Top News

ဆီးချိုတိုင်းစက်အဖြေနှင့် မှားယွင်းဆေးကုသခံရသည် ဟုဆိုသော ပရိတ်ချည်ဆရာတော် ဖြစ်စဉ်နှင့် ပတ်သက်၍ ဆေးပညာရပ်ဆိုင်ရာ ကျင့်ထုံးလွဲမှားခြင်း၊ စက်ကိရိယာချို့ယွင်းခြင်းလုံးဝ မရှိကြောင်းနှင့် စက်ကိရိယာ ချို့ယွင်းသည်ဟုရေးပေးရန် အတင်းအကျပ် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း
24htopnews | November 22, 2024 4:12 AM CST

သွေးချိုတိုင်းစက်အဖြေနှင့် ဆေးမှား ယွင်းကုသခံရမှုကြောင့် ပရိတ်ချည်ဆရာ တော် ဒေါက်တာအရှင်ဇဝနက မန္တလေး မြို့တော်ဆေးရုံမှ တာဝန်ရှိသူများနှင့် စက်ကိရိယာဖြန့်ဖြူးသည့်ကုမ္ပဏီအား မန္တလေး မြို့ အမှတ် (၉) ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မြို့တော်ဆေးရုံက အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဆေးပညာရပ်ဆိုင်ရာ ကျင့်ထုံးနည်းလမ်း မှားယွင်းခြင်း၊ စက်ကိရိယာချို့ယွင်းခြင်း လုံးဝမရှိကြောင်း၊ ဆရာတော်က စက်ကိရိယာမှားယွင်းသည်ဟု ရေးပေးရမည်ဖြစ်ကြောင်း အတင်းအကျပ် တောင်းဆိုသဖြင့် ရဟန်းသံဃာတစ်ပါး၏ တောင်းဆိုချက်ကို လေးမြတ်ရိုသေသော အားဖြင့် သဘောရိုး စာရေးသားခဲ့ခြင်းဖြစ် ကြောင်း အဆိုပါ အသိပေးကြေညာချက်တွင် ပါရှိခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ ဆေးကောင်စီက ချမှတ်ထားသည့် ဆေးပညာရှင်တို့၏ကျင့်ဝတ် (Good Standard of Medical Practice)ဖြင့် စံချိန်မီကုသခြင်းဖြစ်ကြောင်း၊ မြို့တော် ဆေးရုံတွင်သုံးစွဲသည့် ဆေးပညာဆိုင်ရာစက် ကိရိယာပစ္စည်းများမှာ နိုင်ငံတကာစံသတ် မှတ်ချက် ISO ရရှိထားသည့် ပစ္စည်းများဖြစ် ပြီး မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA က အသိအမှတ်ပြု တင်သွင်းထားသည့် ပစ္စည်းများဖြစ်သည်ဟု ကြေညာချက်တွင် ပါရှိခဲ့သည်။ ထို့ပြင် အကျိုးအမြတ်ရရှိစေရန် ရည်ရွယ်၍ မြို့တော်ဆေးရုံ၏ ဂုဏ်သတင်းနှင့် အများပြည် သူယုံကြည်ကိုးစားမှု ပျက်ပြားစေရန်ဆောင်ရွက်ခြင်း၊ မမှန်သတင်းပေး တိုင်ကြားခြင်းများ ပြုလုပ်ဆောင်ရွက်လာပါက ရာဇဝတ် ကြောင်းအရ၊ တရားမကြောင်းအရ ပြင်းထန် စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက် ထုတ်ပြန်ထားကြောင်း တွေ့ရှိရသည်။

ယခုသို့ ထုတ်ပြန်မှုအပေါ် အမှုဖွင့်တိုင် ကြားထားသည့် ဆရာတော် ဒေါက်တာအရှင် ဇဝနက “သံဃာတစ်ပါးအနေနဲ့ ဒီလိုဟာတွေ လုပ်ဆောင်တယ်ဆိုတဲ့ စကားအတွက်တော့ ဥပဒေကြောင်းအတိုင်း ဆက်သွားမှာပဲ။ သူ တို့မှားပြီးရင်း ဆက်ဖြစ်နေရင် ဥပဒေကြောင်း အရပဲ သွားမှာဖြစ်တယ်။ ဥပဒေကတော့ ဘယ်သူ့ကိုမှ မျက်နှာမလိုက်ဘူးလို့ ယုံကြည် ထားတယ်။ အဓိကကတော့ သူတို့ထုတ်ပြန် လိုက်တဲ့စာနဲ့ပတ်သက်လို့ အတင်းအကျပ် လက်မှတ်ထိုးခိုင်းတာ သေချာရင်လည်းသက် သေအထောက်အထားနဲ့ တရားရုံးမှာအမှု ဖွင့်လိုက်ပါ ။ ဘုန်းဘုန်းတို့ဘက်က အတင်း အကျပ်ခိုင်း စေခိုင်းထားတာ မရှိဘူး။ အမှန်တရားက ရေရှည်ဖုံးကွယ်ထားလို့ မရဘူးလို့ ယုံကြည်ထားတယ်။ ဆက်သွားမယ်” ဟု မိန့်ကြားသည်။                                          


READ NEXT
Cancel OK