Top News

အသင်းဖော် ဆွန်ဟောင်မင်ကို လူမျိုးရေးခွဲခြားသည့် နောက်ပြောင်မှုပြုလုပ်ခဲ့သော ဘန်တန်ကာအား (၇)ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေ ပေါင် (၁)သိန်း FA ချမှတ်
24htopnews | November 20, 2024 2:12 PM CST

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)သည် တော့တင်ဟမ်ဟော့စပါးအသင်းဖော် ဆွန်ဟောင်မင်အား လူမျိုးရေးခွဲခြားသည့် နောက်ပြောင်စကားပြောဆိုခဲ့သည့်  ဥရုဂွေးလက်ရွေးစင်ကွင်းလယ်လူ ဘန်တန်ကာအား (၇)ပွဲပယ် ပြစ်ဒဏ်နှင့်အတူ ဒဏ်ငွေ ပေါင်(၁)သိန်းချမှတ်ခဲ့ကြောင်း သိရှိရသည်။

ဘန်တန်ကာသည် ပြီးခဲ့သည့် ဇွန်လအတွင်းက ဥရုဂွေးရုပ်သံအင်တာဗျူးတစ်ခုတွင် အသင်းဖော်ဆွန်နှင့် ပတ်သက်၍ မေးမြန်းရာ၌ ''ဆွန်နီလား။ ဆွန်ရဲ့တူပဲဖြစ်ဖြစ်၊ ဆွန်ပဲဖြစ်ဖြစ် သူတို့အားလုံးက ရုပ်အတူတူပဲ မဟုတ်လား''ဟု နောက်ပြောင်ခဲ့ခြင်းဖြစ်ပြီး ယင်းမှာ အရှေ့ဖျားအာရှနိုင်ငံများအပေါ် စော်ကားသုံးနှုန်းသည့် စကားလုံးဖြစ်သည်။

ကိုဗစ်ဖြစ်ပွားခဲ့သည့် ကာလများက အမေရိကတွင် တရုတ်နိုင်ငံသားများအား ''တစ်ပုံစံတည်းပဲ''ဆိုသည့် Racing Slur က ရေပန်းစားခဲ့ပြီး ယင်းအပေါ် အာရှနွယ်ဖွားများက ပြင်းထန်သည့်ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကာ ဘန်တန်ကာသည် ယင်းစကားလုံးကို သုံးစွဲခဲ့ခြင်းအတွက် ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် Kick it Out က ကန့်ကွက်မှုများ ပြုလုပ်ခဲ့ သည်။

ဘန်တန်ကာက နောက်ပိုင်းတွင် ဆိုးရွားသည့် နောက်ပြောင်မှုတစ်ခုဖြစ်သည်ဟု ဝန်ခံခဲ့ပြီး စပါးအသင်း၏ အသင်းခေါင်းဆောင်ဖြစ်သည့် ဆွန်ဟောင်မင်ကမူ ''ကျွန်တော်နဲ့ လိုလို(ဘန်တန်ကာ)တို့ စကားပြောခဲ့ပြီးပါပြီ။ သူ အမှားကျူးလွန်ခဲ့ပါတယ်။ သူကလည်း ဒါကို သိရှိနားလည်ခဲ့ပြီး ကျွန်တော့်ကိုလည်း တောင်းပန်ခဲ့ပြီးပါပြီ။ သူက ဒါကို စော်ကားလိုစိတ်နဲ့ ပြောခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်တို့ကြားက ညီအစ်ကိုလို ဆက်ဆံရေးကလည်း ပြောင်းလဲမှာမဟုတ်ပါဘူး''ဟု ဆိုခဲ့သည်။

FA ၏ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကမူ ''တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ကွင်းလယ်လူဟာ FA က ချမှတ်ထားတဲ့ E3.1 စည်းမျဉ်းကို ဖောက်ဖျက်ခဲ့ပါတယ်။ ဒီစည်းမျဉ်းမှာ ကစားသမားတစ်ဦးအနေနဲ့ FA ရဲ့ ဖွဲ့စည်းပုံအောက်မှာ တခြားသူတစ်ဦးကို ရုပ်အားဖြင့် ဖြစ်စေ၊ နှုတ်အားဖြင့်ဖြစ်စေ စော်ကားတဲ့၊ လှောင်ပြောင်တဲ့ အပြုအမူတွေကို ပြုလုပ်ခွင့်မရှိဘူးလို့ အတိအလင်းဖော်ပြထားပြီး သူက ဒါကို ချိုးဖောက်ခဲ့ပါတယ်''ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ဘန်တန်ကာသည် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံရခြင်းကြောင့် စပါးအသင်း၏ ပြည်တွင်းပွဲစဉ်(၇)ပွဲကို လွဲချော်မည်ဖြစ်သော်လည်း ယူရိုပါလိဂ်ပွဲစဉ်များတွင်မူ ကစားခွင့်ရရှိမည်ဖြစ်သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ယင်းဆုံးဖြတ်မှုတွင် ဘန်တန်ကာအနေဖြင့် အလားတူမှတ်တမ်းမျိုး ချိုးဖောက်ခဲ့ခြင်းမရှိသည့်အပေါ် ငဲ့ညှာဆုံးဖြတ်ခဲ့ကြောင်းလည်း သိရှိရသည်။


READ NEXT
Cancel OK