Top News

ဧပရယ် ပြီးတော့ မေ...
24htopnews | November 22, 2024 10:12 AM CST

ဒီနှစ်နွေကတော့ ပူလိုက်သမှ လူတွေကို ကျွမ်းပြန်နေတာပါပဲ။
ကျွန်တော် ဒီအသက်အရွယ်အထိ နှစ်တိုင်း ဧပြီလကို ကြုံဖူးပါတယ်။ ထုံးစံအတိုင်း ပူတော့ ပူတာပေါ့လေ။ ဒါပေမဲ့ ဧပြီလဆို သင်္ကြန်နားနီးရင် မိုးရိပ်၊ မိုးငွေ့တွေကို တွေ့နေရပြီ။ သင်္ကြန်မတိုင်မီ တစ်ခါလောက် မိုးက ရွာလိုက်တယ်ဆိုရင်ပဲ အတော်အေးသွားတတ်လေ့ရှိတယ်။ မှတ်မိသလောက် သင်္ကြန်မိုးက အတော်သည်းတတ်တယ်။ မြေမှုန့်သိပ် ရုံလောက်မက မြေကြီးတွေ အစိုဓာတ်ပေါက်ပြီး ရွှဲနစ်နေအောင်ကို ရွာတာမို့ တစ်လောကလုံး အေးသွားတာပဲ။ အထူးသဖြင့် သစ်ပင်တွေက လူတွေထက်ပိုပြီး မိုးကိုမျှော်တတ်ကြတယ်။ ခမျာများ မတ်လတစ်လလုံး အပူဒဏ်ကို အောင့်နေအောင်ကို ခံကြရတာမို့လား။ တချို့လည်း ရိုးတံကျဲကျဲလေးတွေနဲ့ နွေထဲမှာ သေလုမတတ်ကို ခြောက်လို့။ ဒါပေမဲ့ သေတော့မသေကြဘူး။ သင်္ကြန်မိုးလေးရွာလိုက်ရင် အားတွေပြန်ပြည့်လာပြီး ရွက်နုကလေးတွေ ဝေလာကြတာပဲ။
ဒီနှစ်တော့ သင်္ကြန်မိုးကလည်းမရွာ၊ ပူလိုက်တာကလည်း ဒီဂရီစင်တီဂရိတ်က ၄၀ ကျော်မှာချည်းပဲဆိုတော့ သစ်ပင်လေးတွေလည်း အရွက်ကလေးတွေ လိမ်ခြောက်လို့ သေလုမြောပါးကို ခံနေကြရရှာတယ်။ တချို့လည်း သေသွားကြလေရဲ့။ ကျွန်တော့်ခြံထဲက သစ်ပင်လေးတွေကတော့ ညနေတိုင်း ရေလောင်းပေးနေလို့ အတော်ခံသာနေသေးတယ်။ ဒါပေမဲ့ ရေကလည်းအများကြီး မလောင်းနိုင်ဘူး။ တွင်းရေကလည်းခန်းတော့မှာဆိုတော့ ချွေပြီးလောင်းနေရတယ်။ ကိုယ်ကသာ လူလည်းချိုးစရာ သောက်စရာရှိ သစ်ပင်လေးတွေလည်း လောင်းရလောက်အောင် ရေကရှိနေတော့ တော်သေးတယ်။ တချို့နေရာတွေမှာတော့ ရေတွင်းတွေ၊ ရေကန်တွေ ခန်းခြောက်သွားလို့ လူတွေတောင် သောက်စရာရေက မရှိတော့ဘူး။ ဒါကြောင့် နေ့စဉ်လိုလို ပရဟိတအဖွဲ့အစည်းတွေက ရေပြတ်တဲ့နေရာတွေကို ရေတွေသွားပြီး လှူနေကြရ တယ်။ ဒီအထဲ အစိုးရမီးသတ်ကားတွေဆိုတာ နားရတယ်ကိုမရှိဘူး။ နေ့တိုင်း ရေတွေသယ်ပြီး ရွာတွေကို သွားပို့ပေးနေရတာပဲ။
အပူရှိန်က အရမ်းပြင်းတော့ လူတွေလည်း နေ့လယ်ခင်းဆို အပြင်မထွက်နိုင်တော့ ဘူး။ မသွားမဖြစ် သွားရတဲ့သူတွေခမျာလည်း နေပူမိပြီး အတော့်ကို မသက်မသာ ခံရရှာတယ်။ တချို့နေရာတွေမှာပူလွန်းလို့ လူတွေတောင် ပျက်စီးကြရတယ်လို့ဆိုတယ်။ ဒီနှစ်က အဆိုးရွားဆုံး အယ်လ်နီညိုနဲ့ ကြုံရတဲ့နှစ်ဆိုတော့ နေပူထဲကို မသွားကြဖို့ မဖြစ်သာလို့ သွားရရင်လည်း ထီး၊ ခမောက်ဆောင်းဖို့ နေမလောင်ရအောင် အင်္ကျီလက်ရှည်တွေဝတ်ဖို့ တာဝန်ရှိသူတွေကလည်း နှိုးဆော်နေကြရတယ်။ ဒါပေမဲ့ တကယ်တမ်း နေပူထဲကို ထွက်ကြည့်တော့ ထီးလည်းမတတ်နိုင် ခမောက်လည်း မတတ်နိုင်အောင်ကို အပူဒဏ်က ပြင်းလွန်းတာကလား။ အဲဒီအထဲမှာ လက်လုပ်လက်စား သမားလေးတွေကျတော့ နေပူတယ်ဆိုပြီး အပြင်မထွက်ဘဲနေလို့က မဖြစ်တော့ ပူကာမှပူရော တစ်ဝမ်းတစ်ခါးအတွက် နေပူထဲကိုထွက်ပြီး လုပ်နေကြရပြန်တာပဲ။
သင်္ကြန်ကျော်တော့ မိုးကမရွာပေမယ့် ကောင်းကင်ကို မော့ကြည့်လိုက်ရင် မိုးတိမ်တောင်တွေက တက်လာနေတာကိုမြင်ရတယ်။ ဒီမိုးတိမ်တောင်တွေက ကြည့်တော့သာ လှနေတာပါ။ တကယ်တမ်းကျတော့ သူ့ရဲ့ အတိတ်နိမိတ်သင်္ကေတက မကြာခင် လေပြင်းတွေတိုက်တော့မယ်။ မိုးကြိုးတွေပစ်တော့မယ်။ မိုးသီးတွေကြွေတော့မယ်လို့ အချက်ပြနေတာပါပဲ။ ဒါကြောင့် သတိထားပြီး နေရတယ်။ ကိုယ်နဲ့နီးစပ်တဲ့လူတွေကိုလည်း မိုးရွာရင် မိုးရေထဲမထွက်ဖို့ သစ်ပင်တွေအောက်မှာ မိုးမခိုဖို့မှာရတယ်။ ဒါကလည်း သတင်းတွေထဲမှာ ကြားနေဖတ်နေရတာက တချို့နေရာတွေမှာ မိုးသီးမှန်လို့ မိုးကြိုးပစ်လို့ သစ်ပင်ပိလို့ ပျက်စီးရတဲ့ သတင်းတွေက အမြဲလိုလို ပါနေတာမဟုတ်လား။ ဒါလည်း ဒီကနေ့ သတင်းတွေက နေရာအနှံ့ကို ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိပြီး လူတွေသတိထားပြီးနေနိုင်အောင် နှိုးဆော်ပေးနိုင်လို့ပဲပေါ့။ နို့မို့သာဆို ကိုယ်လည်းသိမှာမဟုတ်ပါဘူး။
လာပါပြီ။ ဧပြီလကုန်မယ့် နောက်ဆုံးရက် တစ်ညနေခင်း လေပြင်းက ဝေါခနဲအပြေး ရောက်လာတယ်။ ခြံထဲမှာရှိတဲ့ သရက်ပင်က သရက်သီးတွေ တဖုန်းဖုန်းကြွေကျလာကြတယ်။ နောက် တဖြည်းဖြည်းလေက ပြင်းလာတယ်။ ဒီအတိုင်း အတည့်တိုက်နေတာ တော့မဟုတ်ဘူး။ လေပွေမွှေ့သလို မွှေ့ပြီး တိုက်နေတာဆိုတော့ သစ်ပင်ရဲ့ထိပ်ပိုင်းတွေဟာ လိမ်ချိုးလိုက်သလိုကျိုးပြီး ပြတ်ကျတယ်။ အပင်ကြီးတွေလည်း မခံနိုင်ဘူး။ နောက်တစ်ခါ အောက်ခြေကနေ ပင့်တိုက်တယ်။ တချို့အိမ်အမိုးတွေ လန်ထွက်ကုန်ကြတယ်။ အိမ်ကိုကာထားတဲ့ အကာအရံတွေ လွင့်ထွက်ကုန်ကြတယ်။ လေပြီးတော့ မိုးက နောက်ကနေလိုက်လာပြန်ရော။ မိုးဆိုပေမယ့် ရေကနည်းနည်းပါ။ မိုးသီးတွေက ခပ်များများ ရယ်။ တခွမ်းခွမ်း တဂျွမ်းဂျွမ်းနဲ့ အိမ်ခေါင် မိုးတွေပေါ်ကိုကျကာ ဆူညံနေတာပဲ။
ငယ်ငယ်တုန်းကတော့ မိုးတွင်းမှာ မိုး သီးကြွေရင် ဖလားတစ်လုံးနဲ့ ထွက်ပြီးကောက်တာပဲ။ ဒါပေမဲ့ ခုတော့မကောက်ရဲတော့ဘူး။ တချို့နေရာတွေမှာ မိုးသီးတွေက ကြက်ဥလုံး၊ ဘဲဥလုံးလောက်ရှိသတဲ့။ ဒါလောက်ကြီးတဲ့ မိုးသီးသာမှန်လိုက်ရင် တုံးခနဲလဲသွားမှာပဲ။ ဒါကြောင့် ကလေးတွေကို လှမ်းအော်နေကြတယ်။ မိုးသီးထွက်မကောက်ဖို့ပေါ့။ ဒီကြားထဲ လျှပ်စီးက တဝင်းဝင်း မိုးကြိုးထစ်သံကိုလည်း ကြားနေရသေးတယ်။ မိုးကြိုးပစ်ရင် လျှပ်စစ်မီးနဲ့ပတ်သက်တဲ့ အသုံးအဆောင်တွေကို မသုံးကြဖို့  မှာထားတာလည်း သတိရမိတယ်။ ဒါပေမဲ့ မိုးမရွာခင် လေတိုက်ကတည်းက လျှပ်စစ်မီးက ပြတ်သွားတာဆိုတော့ ဘာမှလုပ်စရာ မလိုတော့ဘူး။ ဒါတောင် သတိရလို့ လက်ကိုင်ဖုန်းကို ပြေးပိတ်ထားလိုက်ရသေးတယ်။
လေတိုက်တာ မိုးရွာတာက သိပ်တော့ မကြာလိုက်ပါဘူး။ ဒါပေမဲ့ ခဏနေတော့ ဟိုကဒီက သတင်းတွေ ရပ်ကွက်ထဲကို ရောက်လာတာပဲ။ ဘယ်နေရာမှာ တာဝါတိုင်တွေ လဲသွားတဲ့အကြောင်း၊ အိမ်တွေဘယ်နှလုံး ပျက်စီးသွားတယ်၊ သစ်ပင်ကြီးတွေလဲကျလို့ လမ်းတွေပိတ်သွားတဲ့အကြောင်း။ ကြားရတဲ့ သတင်းတွေက တစ်ခုမှ အကောင်းမရှိဘူး။ ဒါတောင် လူတွေ ထိခိုက်ဒဏ်ရာရတာမရှိလို့ တော်ပါသေးရဲ့။ သြော် ဧပရယ် ဧပရယ် ကိုယ်က မျှော်တုန်းကတော့ အေးအေးချမ်းချမ်းနဲ့ မိုးရေကလေးများ ချိုးရမလား၊ မိုးနဲ့ အတူပွင့်လာမယ့် ပိတောက်ပန်းကလေးတွေ များ တွေ့ရမလားလို့ လက်ချိုးပြီးရေလိုက်ရ တာ။ လာမယ့်လာတော့ လေပြင်းတွေနဲ့အတူ တစ်လောကလုံးကို အငြိုးတကြီး နင်းခြေသွားလိုက်တာ ကြုံခဲ့ဖူးသမျှ ဧပရယ်ထဲမှာတော့ ဒီနှစ်ဧပရယ်က အလှဆိုတာ နှမ်းတစ်စေ့စာတောင်မှ ရှာမရအောင်အရုပ်ဆိုးပြီး အကျည်း တန်နေသလိုပါပဲ။ ဒါပေမဲ့ အပြစ်တော့လည်း မတင်ရက်ပါဘူး။ ကိုယ်က ဧပရယ်ကို ငယ်ငယ်ကတည်းက အစွဲအလမ်း ကြီးခဲ့သူမဟုတ်လား။ ချစ်လက်စ မကုန်သေးဘူးဆိုပါတော့။
ဧပရယ်ပြီးတော့ နောက်တစ်ရက်က မေ။ မေ ၁ ရက်က အလုပ်သမားနေ့ မဟုတ်လား။ အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့မှာ ၁၈၈၆ ခုနှစ် မေ ၁ ရက်က စတင်ခဲ့တဲ့ အလုပ်သမား အရေးတော်ပုံကြီးက နောင် ၅၂ နှစ်ကြာတဲ့အခါ မြန်မာနိုင်ငံချောက်မြို့ကို ကူးစက်ပြီး အလုပ်သမား သပိတ်ကြီးကို စတင်ခဲ့တာ ဒီမေလမှာပဲမဟုတ်လား။ ဒီတုန်းက ချောက်မြို့ BOC မှာ အလုပ်လုပ်ကြတဲ့ ရေနံလုပ်သားကြီးတွေဟာ တစ်နေ့ကို ၁၂ နာရီက နေ ၁၆ နာရီကြာအောင် နေပူပူထဲမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ကြရရှာတယ်။ ဒါတောင် တစ်လမှ ငွေကလေး ကျပ် ၂၀ လောက်သာ ရခဲ့တာပါ။ ဒါလည်း လုပ်ငန်းခွင်ထဲမှာ ထိခိုက်ဒဏ်ရာရရင် လျော်ကြေးလည်း မပေးဘူး။ ဆေးကုသခွင့်လည်း လုံလုံလောက်လောက် မရကြရှာဘူး။ ဒီ့ထက်ဆိုးတာက ခွင့်ရက် ဆိုတာလည်းမရှိ။ ပိတ်ရက်ဆိုတာလည်းမရှိ။ ဒီလောက်အထိ အနစ်နာခံပြီး လုပ်ကြရတာပါ။ ဒါကြောင့်လည်း နောက်ဆုံးတော့ မခံမရပ်နိုင်ဖြစ်ပြီး BOC ကုမ္ပဏီကို ဆန့်ကျင်တဲ့အနေနဲ့ သခင်ဘိုးလှကြီး ခေါင်းဆောင်တဲ့ ရေနံမြေလုပ်သားတွေက ရန်ကုန်မြို့အထိ ချီတက်ပြီး ဆန္ဒပြကြပါတယ်။ ဒီအရေးတော်ပုံကို ၁၃၀၀ ပြည့်အရေးတော်ပုံလို ကျောင်းမှာတော့ သင်ခဲ့ရပါရဲ့။ ဒီအရေးတော်ပုံနဲ့ ဆက်စပ်ပြီး ရဟန်းသံဃာတွေ၊ ကျောင်းသားတွေ၊ ပြည်သူတွေလည်း အသက်သွေးတွေ စတေးခဲ့ကြရသေးတယ်။
ပြောရရင် မေလက အလုပ်သမားတွေ နဲ့ဆက်စပ်ပြီး အမှတ်တရ ဖြစ်စရာတွေက အများကြီးရှိသေးတယ်။ ခေတ်တိုင်း စနစ်တိုင်းမှာ အလုပ်သမားတွေရဲ့ နစ်နာမှုတွေ သူတို့ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို စာနာနားလည်ပြီး သူတို့ဘဝကိုမြှင့်တင်ပေးမယ့် အစိုးရဆိုတာမျိုးနဲ့ မကြုံဖူးခဲ့ရရှာဘူး။ ပြီးခဲ့တဲ့ ၂၀၁၀ ကနေပြီး ဖြတ်သန်းလာခဲ့ရတဲ့ ဒီမိုကရေစီ အစိုးရလက်ထက်မှာလည်း အလုပ်သမားတွေရဲ့ဘဝက ပြောပလောက်အောင် ဘာမှ ထူးခြားလာတာ မတွေ့ရတော့ ၂၀၁၅  ရဲ့ နောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့အစိုးရသစ်ကို ဆက်ပြီး မျှော်လင့်မိပြန်တယ်။ သူတို့ကတော့ အလုပ်သမားတွေရဲ့ ဘဝကို စာနာ နားလည်တတ်သူတွေမို့ အလုပ်သမားတွေရဲ့ နစ်နာချက်တွေကို ဖြေရှင်းပေးနိုင်ကောင်းရဲ့လို့ပေါ့။ ဧပရယ် ပြီးတော့ မေ၊ ဧပရယ်က အလှရှာလို့ မရခဲ့ပေမယ့် မေကတော့ . . .။


READ NEXT
Cancel OK