“မြန်မာ့ပန်းပု” ပန်းပုပညာဟာဆိုရင် မြန်မာ့ပန်း ၁၀ မျိုး အနုပညာဖြစ်တဲ့ ပန်းပု၊ ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းရန်၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း၊ ပန်းတမော့ထဲမှာ တစ်ခုအပါအဝင် ဖြစ်တဲ့အပြင် ဗုဒ္ဓမြတ်စွာ ဘုရားရှင်လက်ထက်ကတည်းက ခေတ်အဆက်ဆက် အသုံးပြုလာခဲ့ကြတဲ့ ပညာရပ်ထဲက တစ်ခုလည်း ဖြစ်ပါတယ်။
မြန်မာဘုရင်တွေလက်ထက် ပျူခေတ်ကတည်းက နန်းမြို့ရိုးတွေ၊ ဘုရင့်နန်းတော် အဆောက်အအုံတွေ အသုံးအဆောင်ပစ္စည်းတွေ ပြုလုပ်တဲ့နေရာမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခုအနေနဲ့လည်း ပါဝင်ပါတယ်။ ခေတ်အဆက်ဆက် ပြောင်းလဲလာပေမယ့် မြန်မာ့သမိုင်းရဲ့ အာဇာနည်ခေါင်းဆောင်တွေ နာမည်ကျော် အနုပညာရှင်၊ အတတ်ပညာရှင်တွေရဲ့ ပုံရိပ်တွေကို နောက်လူတွေ ကြည့်ရှုလေ့လာနိုင်ဖို့အတွက်လည်း ပန်းပုဟာ မရှိမဖြစ် လိုအပ်တဲ့ ပညာရပ်တစ်ခုလည်း ဖြစ်ပါတယ်။
ဒီကနေ့ခေတ်မှာဆိုရင်လည်း ဘုရားရုပ်လုံးတွေသာမက လူနေမှုအဆင့်အတန်းတစ်ခုကို ဖော်ပြသည့်အနေဖြင့် ပန်းပုရုပ်တုများကို အလှဆင် ထားရှိလာတာမျိုးလည်း ရှိလာကြတဲ့အပြင် မြန်မာ့သမိုင်းတွေကို ထင်ဟပ်ဖော်ပြနေတဲ့ ပြတိုက်တွေလိုနေရာမျိုးမှာလည်း ပန်းပုဆရာတွေရဲ့လက်ရာတွေကို တွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။
■ ပန်းပု ပြုလုပ်ဖန်တီးနည်း
ပန်းပုရုပ်ထုတစ်ခုကို ဖန်တီးတဲ့အခါမှာတော့ ထွင်းဖဲ့တဲ့နည်းနဲ့ ဖို့ဖြည့်တဲ့နည်းဆိုပြီးတော့ နှစ်ပိုင်းရှိပါတယ်။ ထွင်းဖဲ့တဲ့နည်းဟာဆိုရင် ပန်းပုဆရာရဲ့ တတ်ကျွမ်းမှုအပေါ်မှုတည်ပြီး အမှားအယွင်းမရှိအောင် ထုဆစ်ရတာပဲဖြစ်ပါတယ်။ ဥပမာ သစ်သားဖြင့် လုပ်မယ့်ပန်းပုကို ထွင်းဖဲ့နည်းနဲ့ ပန်းပုထုလုပ်မယ်ဆိုရင် ထွင်းဖဲ့ပြီးတဲ့နေရာမှာ လိုအပ်တဲ့အပိုင်းကို ပြန်လည်ဖြည့်ဖို့အတွက် မဖြစ်နိုင်တာကြောင့် အခြားဒီဇိုင်းတစ်ခု ပြန်ပြောင်းလိုက်ရတာမျိုး၊ ဒါမှမဟုတ် အခြားပစ္စည်းတစ်ခုခုနဲ့ ပြန်တွဲပြီးတော့ ထုလုပ်လိုက်ရတာမျိုးတွေရှိ တာကြောင့် ထွင်းဖဲ့တဲ့နည်းဟာ ဖို့ဖြည့်တဲ့နည်းထက် ပိုပြီးတော့ ခက်ခဲတာပဲဖြစ်ပါတယ်။
ဖို့ဖြည့်နည်းမှာဆိုရင် ရွှံ့စေးက မပါမဖြစ်ပဲ ဖြစ်ပါတယ်။ အသုံးပြုမယ့် ရွှံ့စေးဟာဆိုရင် မစေးလွန်း၊ မဖွယ်လွန်းဖြစ်ရမှာပဲဖြစ်ပြီး အရောင်မှာလည်း မနုလွန်း၊ မရင့်လွန်းတာကို ရွေးချယ် အသုံးပြုရမှာပဲဖြစ်ပါတယ်။
ဖို့ဖြည့်တဲ့နည်းကို သုံးမယ်ဆိုရင်တော့ လိုချင်တဲ့ ပန်းပုရုပ်တုကို အရင်ဆုံး ရွှံ့နဲ့ပုံဖော်ပြီး Mould လောင်းရပါတယ်။ Mould မှာမှ တစ်ခါသုံး Mould နဲ့ ပုံစံအများကြီးထုတ်တဲ့ Mould ဆိုပြီး နှစ်မျိုးရှိပါတယ်။ Mould လောင်းပြီးတာနဲ့ ကိုယ်လိုချင်တဲ့ ရုပ်တုအမျိုးအစားပေါ် မူတည်ပြီးတော့ ဥပမာ ဖယောင်း၊ ကြေး၊ ရွှေ၊ သံ ၊ ခဲ၊ ငွေ၊ ဖိုက်ဘာ၊ စီလီကွန် စတဲ့ပစ္စည်းတွေကို အသုံးပြု ထုလုပ်ရတာပဲ ဖြစ်ပါတယ်။
■ အသုံးအများဆုံးနည်း
အခုနောက်ပိုင်း ပန်းပုထုလုပ်ရာမှာတော့ ပန်းပုဆရာ အများစုဟာဆိုရင် ထွင်းဖဲ့တဲ့နည်းထက် ဖို့ဖြည့်တဲ့နည်းကို ပိုမိုအသုံးပြုလာကြတာကို တွေ့ရပါတယ်။ ပလတ်စတာနဲ့ ပြုလုပ်တဲ့ ရုပ်တုတွေဟာဆိုရင် အခြားနိုင်ငံတွေမှာ အစောပိုင်း ကာလတွေတည်းက အသုံးပြုလာကြပေမယ့်လည်း မြန်မာနိုင်ငံမှာတော့ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှ စတင်အသုံးပြုလာကြတာပဲ ဖြစ်ပါတယ်။ ပန်းပုမှာဆိုရင် သစ်သားပန်းပုက သဘာ၀ ဘေးအန္တရာယ်တွေကြောင့် ပျက်စီးလွယ်တဲ့အတွက် သစ်သားပန်းပုအစား အခြားပစ္စည်းအမျိုးအစားနဲ့ ပန်းပုရုပ်တုတွေကို ပိုမို ထုလုပ်လာကြတာပဲ ဖြစ်ပါတယ်။
■ 3D Scanner ဖြင့် ပန်းပုနည်းပညာ
ပုံတူပန်းပုများကို အခု နောက်ပိုင်းမှာတော့ 3D Scanner များဖြင့် ပြုလုပ်လာတာတွေလည်း ရှိပါတယ်။ 3D Scanner ဆိုသည်မှာ အရာဝတ္ထုပစ္စည်းများ စက်ပစ္စည်းများရဲ့ပုံတူကိုလိုချင်ရင် ပြုလုပ်ရတဲ့ နည်းတစ်မျိုးဖြစ်ပြီး နောက်ပိုင်းမှာတော့ လူပုံတူများကိုပါ ပြုလုပ်လာကြတာပဲဖြစ်ပါတယ်။ 3D Scanner နဲ့ လူပုံတူပြုလုပ်မယ်ဆိုရင် လူပုံသဏ္ဌာန်အတိုင်း Scan ဖတ်ပြီး 3D Scanner ဖြင့် ပုံတူများပြုလုပ်ကာ စက္ကူ သို့မဟုတ် ကော်ဖြင့် ပြုလုပ်ကြတာ များပါတယ်။ ထိုသို့ 3D Scanner ဖြင့် လူပုံတူပြုလုပ်ပါက လူတစ်ကိုယ်လုံးစာကို နာရီ ၁၀၀ မှ နာရီ ၁၆၀ အထိ ကြာမြင့်နိုင်ကြောင်းလည်း သိရပါတယ်။ ထိုနည်းဖြင့် ပုံတူပြုလုပ်ပါက မျက်နှာပိုင်းပြုလုပ်ရာမှာ အခက်အခဲဆုံးဖြစ်ပြီး မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် နှစ်နှစ်ခန့်ကစ၍ တွင်ကျယ်လာခဲ့ခြင်း ဖြစ်ပါတယ်။
■ ဖယောင်းပန်းပု
ပန်းပုထုလုပ်ရာမှာ ဖယောင်းပန်းပုကတော့ မြန်မာနိုင်ငံမှာ အသုံးပြုမှု နည်းပါးနေသေးတာကို တွေ့ရပါတယ်။ နိုင်ငံတကာမှာတော့ ဖယောင်းရုပ်တုကို ကျယ်ကျယ်ပြန့်ပြန့် ထုလုပ်လာကြပြီးတော့ မဒမ်တူးဆော့လိုမျိုး နိုင်ငံတကာမှ နာမည်ကြီး အနုပညာရှင်၊ အတတ်ပညာရှင်တွေရဲ့ ပုံတူဖယောင်းရုပ်တု ကို သီးသန့်ထားရှိတဲ့ နေရာတွေလည်း ရှိပါတယ်။
■ မြေမီးဖုတ်ပန်းပု
ပန်းပုပညာရပ်တွေထဲကမှ မြေမီးဖုတ် အနုပညာဟာဆိုရင်လည်း ရှေးဘုရင်တွေ ခေတ်ကတည်းက ရှိခဲ့တဲ့ အနုပညာတစ်ခုဖြစ်သလို မြေကိုမီးဖုတ်ပြီးမှ အသုံးပြုရတဲ့ အသုံးအဆောင်တွေကို ဖန်တီးတာပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် ရှေးခေတ်က ထမင်းချက်ရာမှာ အသုံးပြုတဲ့ မြေအိုးတွေလိုမျိုးပဲဖြစ်ပါတယ်။မြေမီးဖုတ် အနုပညာဟာဆိုရင် မြန်မာနိုင်ငံမှာ ဟိုးအစောပိုင်း ကာလတွေကတည်းက ပေါ်ပေါက်ခဲ့တာ ဖြစ်ပေမယ့်လည်း နောက်ပိုင်းမှာတော့ အသုံးပြုမှုနည်းပါးလာတဲ့အပြင် ခေတ်မီအသုံးအဆောင်တွေ များပြားစွာ ဝင်ရောက်လာတဲ့အတွက် တဖြည်းဖြည်း ကွယ်ပျောက်လုနီးပါး ဖြစ်လာခဲ့ရပါတယ်။
တကယ်တော့ ပန်းပုပညာရပ်က အသုံးဝင်တဲ့ နေရာတွေများသလို ကိုယ်ရော၊ စိတ်ရော၊ ကာယနဲ့ ဉာဏ အားလုံးပေါင်းစပ်ပြီး ဖန်တီးထားရတဲ့ နက်ရှိုင်းတဲ့ အနုပညာတစ်ခု ဖြစ်တဲ့အတွက် အမှန်တကယ် စိတ်ပါဝင်စားသူတွေမှသာလျှင် Professional ရပ်တည်လို့ရနိုင်တဲ့ ပညာရပ်တစ်ခု ဖြစ်တယ်လို့လည်း ပန်းပုလောကမှ ပညာရှင်များရဲ့ ပြောကြားချက်အရ သိရပါတယ်။
“ပန်းပုပညာက အနုပညာတစ်ခုဖြစ်တဲ့အတွက် အနုပညာဆန်မှ လှပကောင်းမွန်တဲ့ ရုပ်တုတွေကို ရရှိမှာပဲဖြစ်ပါတယ်။ ပန်းပုဆရာရဲ့ စိတ်ခံစားမှုနဲ့ ဖန်တီးတဲ့ ပန်းပုရုပ်တုတွေက သူများလာအပ်လို့ ထုလုပ်ပေးရတဲ့ ပန်းပုရုပ်တုတွေထက်စာရင် ပိုပြီးတော့ အသက်ဝင်တယ်”လို့ အနုပညာတက္ကသိုလ် ပန်းပုဌာနမှ တွဲဖက်ပါမောက္ခ ဦးမြင့်လွင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာတော့ ပန်းပုပညာရပ်က သိပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် မရှိသေးတဲ့အပြင် နှစ်စဉ် ပန်းပုပြပွဲပြုလုပ်မှုဟာလည်း အလွန်တရာ နည်းပါးနေတာကို တွေ့မြင်ရပါတယ်။ ပန်းပုနဲ့ပတ်သက်ပြီး ပံ့ပိုးမှုအားနည်းနေတဲ့အပြင် အချင်းချင်း ပေါင်းစပ်ဖန်တီးမှု အားနည်းနေသေးတဲ့အတွက်လည်း ပန်းပုပညာဟာ ထင်သလောက် ရှေ့တန်းမရောက်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင်လည်း ပန်းပုပညာ ရပ်က အခြားအနုပညာတွေလို မကျယ်ပြန့်တဲ့အတွက်ကြောင့် အခုနောက်ပိုင်း လူအများစုက ပန်းပုပညာရပ်ကို ရွေးချယ် သင်ယူမှု လွန်စွာနည်းပါးလာတာပဲဖြစ်ပါတယ်။
ယင်းအပြင် ပန်းပုဆရာတွေ ဖန်တီးထုလုပ်လိုက်တဲ့ ပန်းပုရုပ်တုအရွယ်အစားမျိုးစုံကို သီးသန့်ထားရှိနိုင်တဲ့ နေရာတွေလည်း ဖန်တီး ပေးနိုင်ကြမယ်ဆိုရင်ဖြင့် တိမ်မြုပ်လုနီးပါးဖြစ်နေတဲ့ ပန်းပုလောကက ပြန်လည်သက်ဝင်လာမယ်လို့ ပန်းပုလောက အသိုင်းအဝိုင်းရဲ့ အကြံပေးချက်များကိုလည်း ထည့်သွင်း တင်ဆက်ပေးလိုက်ပါတယ်။
-
ပတ်စ်ပို့အသိမ်းခံထားရသော်လည်းဘရာဇီးလ်ခရီးသွားလုပ်ငန်း သံတမန်အဖြစ်ရော်နယ်လ်ဒင်ဟို ခန့်အပ်ခံရ
-
ယူရိုခြေစစ်ပွဲတွင် ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေသည့် ရော်ဘီကင်း၏စံချိန်ကို ကျော်ဖြတ်ရန် စီရော်နယ်လ်ဒို (၃) ဂိုးသာလိုတော့
-
ပယ်နယ်တီနှင့်ပတ်သက်၍ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကို ဆောက်သမ်တန် ဂန္ထဝင်လီတက်ဆီယာ ဝေဖန်
-
အာဆင်နယ်ကွင်းလယ်လူ ချာကာကို ရောင်းရန်တောင်းဆိုသည့် ပို့စ်ကို အူဘာမီယန်း Like ပေး
-
ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း ၀ါရင့်တိုက်စစ်မှူး အီတူး တရားဝင်ကြေညာ