Top News

ရန်ကုန်တိုင်းဒေသကြီးရှိ COVID-19 ကူးစက်မှုနှုန်းနည်းသည့် မြို့နယ်၊ ရပ်ကွက်များကို Stay at Home အစီအစဉ် ဖြေလျှော့ရန် ကျန်းမာရေး ဝန်ကြီးဌာန စီစဉ်နေ
24htopnews | November 24, 2024 5:12 PM CST

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ COVID-19 ကူးစက်မှုနည်းသည့် မြို့နယ်၊ ရပ်ကွက်များကို Stay at Home အစီအစဉ် ဖြေလျှော့ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်

“ရန်ကုန်တိုင်းဒေသကြီးမှာ မြို့နယ် ၄၅ မြို့နယ်ရှိတယ်။ အခုလက်ရှိ ကိုကိုးကျွန်းကလွဲပြီး မြို့နယ် ၄၄ မြို့နယ်က Stay at Home အကျုံးဝင်နေတော့ မြို့နယ်လုံးကျွတ် Stay at Home နေရတဲ့ အခြေအနေပါ။ ဒါကြောင့် အခုအဖြစ်နည်းတဲ့ မြို့နယ်၊ ရပ်ကွက်တွေ၊ မဖြစ်တဲ့ ရပ်ကွက်တွေကို ဖြေလျှော့ပေးလိုက်ပြီးတော့ အဖြစ်များတဲ့ လမ်းတွေ၊ ရပ်ကွက်တွေလောက်ပဲ Stay at Home အစီအစဉ်ထဲမှာ ထည့်ပါမယ်။ ဒါတွေလုပ်ဆောင်ဖို့ စာရင်းပြုစုပြီးပါပြီ။ ဒါကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း တင်ပြသွားဖို့ ရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောကြားသည်

ရန်ကုန်တိုင်းဒေသကြီး၌ COVID-19 ပိုးတွေ့လူနာ ၇၀၀၀၀ ကျော်ရှိလာပြီး ရောဂါဖြစ်ပွားမှု အများဆုံး မြို့နယ်များမှာ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာ၊ အင်းစိန်၊ လှိုင်သာယာ၊ သင်္ဃန်းကျွန်းမြို့နယ်များဖြစ်ပြီး ယင်းမြို့နယ်များတွင် ရောဂါဖြစ်ပွားသူ ၄၀၀၀ ဝန်းကျင်မှ ၅၀၀၀ ကျော်အထိ ရှိနေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ရပ်ကွက်များတွင် Stay at Home အစီအစဉ် ဖြေလျှော့ရန် စီစဉ်နေမှုနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒီဇင်ဘာ ၈ ရက်ကပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ကာကွယ်ရေး စည်းကမ်းများ တိကျစွာ လိုက်နာဆောင်ရွက်ရေး ကြီးကြပ်ဆောင်ရွက်မည့် အစီအစဉ်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် မိမိအိမ်တွင် နေထိုင်ရေး Stay at Home အစီအစဉ်နှင့် ပတ်သက်၍ မြို့နယ်တစ်ခုလုံး အနေအထားဖြင့် ဆောင်ရွက်ခြင်းမှ ရောဂါဖြစ်ပွားပျံ့နှံ့မှု ပုံသဏ္ဌာန်နှင့် နေ့အလိုက် ပြောင်းလဲမှုပုံ သဏ္ဌာန်၊ လတ်တလော ဖြစ်ပွားသူ အရေအတွက်နှင့် နေရာအလိုက် အစုလိုက်ဖြစ်ပွားမှု၊ လူအများ ရွှေ့ပြောင်းသွားလာမှု ပမာဏနှင့် အရှိန်အဟုန်၊ ရပ်ကွက်၊ ကျေးရွာ၊ လမ်းများ၏ တည်နေရာ၊ လူဦးရေ ထူထပ်မှု စသည့် အချက်များအပေါ် မူတည်၍ ရပ်ကွက်၊ ကျေးရွာ၊ လမ်းအလိုက်သာ မိမိအိမ်တွင် နေထိုင်ရေး Stay at Home အစီအစဉ်ကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနနှင့် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲတို့ အသေးစိတ် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ‘ပြည်သူများ လူမှုစီးပွားလုပ်ငန်းများ ဆောင်ရွက်ရာ၌ COVID-19 ကာကွယ်ရေး စည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရန်ကို ကြီးကြပ်ဆောင်ရွက်ပေးပါရန်၊ စျေးဝယ်သူများ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) စနစ်တကျ မတပ်ဆင်ဘဲ စျေးအတွင်း ဝင်ရောက်ခွင့်မပြုရန်၊ စျေးရောင်းချသူများတွင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Shield) တပ်ဆင်ခြင်း မရှိက ရောင်းချခွင့်မပြုရန်၊ အများပြည်သူနှင့်ဆိုင်သော နေရာများတွင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမပြုဘဲ သွားလာမှု မရှိစေရန်၊ အများပြည်သူသုံး ဘတ်စ်ကားများတွင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမပြုဘဲ စီးနင်းခွင့်မပြုရန်နှင့် စီးနင်းနေစဉ် လမ်းခရီးတွင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို ချွတ်ခြင်း (သို့မဟုတ်) မေးသိုင်းခြင်းများ ပြုလုပ်ပါက ဆက်လက် စီးနင်းခွင့်မပြုရန်၊ ဘတ်စ်ကား မောင်းသူများ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Shield) မဖြစ်မနေ တပ်ဆင်ရန်၊ စက်ရုံ၊ အလုပ်ရုံများတွင် COVID-19 ကာကွယ်ရေး စည်းကမ်းများ တိကျစွာ လိုက်နာရေး ဆောင်ရွက်ရန်တို့ကို ၀ိုင်းဝန်းပံ့ပိုး ကြီးကြပ်ဆောင်ရွက် ပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက COVID-19 လူနာတစ်ဦးချင်းအား ကုသမှုလုပ်ငန်း ဆောင်ရွက်ရာတွင် ဆရာဝန်၊ သူနာပြုနှင့် ကုသမှု အထောက်အကူပြု ပညာရှင်များသည် အစွမ်းကုန် ဆောင်ရွက်ရသည်ဖြစ်ရာ ပင်ပန်းနေကြပြီဖြစ်ကြောင်း၊ လူနာအသစ်ဖြစ်ပွားမှု ကျဆင်းစေရန်အတွက် ကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ရေး ပြည်သူ့ကျန်းမာရေး ပညာရှင်များ အားထည့်ဆောင်ရွက် လျက်ရှိကြောင်း၊ ယခုဖြစ်ပွားနေသည့် COVID-19 ကူးစက်မှု ဒုတိယလှိုင်း ကြာမြင့်မည့် အချိန်ကာလသည် ပြည်သူများ စည်းကမ်းလိုက်နာမှု ရှိ၊ မရှိ ဆိုသည့်အချက်နှင့် တိုက်ရိုက်ဆက်နွှယ် လျက်ရှိကြောင်း၊ ပြည်သူများက တာဝန်သိစွာဖြင့် စည်းကမ်းလိုက်နာ ဆောင်ရွက်မှသာ ထိခိုက်ဆုံးရှုံးမှု လျော့ပါးနိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးအတွက် စောင့်ကြည့် အကဲဖြတ်မှု စာရင်းပုံစံ (Monitoring Checklist) များဖြင့် စောင့်ကြည့်အကဲဖြတ်မှုနှင့် ဆန်းစစ်မှုများကို ဆောင်ရွက်သည့် ကိစ္စရပ်များ၌လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပါဝင်ကူညီ ဆောင်ရွက်ပေးစေလိုကြောင်း စသည်တို့ကို ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။


READ NEXT
Cancel OK