ချင်းပြည်နယ်အတွင်း ၆၀ မဂ္ဂါဝပ်မှအမြင့်ဆုံး ၆၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ် ဓာတ်အားပေစက်ရုံစီမံ ကိန်းများ အကောင်အထည်ဖော်မည်ဖြစ်သဖြင့် ပြည်တွင်းပြည်ပ ရင်းနှှီးမြှုပ်နှံမှုများကို ချင်းပြည်နယ်အစိုးရအဖွဲ့က ဖိတ်ခေါ်လျက်ရှိသည်။
ယင်းသို့ အကောင်အထည်ဖော်ရန် စီစဉ်ထားသည့် ရေအားလျှပ်စစ်စီမံကိန်းများမှာ ပလက်ဝမြို့နယ်၊ လေးမြို့မြစ်ပေါ်တွင် ခန့်မှန်းမဂ္ဂါဝပ် ၆ဝဝရှိ ရေအားလျှပ်စစ်စီမံကိန်းအတွက် စီမံကိန်းဖြစ်နိုင်ခြေအား လေ့လာလျက်ရှိကြောင်း၊ ဖလမ်းမြို့နယ်အတွင်း မဂ္ဂါဝပ် ၃၈ဝအထိ ထုတ်လုပ်နိုင်မည့် မဏိပူရ ရေအားလျှပ်စစ်စီမံကိန်းမှာ တည်ဆောက်ရန် ပြင်ဆင်လျက်ရှိကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။
ဖလမ်းမြို့နယ် မဏိပူရမြစ်ပေါ်တွင် မဂ္ဂါဝပ် ၃၂ဝအထိ ထုတ်လုပ်နိုင်မည့် Manipur စီမံကိန်းကိုလည်းကောင်း၊ ပလက်ဝမြို့နယ် ကုလားတန်မြစ်ပေါ်တွင် မဂ္ဂါဝပ် ၂၀၀ အထိ ထုတ်လုပ်နိုင်မည့် Mil chang ရေအားလျှပ်စစ် စီမံကိန်းကိုလည်းကောင်း၊တွန်းဇံမြို့နယ်အတွင်း မဏိပူရမြစ်ပေါ်တွင် မဂ္ဂါဝပ် ၂၄၀ ထုတ်လုပ်နိုင်မည့် Naak Zang စီမံကိန်းကိုလည်းကောင်း၊မတူပီမြို့နယ် Bawinu မြစ်ပေါ်တွင် မဂ္ဂါဝပ် ၂၄၀ ထုတ်လုပ်နိုင်မည့် Darling (Bawinu) စီမံ ကိန်းကိုလည်းကောင်း၊ တီးတိန်မြို့နယ်အတွင်း မဂ္ဂါဝပ် ၂၈၀ ထွက်ရှိမည့် Lai Tui စီမံကိန်းကိုလည်းကောင်း၊ ထန်တလန်မြို့နယ် အတွင်း မဂ္ဂါဝပ် ၈၅ ထွက်ရှိမည့် Naring (Boinu) စီမံကိန်းကိုလည်းကောင်း၊ မတူပီမြို့နယ်အတွင်း မဂ္ဂါဝပ် ၆ဝထွက်ရှိမည့် မတူ ပီစီမံကိန်းကိုလည်းကောင်း အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း သိရသည်။
ချင်းပြည်နယ်အတွင်း သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးထုတ်ကုန်များကို ပလက်ဝဘက်မှ ပင်လယ်ကူးသင်္ဘော များဖြင့် နိုင်ငံတကာသို့ ရောင်းချနိုင်သည့် အခြေအနေများကြောင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွင် လာရောက်လုပ်ကိုင်ကြရန် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကို ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က တိုက်တွန်းလိုက်သည်။
“ကျွန်တော်တို့ ချင်းပြည်နယ်မှာ ဘာမှမလုပ်ရသေးတဲ့ သတ္တုတူးဖော်ရှာဖွေရေးလုပ်ငန်းတွေရှိတယ်။ ပြည်နယ်အတွင်းမှာ ပေါ့နော်။ စမ်းသပ်စစ်ဆေးမှုလည်း လုပ်ပြီးသားဆိုလို့ရှိရင် ခရိုမိုက်တို့၊ နီကယ်တို့၊ ကြေးနီရယ်စသည်ဖြင့်ပေါ့၊ သတ္တုတွေ ထွက်ရှိ တယ်။ အဲဒီလုပ်ငန်းတွေလည်းပဲ ဘယ်သူမှ လုပ်ကိုင်ခြင်းမရှိသေးတဲ့အတွက် အရင်ဆုံး နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမယ့်သူ၊ နောက်ပြီး ပြည်တွင်းက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မယ့်သူတွေကိုလည်းပဲ လာရောက်ပြီးတော့ ဒီသတ္တု လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်စေချင်တယ်” ဟုချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ပြောကြားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့်အစပ် ချင်းပြည်နယ်အရှေ့ဘက် တောင်ကြောတစ်လျှောက် ကြေးနီနှင့် ခရိုမိုက်သတ္တုထုတ်လုပ်နိုင်သည့် အလားအလာကောင်းများရှိနေသဖြင့် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ပြည်တွင်းလုပ်ငန်းရှင်များကို အဓိကထား ဖိတ်ခေါ်ကြောင်း ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။
ချင်းပြည်နယ်အတွင်း အကြီးစား ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သည့် အလားအလာအရှိဆုံး နေရာများတွင် ရင်းနှီးမြှုပ်နှံရန် လာရောက်ဆွေးနွေးလျက်ရှိပြီး တရုတ်၊ ဂျပန်နှင့် နော်ဝေနိုင်ငံမှ ကုမ္ပဏီများက လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးဆိုင်ရာဖြစ်နိုင်ခြေ စူးစမ်းလေ့လာရန် စိတ်ဝင်စားနေကြောင်း ချင်းပြည်နယ်ရှိ ဒေသန္တရစီးပွားရေးလုပ်ငန်းဖွံ့ ဖြိုးမှုအတွက် စိန်ခေါ်မှုနှင့်အခွင့်အလမ်းများ အစီရင်ခံစာတွင်ဖော်ပြထားသည်။
-
၂၀၁၉ ခုနှစ် ကမ္ဘာ့စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို ကမ္ဘာ့ဘဏ်က လျှော့ချ
-
Third Party မရှိမီ တည်ဆောက်ဆဲလုပ်ငန်းများ၏ အရည်အသွေးအား ဆိုင်ရာဝန်ကြီးများက တာဝန်ယူစစ်ဆေးမှုကို ဘီးလင်းမြို့နယ်တွင် စောင့်ကြည့်သွားမည်ဟုဆို
-
Eleven Media Group နှင့် စေတနာရှင်များပူးပေါင်း၍ သောက်သုံးရေရှားပါးနေသော ညောင်ဦးမြို့နယ် ပနီတွင်းကျေးရွာနှင့် ကံကျဲတဲတိုက်တို့မှ အိမ်ခြေ ၂၀၀ ကျော်အတွက် သောက်သုံးရေလှူဒါန်း
-
လျှပ်စစ်မီးပြတ်မှုများကြောင့် ရေတွန်းစက်များ ဟန်ချက်ညီစွာမမောင်းနှင်နိုင်သဖြင့် အချို့နေရာများ ရေဖိအားနည်းခြင်း၊ ရေပြတ်တောက်ခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း ရန်ကုန်မြို့တော်ဝန် အသိပေးတောင်းပန်
-
ချောက်မြို့နယ်တွင် နှစ်ပေါင်း ၄၉ နှစ်အတွင်း အမြင့်ဆုံးအပူချိန် ၄၇ ဒသမ ၁ ဒီဂရီစင်တီဂရိတ်အထိ စံချိ်န်တင်ပူပြင်း