Top News

Red Dot သည် ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း မဟုတ်ဘဲ ဗဟိုဘဏ်က လိုင်စင်ပေးထားခြင်း မရှိကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ပြောကြား
24htopnews | November 22, 2024 4:12 AM CST

Myanmar Red Dot Network Limited ကုမ္ပဏီသည် ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း တစ်ခုမဟုတ်ဘဲ ဗဟိုဘဏ်ကလည်း လိုင်စင်ပေးထားခြင်း မရှိခြင်းကြောင့် ဗဟိုဘဏ်က ဖြေရှင်းပေးရမည့် ကိစ္စမဟုတ်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ဖေဖော်ဝါရီ ၆ ရက်တွင် ရန်ကုန်မြို့ ဗဟိုဘဏ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“Red Dot ဟာ ဗဟိုဘဏ်မှာ လိုင်စင်လျှောက်ထားခြင်းမရှိဘူး။ ဗဟိုက လိုင်စင်ပေးထား ခြင်းမရှိဘူး။ နောက်ပြီး ဘဏ်လုပ် ငန်းတွေလို ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းတစ်ခုလည်း မဟုတ်ပါဘူး။ သူက သူ့ ရဲ့ဝန်ဆောင်မှုကို အီလက်ထရွန်နစ်နည်းနဲ့ ပေးတာဖြစ်တယ်။ ကျွန်တော် သိသလောက် သူက ဖုန်းဘေလ်ဖြည့်ပေးတဲ့ ဝန်ဆောင်မှုကို အဓိကလုပ်ပါတယ်။ အော်ပရေတာတွေဆီက ယူတယ်။ လက်လီပြန်ဖြန့်တဲ့ အရောင်းကိုယ်စားလှယ် သဘောပဲရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဗဟိုဘဏ်အနေဖြင့် လုပ်ငန်းတိုင်းကို စည်းကြပ်၍ မရကြောင်း၊ လုပ်ငန်းတစ်ခုသည် ငွေရေးကြေးရေး ဝန်ဆောင်မှုပေးပြီး ပြည်သူ၏အပ်ငွေ (သို့မဟုတ်) လုပ်ငန်းဘက်မှ ချေးထားသည့်ငွေ စသည့်အချက်များအား ကြည့်ရကြောင်း၊ Red Dot သည် ငွေရေး ကြေးရေးဝန်ဆောင်မှု လုပ်ငန်းတစ်ခုကဲ့သို့ ငွေအပ်နှံခြင်း၊ ငွေလွှဲခြင်းနှင့် အွန်လိုင်းမှ ငွေ ချေခြင်းကဲ့သို့ လုပ်ငန်းများ လုပ်ကိုင်၍မရဘဲ ဖုန်းဘေလ်ရောင်းခြင်းကိုသာ လုပ်ကြောင်း နှင့် ကုမ္ပဏီပိတ်သိမ်းသွားခြင်းနှင့် ပတ်သက်၍ ဗဟိုဘဏ်က ဖြေရှင်းပေး၍မရကြောင်း ၎င်းက ပြောကြားသည်။

Red Dot ကုမ္ပဏီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်တွင် ၎င်း၏ အရောင်းကိုယ်စားလှယ်များအား ပြန်ပေးရမည့် ငွေများကို ရှင်းလင်းပေးခြင်း မရှိသေးဘဲ ကုမ္ပဏီရုံးခန်း ပိတ်သိမ်းခဲ့ပြီး ကုမ္ပဏီ၏ ဖုန်းနံပါတ်နှင့် ဝက်ဘ်ဆိုက် စသည်တို့ကိုလည်း ပိတ်ပြီး ပျောက်သွားခဲ့ကြောင်း သိရသည်။

ကိုယ်စားလှယ်များရရှိမည့် လက်ကျန်ငွေများနှင့် ပတ်သက်၍ ပြန်လည်ဆက်သွယ်မည့်အချိန်အထိ စောင့်ဆိုင်းပေးရန် ယင်းကုမ္ပဏီ၏ ယခင်က ရုံးချုပ်တည်ရှိရာ ယောမင်းကြီးလမ်းရှိ York Center ၏ ရှေ့တွင် ဖေဖော်ဝါရီ ၄ ရက် ညပိုင်းတွင် လာရောက် ကပ်သွားကြောင်း လုံခြုံရေးဝန်ထမ်းတစ်ဦးထံမှ သိရသည်။

ကုမ္ပဏီပိတ်သိမ်းသွားပြီး လက်ကျန်ငွေများ မရှင်းခဲ့ခြင်းကြောင့် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရောင်းကိုယ်စားလှယ်ပေါင်း ၂၀,၀၀၀ ၏ အပ်ငွေ ပျမ်းမျှတစ်သိန်းဖြင့် တွက်ကြည့်လျှင် ကျပ်သိန်းပေါင်း သောင်းနှင့်ချီ၍ နစ်နာနိုင်ကြောင်း ကိုယ်စားလှယ် များက ပြောကြားသည်။

Red Dot ကိုယ်စားလှယ်များ၏ ဆုံးရှုံးနစ်နာမှုများနှင့် ပတ်သက်၍ ကိုယ်စားလှယ် တစ်ဦးက အွန်လိုင်းစစ်တမ်းတစ်ခု ပြုလုပ်ခဲ့ပြီး ၂၀၁ ဦးတွင် စက်လုံးဝ ပြန်မအပ်ရသေးသူ ၁၂၂ ဦး၊ စက်ပြန်အပ်ပြီး ငွေပြန်အမ်းမည်ကို စောင့်နေသူ ၇၂ ဦး၊ ငွေပြန်ရပြီးသူ လေးဦး ရှိပြီး စက်ထဲတွင် ကြိုတင်ထည့်ထားသည့် ငွေ ပမာဏနှင့်ပတ်သက်၍ ၁၆၃ ဦး ဖြေဆိုထား ပြီး တစ်သိန်းနှင့် နှစ်သိန်းအကြား ငွေထည့်ထားသူ ၆၈ ဦး၊ ငါးသောင်းနှင့် တစ်သိန်းကြား ၄၉ ဦး၊ နှစ်သိန်းအထက် ၃၁ ဦးနှင့် ငါးသောင်း အောက် ၁၀ ဦး စသည်ဖြင့် ဖြေဆိုထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကတည်းက Network Error ဖြစ်သည်ဆိုကာ ဖုန်းဘေလ်ဖြည့်မရတော့ကြောင်း၊ ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေဆို ပြီး စောင့်ဆိုင်းပေးရန် အကြောင်းပြန် ကြောင်း၊ ကားလက်မှတ်၊ လေယာဉ်လက်မှတ် စသည့်ဝန်ဆောင်မှုများ ထပ်တိုးမည် ပြောသောကြောင့် လက်ကျန်ငွေများ မထုတ်ဖြစ်ခဲ့ကြောင်း ကိုယ်စားလှယ်များထံမှ သိရသည်။

“ပြန်ရဖို့ မလွယ်လောက်တော့ပါဘူး။ တရားစွဲမယ်ဆိုလည်း တစ်ယောက်ယောက် ဦးဆောင်ပြီး စွဲ။ ကျွန်တော်တို့က သက်သေ လိုက်ပေးတာတို့၊ ၀ိုင်းကူညီပေးတာမျိုးပဲ လုပ် ရတော့မယ်။ ကြားတာတော့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို သွားပြီးတော့ ပြောမယ်တော့ ပြောတယ်” ဟု တောင်ဥက္ကလာပမြို့နယ်မှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကိုဟန်ဝင်းအောင်က ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့် စီးပွားရေးလုပ်ငန်းချင်း (လုပ်ငန်းလုပ်ကိုင်သူချင်း Business to Business Transaction) ဖြစ်သည့်အတွက် ၎င်းတို့ဌာနနှင့် သက်ဆိုင်မှုမရှိဘဲ ကြားဝင်ဖြေရှင်းပေး၍ မရကြောင်း ဖြေဆိုထားသည်။

ယင်းကုမ္ပဏီသည် “Myanmar Red Dot Network Limited’ အမည်ဖြင့် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ရုံးတွင် နိုင်ငံခြားသားပိုင်ကုမ္ပဏီ အဖြစ် ၂၀၁၇ ခုနှစ်တွင် မှတ်ပုံတင်ခဲ့ပြီး ကုမ္ပဏီဒါရိုက်တာများမှာ အိုင်ယာလန်နိုင်ငံသား John Nagle နှင့် နယ်သာလန်နိုင်ငံသား Wouter De Jong တို့ ဖြစ်ကြောင်း DICA ၏ ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

Red Dot ကုမ္ပဏီသည် ဆက်သွယ်ရေး အော်ပရေတာလေးခုနှင့် ဖုန်းဘေလ်ဖြည့်ခြင်း ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး Viber၊ Ananda၊ Vin နှင့် iflix စသည်တို့လုပ်ငန်းတို့နှင့် ချိတ်ဆက်ကာ အွန်လိုင်းငွေပေးချေ ဝန်ဆောင်မှုများအပြင် မီတာဆောင်ခြင်း၊ ဗေဒင်မေး ခြင်းလုပ်ငန်းများ လုပ်ကိုင်ခဲ့ကြောင်း သိရသည်။                                           


READ NEXT
Cancel OK