အစိုးရတစ်ရပ်အနေဖြင့် ပြည်သူများထံမှ အခွန်ကောက်ပြီး ရပ်တည်ရတော့မည်ဆိုပါက ဘဏ္ဍာငွေများကို ပရမ်းပတာသုံးစွဲနေ ၍မရဘဲ ဘတ်ဂျက်ဖြင့် သူဌေးဖြစ်ကြံနေသူများနှင့် ကြံရာပါများကို ဖော်ထုတ်အရေးယူမှုများ လုပ်ရလိမ့်မည်ဟု မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၈) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောကြားသည်။
ဖေဖော်ဝါရီ ၆ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာ ခြောက်လပတ် အခွန်ကောက်ခံရရှိမှုနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီ ရင်ခံစာအပေါ်ဆွေးနွေးစဉ် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“အစိုးရတစ်ရပ်အနေနဲ့ ပြည်သူတွေဆီက အခွန်တွေကောက်ပြီး ရပ်တည်ရတော့မယ်ဆိုရင် ဘဏ္ဍာငွေတွေကို ပရမ်းပတာ သုံးစွဲ နေလို့မရပါဘူး။ အခွန်ထမ်းပြည်သူတွေရဲ့ မျက်နှာကြည့်ရပါတော့မယ်။ ဘတ်ဂျက်ပြုန်းတီးမှု မဖြစ်အောင် စိစစ်ရပါမယ်။ ဘတ်ဂျက်နဲ့ သူဋ္ဌေးဖြစ် ကြံနေသူတွေနဲ့ ကြံရာပါတွေကိုပါ ဖော်ထုတ်အရေးယူတာတွေ လုပ်ရပါလိမ့်မယ်။ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေက သိပ်အရေးကြီးသလို လုပ်မှားကိုင်မှားဖြစ်ခဲ့ရင်လည်း ဒီကိစ္စအပေါ်မှာ ဖြေရှင်းမှု၊ တာဝန်ခံမှုရှိရပါမယ်။ ဒါဟာ ဒီမိုကရေစီရဲ့ ပြယုဂ်ဖြစ်ပါတယ်” ဟု ဦးမျိုးဝင်းက ဆွေးနွေးသည်။
ပြည်သူများထံမှ အခွန် အပြည့်အဝလိုချင်ပါက အခွန်ကဏ္ဍကို ကိုင်တွယ်သုံးစွဲသူများဘက်မှ အပြည့်အဝ ပွင့်လင်းမြင်သာရှိကြ ရမည်ဖြစ်ကြောင်း ဦးမျိုးဝင်းက ဆွေးနွေးခဲ့သည်။
“ကျွန်တော်တို့ဆီမှာ တာဝန်ခံမှု၊ တာဝန်ယူမှု အလေ့အထက ကနေ့အထိ မထွန်းကားသေးပါဘူး။ ဥပမာ ဆွာရေပိုလွှဲ ကျိုး တယ်။ မိုးကြီးလို့ဆိုတာနဲ့ ပြီးသွားပြီ။ ဒီဇိုင်းရဲ့ အားနည်းချက်၊ သံချောင်းတွေ ခိုးထား မထား၊ အရည်အသွေးပိုင်းဆိုင်ရာ စစ်ဆေးတွေ့ရှိ ချက်၊ ဒါတွေကို သက်ဆိုင်ရာဝန်ကြီးဌာနက ပြည်သူကို ပြန်လည်ရှင်းပြတဲ့ အလေ့အထ မွေးမြူကြရပါမယ်။ ဘာလို့လဲဆိုတော့ ဒီပျက်စီးမှုဟာ ပြည်သူအားလုံးနဲ့ဆိုင်တဲ့ နိုင်ငံ့ဘဏ္ဍာကို သုံးစွဲထားလို့ပါပဲ။ အဲဒီလိုပါပဲ။ အွန်လိုင်းမှာ နာမည်ကြီးခဲ့တဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် ကိစ္စ၊ အဆင့်မရှိတဲ့ နိုင်ငံခြားတက္ကသိုလ်တွေနဲ့ချိတ်ဆက်ပြီး ဘွဲ့ပေးနေတဲ့ကိစ္စတွေကို ရပ် လိုက်ပါပြီဆိုရုံနဲ့ ပြီးသွားရောလား။ ပြည်သူတွေကို ရှင်းပြတတ်တဲ့ အလေ့အထ၊ ကိုယ့်တာဝန် ကိုယ်ယူတဲ့ အမူအကျင့်တွေကို မွေးမြူနိုင်မှသာ ဒီမိုကရေစီကို သွားနိုင်မှာဖြစ်ပါတယ်” ဟု ဦးမျိုးဝင်းက ဆွေးနွေးသည်။
လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် လျာထားချက်တွင်လည်း ယခင်နှစ်များအတိုင်းကဲ့သို့ပင်ဖြစ်နေသည်ကို တွေ့ရ ကြောင်း၊ ဝင်ငွေခွန်ကောက်ခံရရှိမှု ရပ်တန့်နေသည်ကို သုံးသပ်ကြည့်ရာတွင် နိုင်ငံ၏ စီးပွားရေး လေးလံနှေးကွေးနေခြင်း၊ အခွန် ပေးသွင်းရမည့် ဝင်ငွေရှိသူအများစုသည် နိုင်ငံတော်အတွက် ကူညီထောက်ပံ့ပေးရမည် ဆိုသည့် အခွန်အသိနည်းပြီး ရသမျှ အခွန် ရှောင်လိုနေခြင်း၊ တာဝန်ကျေအခွန်ဆောင်ခြင်း၊ အချို့မှာ ဌာနဆိုင်ရာများ၏ ဝန်ဆောင်မှုနှင့် လုပ်ပုံကိုင်ပုံများကို အားမရ၍ စေတနာမရှိခြင်း၊ အခွန်ဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ထပ်တိုးကြိုးစားလုပ်ဆောင်လိုစိတ်နည်းခြင်း၊ နည်းလမ်းသစ် မကြံဆနိုင်ခြင်းများအပြင် ကိုယ်ကျိုးရှာမှုများ ရှိနေခြင်းကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီပေါင်း ၈၀,၀၀၀ ကျော်ရှိကြောင်း၊ ယင်းကုမ္ပဏီများထဲတွင် ကုမ္ပဏီ ၃၆,၀၀၀ ခန့်သာ အခွန်ဆောင်နေကြကြောင်း၊ လူဦးရေ ၅၂ သန်းခန့်တွင် အခွန်ဆောင်သူမှာ တစ်သန်းပင် မပြည့်သည့်အတွက် လူ ၁၀၀ တွင် တစ်ဦးခန့်သာ အခွန်ဆောင်သည့်သဘော ဖြစ်နေပြီး အခွန်ဆောင်သူနည်းပါးနေသည်ကို တွေ့မြင်နိုင်ကြောင်း ဦးမျိုးဝင်းက ဆွေးနွေးခဲ့သည်။
“အခု ဒီမှာဖြစ်နေတာက အခွန်ရှောင်နေကြတာကို ဌာနကလည်း မကြပ်မတ်နိုင်၊ သာမန်လူအနေနဲ့လည်း ဘယ်သူက အခွန် ဘယ်လောက် ဆောင်တယ်ဆိုတာ သိရှိဖို့ အင်မတန် ခက်ခဲနေတဲ့အပြင် အခွန်ထမ်းရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို လျှို့ဝှက်ထားပေးရမယ်ဆိုတဲ့ ကန့်သတ်ချက် အောက်ထဲကို ဒီအခွန်ဆောင်တဲ့ ငွေကိုပါ လုံးထွေးထည့်လိုက်တဲ့အတွက် အခွန်ရှောင်ထားတဲ့သူတစ်ဦးကို စုံစမ်းဖော်ထုတ်ဖို့ဆိုတာ အင်မတန်ခက်ခဲသွားပြီး လူလည်တွေ အခွန် လျှော့ဆောင်လို့ရအောင် ဥပဒေက အကာအကွယ် ပေးထားတဲ့သဘောကို ဖြစ်ပေါ်စေပါတော့တယ်” ဟု ဦးမျိုးဝင်းက ဆိုသည်။
-
ဦးနိုင်ငံလင်းနှင့် NLD ပါတီဝင်အချို့ တိုက်ခိုက်ခံရမှုမှ စွပ်စွဲခံရသူ သုံးဦးအား သာကေတမြို့နယ် တရားရုံး၌ ရုံးထုတ်၍ သက်သေခံပစ္စည်း သိမ်းဆည်းရာတွင် ပါဝင်သူ တစ်ဦးကို တရားလိုပြသက်သေအဖြစ် စစ်ဆေး
-
ဧပရယ် ပြီးတော့ မေ...
-
မြန်မာ့ပန်းပု အနုလက်ရာ
-
မြောက်ဥက္ကလာပမြို့နယ်တွင် ဆယ်ကျော်သက်အရွယ် ကျောင်းသူသုံးဦး ကျူရှင်သွားရာမှ ပျောက်ဆုံးနေဟု သိရ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အာရှရှိ တရုတ်စီမံကိန်းအများအပြား နှောင့်နှေး