Top News

အီရန်က နျူလက်နက်များ ပိုင်ဆိုင်ရန် ကြိုးပမ်းနေဟု အမေရိကန် လုံခြုံရေးအကြံပေး ဂျွန်ဘိုတန် စွပ်စွဲ
24htopnews | November 22, 2024 6:12 AM CST

နျူကလီးယား လက်နက် ရရှိရန် ကြိုးပမ်းနေခြင်းကြောင့် အီရန်သည် ကမ္ဘာ့ အင်အားကြီးနိုင်ငံအချို့နှင့် ချုပ်ဆိုထားသော အထင်ကရ နျူကလီးယားစီမံကိန်း သဘောတူညီချက်မှ နုတ်ထွက်ရန် အကြောင်းပြချက် မရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုတန် က  မေ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

အီရန်အရေးတွင် ကာလရှည်ကြာ သဘောထား တင်းမာသူတစ်ဦး ဖြစ်သည့် ဂျွန်ဘိုတန်က ယူအေအီး ကမ်းလွန်အနီး၌ ရေနံတင်သင်္ဘော လေးစင်း တိုက်ခိုက်ခံရမှုသည် ရေမြှုပ်မိုင်းများကြောင့် ဖြစ်ကာ ထိုရေမြှုပ်မိုင်းများကို အီရန်က နေရာချထားခြင်း ဖြစ်သည်မှာ လုံးဝနီးပါး သေချာကြောင်း သက်သေ အထောက်အထား ဖော်ပြခြင်းမရှိဘဲ ပြောကြားခဲ့သည်။ ထို့ပြင် ဆော်ဒီရှိ ယန်ဘူရေနံဆိပ်ကမ်းကို တိုက်ခိုက်ရန် ယခင်က လူသိမများသော ကြိုးပမ်းမှုတစ်ခုလည်း ရှိခဲ့ကြောင်း ယူအေအီး မြို့တော် အဘူဒါဘီတွင် ရောက်ရှိနေခိုက် ဘိုတန်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ယန်ဘူ ဆိပ်ကမ်းမြို့နှင့် ပတ်သက်၍ ဘိုတန်၏ ပြောကြားချက်အပေါ် မှတ်ချက်ပေးရန် တောင်းဆိုမှုကို ဆော်ဒီ တာဝန်ရှိသူများဘက်က ချက်ချင်း တုံ့ပြန်ဖြေကြားခြင်း မရှိပေ။ ယန်ဘူမြို့သည် ဆော်ဒီအာရေဗျ၏ East-West-Pipeline ရေနံစိမ်းပိုက်လိုင်း အဆုံးနေရာဖြစ်ပြီး မကြာသေးမီ ရက်များအတွင်း အဆိုပါ ရေနံစိမ်း ပိုက်လိုင်းကို အီရန် ကျောထောက်နောက်ခံ ပြုထားသော ဟူသီသူပုန်များက ဒရုန်းများဖြင့် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။

အတိအကျ မဖော်ပြသော အီရန်၏ ခြိမ်းခြောက်မှုကို တု့ံပြန်ရန် မကြာသေးမီ သီတင်းပတ်များအတွင်း အမေရိကန်က ပါရှန် ပင်လယ်ကွေ့တွင် စစ်အင်အား တိုးမြှင့်တပ်စွဲခဲ့ချိန်၌ နှစ်နိုင်ငံကြား တင်းမာမှုများမှာလည်း မြင့်တက်လာခဲ့သည်။ ဆော်ဒီအာရေဗျကို ပစ်မှတ်ထား၍ ယီမင်ရှိ  အီရန် ကျောထောက်နောက်ခံပြု ဟူသီသူပုန်များက ဒရုန်းဖြင့် တိုက်ခိုက်မှု၊ အီရတ်မြို့တော် ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံး အနီးသို့ ရော့ကက်တစ်ခု ပစ်လွှတ်မှုနှင့် ယူအေအီး ကမ်းလွန်အနီး ရေနံတင် သင်္ဘောများ တိုက်ခိုက်ခံရမှု အပါအဝင် တိုက်ခိုက်မှု တစ်သီတစ်တန်းကို အီရန်က နောက်ကွယ်မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန်က စွပ်စွဲထားသည်။

တစ်ချိန်တည်းမှာပင် အီရန်က ၂၀၁၅ နျူကလီးယား သဘောတူညီချက်မှ နောက်ဆုတ်နေကြောင်း ကြေညာခဲ့သည်။ အီရန် နျူကလီးယား သဘောတူညီချက်သည် အီရန်၏ နျူကလီးယား အစီအစဉ်ကို လုံလုံလောက်လောက် ကန့်သတ်ခြင်း မရှိဟုဆိုကာ သမ္မတ ထရန့်က ထိုသဘောတူညီချက်ထဲမှ အမေရိကန်ကို နုတ်ထွက်စေခဲ့သည်။ နျူကလီးယား ဓာတ်ပေါင်းဖို အများအပြား မရှိခြင်းသည် သန့်စင်မှု နည်းသော ယူရေနီယံ သတ္တုဒြပ်စင်များစွာကို သိုလှောင်မည့် အီရန်အတွက် အဓိပ္ပာယ်မဲ့နေကာ ယခုအချိန်တွင် အီရန်က ၎င်း၏ နျူကလီးယား အစီအစဉ်ကို ပြင်ဆင်နေကြောင်း ဘိုတန်က ပြောကြားထားသည်။

နျူကလီးယား သဘောတူညီချက်အရေးကို ဖြေရှင်းရန်အတွက် သင့်တော်သော စည်းကမ်း သတ်မှတ်ချက်များအား ဇူလိုင် ၇ ရက် နောက်ဆုံးထား၍ အကြံပြုရန် ဥရောပကို အီရန်က အချိန်ပေးထားပြီး မဟုတ်ပါက အီရန်သည် ၎င်း၏ ယူရေနီယံသန့်စင်မှု လုပ်ငန်းကို နျူလက်နက် ထုတ်လုပ်နိုင်သည့် အဆင့်ထိ ဆက်လက် လုပ်ဆောင်သွားလိမ့်မည် ဖြစ်သည်။ အီရန်ကမူ ၎င်း၏ နျူကလီးယား အစီအစဉ်သည် ငြိမ်းချမ်းရေးအတွက်သာ ရည်ရွယ်ကြောင်း အခိုင်အမာ ပြောကြားထားသည်။ သို့သော် အနောက်အင်အားကြီး နိုင်ငံများက အီရန်၏ နျူလက်နက် စီမံကိန်းကို ကန့်သတ်ရန် နျူကလီးယား သဘောတူညီချက် ရရှိရန် တွန်းအား ပေးခဲ့ကြသည်။               

 


READ NEXT
Cancel OK