Top News

ချောက်မြို့နယ်တွင် နှစ်ပေါင်း ၄၉ နှစ်အတွင်း အမြင့်ဆုံးအပူချိန် ၄၇ ဒသမ ၁ ဒီဂရီစင်တီဂရိတ်အထိ စံချိ်န်တင်ပူပြင်း
24htopnews | November 22, 2024 1:12 PM CST

ချောက်မြို့နယ်၌ နှစ်ပေါင်း ၄၉ နှစ်အတွင်း အမြင့်ဆုံးအပူချိန် ၄၇ ဒသမ ၁ ဒီဂရီ စင်တီဂရိတ်အထိ စံချိန်တင်ပူပြင်းခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မေ ၁၀ ရက်တွင် ထုတ်ပြန်သည့်  အပူချိန်စံချိန်သစ်တင်ခဲ့သည့် မြို့များသည် ကျောက်ဆည်၊ ချောက်၊ ဂန့်ဂေါနှင့် လွိုင်ကော်မြို့တို့တွင် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။

ကျောက်ဆည်မြို့တွင် ၂၀၁၆ ခုနှစ် မေ ၁၂ ရက်က ၄၂ ဒီဂရီစင်တီဂရိတ်အထိ အမြင့်ဆုံးဖြစ်ခဲ့ပြီး ယခုနှစ် မေ ၁၀ ရက်တွင် ၄၃ ဒသမ၂ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်ခဲ့ကြောင်း၊ ချောက်မြို့တွင် ၂၀၁၂ ခုနှစ် မေ ၁၈ ရက်က အမြင့်ဆုံးအပူချိန် ၄၆ ဒသမ ၄ ဒီဂရီစင်တီဂရိတ်အထိရှိခဲ့ပြီး ယခုနှစ် မေ ၁၀ ရက်တွင် ၄၇ ဒသမ ၁ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင် ပူပြင်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ဂန့်ဂေါမြို့တွင် ၁၉၉၉ ခုနှစ် မေ ၃ ရက်က တင်ခဲ့သည့် ၄၅ ဒသမ ၃ ဒီဂရီစင် တီဂရိတ်အား ယခုနှစ်တွင် ၄၆ ဒီဂရီစင်တီဂရိတ်အထိ ပိုမိုပူပြင်းခဲ့ကာ လွိုင်ကော်မြို့တွင် ၂၀၁၆ ခုနှစ် မေ ၁၁ ရက်က ၃၈ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်ပူပြင်းမှုထက် ယခုနှစ် မေ ၁၀ ရက်တွင် ၃၈ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ ပိုမိုပူပြင်းခဲ့ကြောင်း မိုးဇလထုတ်ပြန်ချက်အရ သိရသည်။

“စံချိန်တင်ပူပြင်းတာကတော့ မတ်လကုန်လောက်အထိရှိနိုင်တယ်။ မုတ်သုံဝင်ပြီးသွားရင်တော့ အပူချိန်ပြန် လျော့သွားနိုင်တယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

ယခုနှစ်နွေရာသီကာလ မတ်လမှ မေလအထိ စံချိန်တင်ပူပြင်းမှုများဖြစ်ပေါ်ခဲ့ပြီး စုစုပေါင်း ၃၄ ကြိမ်အထိ စံချိန်တင်ပူပြင်းမှုများ ဖြစ်ပွားခဲ့သည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ မေ ၁ဝရက် မိုးလေဝသ ထုတ်ပြန်ချက်တွင် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့အပြား၊ မွန်ပြည်နယ်တွင် နေရာစိပ်စိပ်၊ ကချင်ပြည်နယ်တွင် နေရာကျဲကျဲ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး မွန်ပြည်နယ်တွင် ဒေသအလိုက်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းကြောင်း၊ နေ့အပူချိန်များမှာ ကယားပြည်နယ်တွင် မေလ၏ ပုံမှန်အပူချိန်ထက် ခုနစ်ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မေလ၏ ပုံမှန်အပူချိန်တို့ထက် ငါးဒီဂရီစင်တီဂရိတ်မှ ခြောက်ဒီဂရီစင်တီဂရိတ်အထိ၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မေလ၏ ပုံမှန်အပူချိန်တို့ထက် နှစ်ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး၊ ကရင်ပြည်နယ်တွင် မေလ၏ ပုံမှန်အပူချိန်အောက် နှစ်ဒီဂရီစင်တီဂရိတ်လျော့နည်းခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မေလ၏ ပုံမှန်အပူချိန်ခန့်သာရှိခဲ့ကြောင်း သိရသည်။

ထူးခြားသည့် နေ့အပူချိန်များအနေဖြင့် ချောက်မြို့တွင် ၄၇ ဒီဂရီစင်တီဂရိတ်၊ မြင်းမူမြို့၊ မြင်းခြံမြို့နှင့် ဂန့်ဂေါမြို့တို့တွင် (၄၆ ဒီဂရီစင်တီဂရိတ်စီ၊ မုံရွာမြို့၊ ညောင်ဦးမြို့နှင့် ပေါက်မြို့တို့တွင်  ၄၅ ဒီဂရီစင်တီဂရိတ်စီနှင့် ကလေးဝမြို့၊ မင်းကင်းမြို့၊ စစ်ကိုင်းမြို့၊ ကြေးမုံမြို့၊ မန္တလေးမြို့၊ တံတားဦးမြို့၊ မကွေးမြို့၊ ပခုက္ကူမြို့နှင့် တောင်တွင်းကြီးမြို့တို့တွင် ၄၄ ဒီဂရီစင်တီဂရိတ်စီတို့ဖြစ်ကြောင်း သိရသည်။

မေ ၁၁ ရက် မိုးလေဝသခန့်မှန်းချက်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကာ ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

 


READ NEXT
Cancel OK