရေးလုပ်ငန်းများမှ မှီတည်နေသည့် စီးပွားရေး လုပ်ငန်းများစွာရှိနေကြောင်း၊ အဆိုပါ လုပ်ငန်းများသည် အခက်အခဲများ ရင်ဆိုင်နေကြရခြင်း၊ ပြည်သူများ၏ လူမှုစီးပွား ထိခိုက်မှုများ ရှိနေခြင်းနှင့် ပြည်သူများအကြား စိတ်မွန်းကြပ်မှုများ ရှိနေခြင်းများ ဖြစ်ပေါ်လျက်ရှိနေကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပြည်သူများအကြား လူမှုစီးပွားပြဿနာများ မဖြစ်ပွားစေရေးတို့ကို ချိန်ဆဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ကုန်တင်ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ၊ စက်ရုံ၊ အလုပ်ရုံမှ ဝန်ထမ်းများ အားလုံးကို ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ COVID-19 စစ်ဆေးခြင်း မှတ်တမ်းနှင့် ကျန်းမာရေး အခြေအနေ မှတ်တမ်းများကို ကွန်ပျူတာဖြင့် မှတ်တမ်းတင်ပြီး QR Code ဖြင့် စစ်ဆေးနိုင်ရန် ပူးပေါင်းစီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ COVID-19 လူနာနှင့် ထိတွေ့ခဲ့သူများ၊ COVID-19 လူနာတစ်ဦးချင်းစီ၏ နေအိမ်အဆင့် အခြေအနေ၊ လူမှုစီးပွားရေးနှင့် အသိပညာအဆင့် အခြေအနေ၊ ရောဂါပြင်းထန်မှု အခြေအနေအပေါ် မူတည်၍ နေအိမ်၊ လူထုအခြေပြု အသွားအလာ ကန့်သတ်ရာ နေရာများ၊ ဟိုတယ်၊ ဆေးရုံ/ကုသရေးဌာနများ စသည်ဖြင့် သင့်လျော်သည့်နေရာတွင် ပြုစုကုသနိုင်ရေး ဆွေးနွေးနေကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်ပြောကြားရာတွင် စျေးဝယ်သူများ ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျ မတပ်ဆင်ဘဲ စျေးအတွင်း ဝင်ရောက်ခွင့်မပြုရန်၊ စျေးရောင်းချသူများတွင် ပါးစပ်နှင့် နှာခေါင်းစည်းနှင့် မျက်နှာအကာ တပ်ဆင်ခြင်းမရှိက ရောင်းချခွင့် မပြုရန်၊ အများပြည်သူဆိုင်သော နေရာများ၌ ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ခြင်း မပြုဘဲ သွားလာမှု မရှိစေရန်၊ အများပြည်သူသုံး ဘတ်စ်ကားများတွင် ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ခြင်း မပြုဘဲ စီးနင်းခွင့်မပြုရန်နှင့် စီးနင်းနေစဉ် လမ်းခရီးတွင် ပါးစပ်နှင့် နှာခေါင်းစည်းကို ချွတ်ခြင်း (သို့မဟုတ်) မေးသိုင်းခြင်းများ ပြုလုပ်ပါက ဆက်လက်စီးနင်းခွင့် မပြုရန်၊ ဘတ်စ်ကားမောင်းသူများ ပါးစပ်နှင့် နှာခေါင်းစည်းနှင့် မျက်နှာအကာ မဖြစ်မနေ တပ်ဆင်ရန်၊ စက်ရုံ၊ အလုပ်ရုံများတွင် COVID-19 ကာကွယ်ရေး စည်းကမ်းများ တိကျစွာ လိုက်နာရေး ဆောင်ရွက်ရန်တို့ကို ၀ိုင်းဝန်းပံ့ပိုး ကြီးကြပ်ဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရန်ကုန်ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့်  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့လည်း ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 


READ NEXT
Cancel OK