Top News

စည်းကြပ်ခွန်ပြဋ္ဌာန်းမှုကို ရှောင်ရှားရန် အမေရိကန်နှင့်မက္ကဆီကိုကြား၌ သဘောတူညီချက်ရရှိ
24htopnews | November 23, 2024 10:12 AM CST

ဗဟိုအမေရိကဘက်မှ ဝင်လာသည့် ရွှေ့ပြောင်းအခြေချများကို ဟန့်တားရန် အမေရိကန်နှင့် မက္ကဆီကိုကြားတွင် ဇွန် ၇ ရက် နှောင်းပိုင်းက သဘောတူညီချက်တစ်ခု ရရှိသွားခဲ့သည်။ ထို့ကြောင့် အိမ်နီးချင်း မက္ကဆီကိုအပေါ် အခွန်တိုးမြှင့်စည်းကြပ်ရန် သမ္မတ ဒေါ်နယ်ထရန့်ဘက်မှ ခြိမ်းခြောက်မှုများမှာ လည်း အားလျော့သွားခဲ့ပြီ ဖြစ်သည်။

ဇွန် ၁၀ ရက်မှစပြီး မက္ကဆီကို၏ ကုန်ပစ္စည်းများအားလုံးအပေါ် အခွန်ငါးရာခိုင်နှုန်း တိုးမြှင့်စည်းကြပ်ရန် ထရန့်မှာ အသင့်ဖြစ်နေစဉ် ထိပ်တန်းအရာရှိများသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရုံး၌ သုံးရက်ကြာ  အပြင်းအထန်ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးနောက် သဘောတူညီချက်တစ်ခု ရရှိသွားခဲ့ခြင်းဖြစ်သည်။

ထိုသဘောတူညီချက်အရ အမေရိကန်သည် ရွှေ့ပြောင်းအခြေချများ၏ခိုလှုံခွင့် လျှောက်ထားမှုများအား လုပ်ဆောင်ပေးနေစဉ်  မက္ကဆီကိုသည် အကြမ်းဖက်မှု ထူပြောသည့် ဂွါတီမာလာ၊ ဟွန်ဒူးရပ်စ်၊ အယ်ဆာဗေဒိုနိုင်ငံများမှ ရွှေ့ပြောင်းအခြေချများကို ပြန်လည်ခေါ်ယူရန် ၎င်း၏မူဝါဒအား ထပ်မံတိုးချဲ့ပေးရေးကို သဘောတူ လက်ခံခဲ့ခြင်းဖြစ်သည်။ အပြန်အလှန်အားဖြင့် မက္ကဆီကိုသည် ၎င်းတို့ တောက်လျှောက်ငြင်းပယ်နေခဲ့သော အကြံအစည်   (အမေရိကန်သို့မရောက်သွားမီ ရွှေ့ပြောင်း အခြေချများကို မက္ကဆီကို မြေပေါ်မှာပင် ၎င်းတို့၏ နိုင်ငံရေး ခိုလှုံခွင့်လျှောက်ထားမှုများအား လုပ်ဆောင်ပေးရန် ) ကိုရှောင် လွှဲနိုင်ပြီဖြစ်သည်။

“မက္ကဆီကို နဲ့ အမေရိကန်ပြည်ထောင်စုကြားမှာ သဘောတူညီချက်တစ်ခု လက်  မှတ်ရေးထိုးနိုင်ပြီဖြစ်ကြောင်းကို ကျွန်တော်အနေနဲ့ ဝမ်းသာစွာနဲ့ အသိပေးလိုပါတယ်။ ဇွန်  ၁၀  ရက်မှာ မက္ကဆီကိုအပေါ်အမေရိကန်အနေနဲ့ ချမှတ်ဖို့စီစဉ်ထားတဲ့ အခွန်တွေကို အကန့်အသတ်မရှိ ဆိုင်းငံ့လိုက်ပါပြီ” ဟု  ထရန့်သည် ဥရောပခရီးစဉ်မှ ပြန်လာပြီး  မကြာမီမှာပင် Twitter ၌ ရေးသားခဲ့သည်။     

“အပြန်အလှန်အနေနဲ့ မက္ကဆီကိုဟာ သူ့ နိုင်ငံကနေတစ်ဆင့်ဖြတ်ပြီး ကျွန်တော်တို့ရဲ့ တောင်ပိုင်းနယ်စပ်ကို ဝင်ရောက်နေတဲ့ ရွှေ့ပြောင်းအခြေချသူ လှိုင်းလုံးကြီးကို ရပ်တန့်အောင် အခိုင်အမာလုပ်ဆောင်ပေးဖို့ သဘောတူထားပါတယ်။ မက္ကဆီကိုကနေ အမေရိကန်ထဲကို ဝင်နေတဲ့ တရားမဝင် ရွှေ့ပြောင်းအခြေချတွေကို သိသိသာသာ လျှော့ချ ဒါမှမဟုတ် ပပျောက်စေမှာ ဖြစ်ပါတယ်” ဟု ထရန့်က ရေးသားခဲ့သည်။

အမေရိကန်မှ အခွန်များတိုးမြှင့်စည်းကြပ်မှု မစတင်မီ တစ်သားတည်းရှိနေကြောင်း ပြသရန် တီဝါနာမြို့သို့ ဇွန် ၈ ရက် ၌သွားရန် စီစဉ်ထားသည့် မက္ကဆီကို သမ္မတ အန်ဒရာလိုပက်ဇ်အိုဘရာဒေါကမူ ၎င်းခရီးစဉ်၏ ရည်ရွယ်ချက်မှာ အောင်ပွဲခံရေးသို့ ပြောင်းလဲသွားပြီဟု ပြောကြားခဲ့သည်။            

“မက္ကဆီကန်တွေရဲ့ ပံ့ပိုးမှုအားလုံးကို ကျေးဇူးတင်ပါတယ်။ အမေရိကန်ထံပို့နေတဲ့ မက္ကဆီကို ထုတ်ကုန်တွေအပေါ် အခွန်ချမှတ်မှုကို ကျွန်တော်တို့ ရှောင်လွှဲနိုင်ပြီဖြစ် ပါတယ်” ဟု လိုပက်ဇ်အိုဘရာဒေါက Twitter ပေါ်တွင် ရေးသားခဲ့သည်။

အမေရိကန်သို့ နှစ်စဉ် ဒေါ်လာ ဘီလျံ ၃၅၀ တန်ဖိုးရှိသည့် ကုန်ပစ္စည်းများအား တင်ပို့နေသည့် မက္ကဆီကိုသည် ရွှေ့ပြောင်း အခြေချသူများကို တားမြစ်ရန် ပိုမိုမလုပ်ဆောင်ပါက မက္ကဆီကိုကုန်များအပေါ် အခွန်များအား ၂၅ ရာခိုင်နှုန်းအထိ တစ်ဖြည်းဖြည်း တိုးမြှင့်စည်းကြပ်သွားရန် အမေရိကန်က စီစဉ်ခဲ့ခြင်းဖြစ်သည်။ မက္ကဆီကို အပေါ် အခွန်စည်းကြပ်ရန် ကြံရွယ်မှုသည် ထရန့်၏ ရီပတ်ဘလီကင်များထံမှပင် ထူးထူးခြားခြား ကန့်ကွက်မှုများ ထွက်ပေါ်စေခဲ့သည်။   

 


READ NEXT
Cancel OK