Top News

ဥရောပသမဂ္ဂ ထိပ်တန်းရာထူးများ အတွက် အင်အားကြီးနိုင်ငံများ အကြား သဘောထားကွဲလွဲ
24htopnews | November 22, 2024 6:12 AM CST

သက်တမ်းရင့် နိုင်ငံရေး မဟာမိတ်များအား အကွဲကွဲအပြားပြား ဖြစ်စေခဲ့ပြီး ဥရောပ အနာဂတ် အစီအစဉ်အတွက် မေးခွန်းထုတ်စရာ ဖြစ်စေခဲ့သည့် ပါလီမန်ရွေးကောက်ပွဲများ ကျင်းပခဲ့အပြီး ဥရောပသမဂ္ဂ ထိပ်တန်းခေါင်းဆောင်များသည် အဖွဲ့၏ ထိပ်တန်းရာထူးများအတွက် အမည်စာရင်း တင်သွင်းမှုတွင် မေ ၂၈ ရက်၌ သဘောကွဲလွဲခဲ့ကြသည်။

ဘရပ်ဆဲလ်၌ ကျင်းပခဲ့သော ထိပ်သီး၌ လာမည့်ငါးနှစ်အတွက် ဥရောပသမဂ္ဂ၏ သြဇာကြီး အုပ်ချုပ်ရေး လက်တံဖြစ်သည့် ဥရောပကော်မရှင်အား ဦးဆောင်မည့်သူနှင့် ပတ်သက်၍ အဓိက အင်အားကြီး ပြင်သစ်၊ ဂျာမနီနှင့် စပိန်တို့အကြား သဘောထား ကွဲလွဲခဲ့ကြသည်။ လူဇင်ဘတ်ဝန်ကြီးချုပ်ဟောင်း ယန်းကလော်ဒီယန်ကာ ဥရောပကော်မရှင် ဥက္ကဋ္ဌအဖြစ် လာမည့် အောက်တိုဘာ ၃၁ ရက်အထိ ထမ်းဆောင်မည်ဖြစ်သည်။

ပြီးခဲ့သော သီတင်းပတ်တွင် ကျင်းပခဲ့သော ဥရောပပါလီမန် ရွေးကောက်ပွဲ၌ နှစ်ပေါင်း ၂၀ အတွင်း မဲလာပေးသူ အရေအတွက် အမြင့်ဆုံးဖြစ်ခဲ့ရာ ခေါင်းဆောင်များကလည်း မဲဆန္ဒရှင်များ၏ စိုးရိမ်မှုများအား အလျင်အမြန် တုံ့ပြန်လိုကြောင်း ပြသလိုနေသည်။ ၎င်းတို့သည် ထိပ်တန်းရာထူး လေးခုဖြစ်သော ဥရောပ ကော်မရှင်ဥက္ကဋ္ဌ၊ ဒေါ်နယ်တက်စ်၏ နေရာကို အစားထိုးမည့် ဥရောပ ကောင်စီ ဥက္ကဋ္ဌ၊ ပြည်ပမူဝါဒရေးရာ အကြီးအကဲ၊ ဥရောပ ဗဟိုဘဏ်ဥက္ကဋ္ဌ စသည့်တို့ကို ဇွန် ၂၁-၂၂ ထိပ်သီး၌ ရွေးချယ်နိုင်ရန် ကြိုးပမ်းနေကြသည်။

ဥရောပပါလီမန်တွင် ပထမဆုံးအကြိမ်အဖြစ် စီးပွားရေး လိုလားသော လစ်ဘရယ် အဖွဲ့သစ်တစ်ဖွဲ့နှင့် ၎င်း၏ပါတီက ပူးပေါင်းခဲ့သည့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ထိပ်တန်းရာထူးများအား ရွေးချယ်မှုများသည် ဥရောပ မဲဆန္ဒရှင်များက တောင်းဆိုနေသည့် နိုင်ငံရေး အစီအစဉ်သစ်ကို ကိုယ်စားပြုရမည် ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ အစီအစဉ်သစ် ဆိုသည်မှာ မိမိတို့သည် အကျင့်ဟောင်းများအား တစ်ကျော့ပြန်၍ မရသည်ကို ဆိုလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုရာထူးများအတွက် အမည်စာရင်း သွင်းမှုများတွင် တန်းတူရည်တူရှိရန်သည် အလွန်အမင်း အရေးကြီးကြောင်း၊ အမည်စာရင်း သွင်းခံရသူများတွင် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး ပါဝင်နေကြောင်း၊ နိုင်ငံရေး အယူအဆအရရော ပထဝီနိုင်ငံရေးအရပါ မျှခြေညီမှုလည်း ရှိသင့်ကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။ ထိပ်တန်းရာထူးများအတွက် အမျိုးသမီးနှစ်ဦးကို ခန့်အပ်ရန် ရည်မှန်းထားကြောင်း အခြားခေါင်းဆောင် များကလည်း ပြောကြားခဲ့ကြသည်။

ယန်ကာနေရာအား အစားထိုးရန်အတွက် ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်က အဆိုပြုသည့် Manfired Weber သည် အတွေ့အကြုံ အားကောင်းခြင်း မရှိကြောင်း ဆိုကာ မက်ခရွန်က မထောက်ခံသည့်ပုံစံ ပြခဲ့သည်။ ဘာဗေးရီးယားပြည်နယ ်ဥပဒေပြု အမတ်ဟောင်း တစ်ဦးဖြစ်သည့် Weber သည် အစိုးရအဖွဲ့ သို့မဟုတ် ဥရောပ ကော်မရှင်ကဲ့သို့ အဓိက အဖွဲ့အစည်း တစ်ရပ်ရပ်တွင် ထမ်းဆောင်ဖူးသည့် အတွေ့အကြုံ မရှိပေ။ ၎င်းသည် ၂၀၁၄ ခုနှစ်နောက်ပိုင်း European People’s Party (EPP) ကို ဦးဆောင်ခဲ့သော်လည်း EPP သည် ယခုရွေးကောက်ပွဲတွင် အမတ်နေရာများကို ဆုံးရှုံးခဲ့ရသည်။

ယခုအခါ ဥရောပသမဂ္ဂ၏ ယှဉ်ပြိုင်ရေးဆိုင်ရာ မဟာမင်းကြီးဖြစ်သည့် ဒိန်းမတ်နိုင်ငံရေးသမား Marge – the Vestager သည် ယန်ကာနေရာကို အစားထိုးရန် သင့်လျော်သူဟု မက်ခရွန်က ပြောကြားခဲ့သည်။ Brexit အတွက် ဥရောပသမဂ္ဂကိုယ်စား ဗြိတိန်နှင့် ညှိနှိုင်းခဲ့သည့် မီချယ်ဘာနီယာသည်လည်း ထိုရာထူးအတွက် အမည်စာရင်း သွင်းခံထားရသည်။                                        

Ref : AFP


READ NEXT
Cancel OK