ကုန်သွယ်ရေး ပဋိပက္ခများ၊ ဘဏ္ဍာရေးဆိုင်ရာ ကျပ်တည်းမှုများနှင့် ချမ်းသာသော နိုင်ငံများတွင် မမျှော်လင့်ဘဲ အလွန်အမင်း ကျဆင်းမှုများကြောင့် ကမ္ဘာ့ဘဏ်က ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို ဇွန် ၄ ရက်တွင် လျှော့ချခဲ့သည်။
၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးတိုးတက်မှုသည် ၂.၆ ရာခိုင်နှုန်းရှိမည်ဟု ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အေဂျင်စီတစ်ခုဖြစ်သော ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့သည်။ ယင်းအတွက်ကြောင့် ၂၀၁၆ ခုနှစ်နောက်ပိုင်း ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း စီးပွားရေးတိုးတက်မှုသည် အနိမ့်ဆုံးဖြစ်လာမည်ဖြစ်ပြီး ပြီးခဲ့သော ဇန်နဝါရီတွင် ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည့် ၂.၉ ရာခိုင်နှုန်းအောက် ကျဆင်းခြင်းလည်းဖြစ်သည်။
၂၀၁၉ ခုနှစ်တွင် အမေရိကန်စီးပွားရေးတိုးတက်မှုသည် ၂.၅ ရာခိုင်နှုန်း၌ရှိနေမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့သော်လည်း ကမ္ဘာပေါ်ရှိ အဓိကဒေသအားလုံးမှ စီးပွားရေးတိုးတက်နှုန်းကိုမူ လျှော့ချခဲ့သည်။
ယူရိုငွေကြေးသုံးစွဲသော နိုင်ငံ ၁၉ နိုင်ငံတွင် ပြီးခဲ့သောနှစ်၌ စီးပွားရေးတိုးတက်မှုသည် ၁.၈ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ်၌ ၁.၂ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့ရာ ပြီးခဲ့သောဇန်နဝါရီတွင် ခန့်မှန်းခဲ့သည့် ၁.၆ ရာခိုင်နှုန်းထက် ကျဆင်းခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အစိုးရက တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲမှုကြောင့် အားလျော့နေခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးသည် ယခုနှစ်တွင် ၂.၆ ရာခိုင်နှုန်းသာ တိုးတက်မည်ဟု ခန့်မှန်းထားရာ ၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းအပြီး အားအနည်းဆုံး တိုးတက်မှုဖြစ်သည်။
အမေရိကန်၏ နည်းပညာဆိုင်ရာ လွှမ်းမိုးထားမှုအား ကျော်တက်ရန် တရုတ်၏ ထက်သန်သော ကြိုးပမ်းမှုများကြောင့် အချင်းများခဲ့ပြီး ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံက ဒေါ်လာဘီလျံ ရာပေါင်းများစွာ တန်ဖိုးရှိ သွင်းကုန်များအား စည်းကြပ်ခွန်များ အပြန်အလှန်တိုးမြှင့်ခဲ့ကြသည်။
၎င်းတို့ နှစ်နိုင်ငံအကြား အားပြိုင်မှုကြောင့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်၊ ကုန်ပစ္စည်းထောက်ပံ့ပေးသွင်းမှုများကို ဝယ်ယူရန်နှင့် စက်ရုံများကိုတည်ထောင်ရန် နေရာနှင့် အချိန်ကို ဆုံးဖြတ်ရမည့် စီးပွားရေးလုပ်ငန်းများအတွက် မရေရာမှုများစွာ ထွက်ပေါ်ခဲ့သည်။
စိုးရိမ်ပူပန်ရတော့မည်ဟု တွန်းအားမပေးရသေးကြောင်း၊ သို့သော် ကုန်သွယ်ရေးဆိုင်ရာ ရန်လိုမှုများသည် ဆက်လက်ဖြစ်ပွားနေလျှင် စီးပွားရေးတိုးတက်မှု ပိုမိုကျဆင်းနိုင်ခြေရှိကြောင်းကို သတင်းစကား ပေးလိုခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှ ဘောဂဗေဒပညာရှင် အိုင်ဟန်ကိုဆေးက ပြောကြားခဲ့သည်။ ၎င်းတို့အကြား သဘောထားကွဲလွဲမှုများအား ဖြေရှင်းရန်အတွက် နည်းလမ်းများရှာဖွေရန် မူဝါဒချမှတ်သူများအတွက် အရေးကြီးဆုံး အချိန်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်ပြီးလျှင် ကမ္ဘာတွင် ဒုတိယမြောက် စီးပွားရေးအင်အားအကြီးဆုံးဖြစ်သော တရုတ်သည် ၂၀၁၉ ခုနှစ်တွင် စီးပွားရေးတိုးတက်မှု ၆.၂ ရာခိုင်နှုန်းရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့ရာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း အားအနည်းဆုံး တိုးတက်မှုဖြစ်လာမည် ဖြစ်သည်။
ဂျပန်စီးပွားရေးတိုးတက်မှုသည်လည်း ပြီးခဲ့သောနှစ်ကအတိုင်း ၀.၈ ရာခိုင်နှုန်းသာ တိုးတက်မည်ဟု ခန့်မှန်းထားသည်။ တူရကီစီးပွားရေးသည် တစ်ရာခိုင်နှုန်းနှင့် အာဂျင်တီးနားသည် ၁.၂ ရာခိုင်နှုန်းစီ ကျုံ့သွားမည်ဟု ခန့်မှန်းထားသည်။
-
■ ၂၀၁၅ မှ ၂၀၂၄ ခုနှစ်အထိ အပြောင်းအရွှေ့အသုံးစရိတ်အများဆုံးအဖြစ် မန်ယူအသင်း ရပ်တည်နေပြီး ထိပ်ဆုံး (၁၀) သင်းတွင် ပရီးမီးယားလိဂ်ကလပ် (၆)သင်းပါဝင်
-
■ ဖလော်ရီယန်ဗက်ဇ်အား ခေါ်ယူရန် မန်စီးတီးအခွင့်အရေးအသာရနေပြီဟု မီဒီယာများဖော်ပြ
-
■ စပို့တင်းလစ္စဘွန်းကစားသမား(၂) ဦးဖြစ်သည့် ဒိုင်အိုမန်ဒီနှင့် ကွမ်ဒါတို့အား မန်ယူအသင်း ခေါ်ယူရန် စီစဉ်နေ
-
■ လာမည့်(၅)နှစ်အတွက် ဟာလန်းကို ပေါင်သန်း(၁၀၀)ဖြင့် သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုရန် မန်စီးတီးအသင်း စီစဉ်နေ
-
■ အန်ဇိုဖာနန်ဒက်ဇ်ကို အငှားဖြင့်ခေါ်ယူရန် အက်သလက်တီကိုအသင်း စိတ်ဝင်စား