Top News

၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် အနာဂတ်နှင့်ပတ်သက်၍ အခြေအနေများကို သုံးသပ်သွားမည်ဟု မက်ဆီ ဖွင့်ဟ
24htopnews | November 20, 2024 1:12 PM CST

PSG အသင်းနှင့် အာဂျင်တီး နားလက်ရွေးစင်တိုက်စစ်မှူး မက်ဆီက ၂၀၂၂ ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးတွင် အနာဂတ်နှင့်ပတ်သက်၍ အခြေအနေများကို သုံးသပ်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။

မက်ဆီသည် လာမည့်ဇွန်လတွင် အသက် ၃၅ နှစ်ပြည့်မည်ဖြစ်ပြီး ကစားသမားဘ၀ အဆုံးသတ်ရန် အချိန်နီးကပ်လာပြီဖြစ်သည်။ စနေနေ့နံနက်ပိုင်းက ယှဉ်ပြိုင်ကစားသည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အာဂျင်တီးနားအသင်းက ဗင်နီဇွဲလားအသင်းကို အိမ်ကွင်း၌ (၃-ဝ) ဂိုးဖြင့် အနိုင်ရပြီး မက်ဆီက နောက်ဆုံးဂိုးကို ၈၂ မိနစ်တွင် သွင်းယူပေးခဲ့သည်။

ယင်းပွဲအပြီးတွင် ကစားသမားဘ၀ အနာဂတ်နှင့် လက်ရွေးစင်အသင်းအတွက် ဆက်လက်ကစားမည့် အခြေအနေများကို မေးမြန်းရာ မက်ဆီက ယခုလို ဖြေကြားခဲ့ခြင်းဖြစ်သည်။

"ကမ္ဘာ့ဖလားအပြီးမှာ ဘာလုပ်ဖြစ်မလဲဆိုတာ ကျွန်တော်လည်းမသိပါဘူး။ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်လည်း စဉ်းစားနေပါတယ်။ ကာတာပြိုင်ပွဲပြီးသွားရင်တော့ ကိစ္စတွေအများကြီးကို ပြန်သုံးသပ်သွားမှာပါ။ ကိုပါဆုဖလားမရခင်ကတည်းက အာဂျင်တီးနားအတွက် ကစားပေးရတာ တကယ်ပျော်ပါတယ်။ ကျွန်တော် အာဂျင်တီးနားကိုလာတဲ့ အချိန်တိုင်း အဲဒီလိုခံစားရအောင် လုပ်ပေးခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ကာတာပြိုင်ပွဲအပြီးမှာ အာဂျင်တီးနားအတွက် ဆက်ကစားဖြစ်မလားဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော်မသိဘူးဆိုတာ တကယ်အမှန်ပါ။ တစ်စုံတစ်ခု ဖြစ်လာမယ်လို့တော့ ကျွန်တော်ထင်တယ်။ လောလောဆယ်တော့ အနီးဆုံးကစားရမယ့် အီကွေဒေါနဲ့ပွဲပေါ့။ ဇွန်နဲ့ စက်တင်ဘာမှာလည်း ပြင်ဆင်မှုလုပ်မယ့်ပွဲတွေ ကစားရမှာပါ။ တတ်နိုင်သမျှ အကောင်းဆုံးဖြစ်လာအောင် မျှော်လင့်ထားကြတာပေါ့။ ကမ္ဘာ့ဖလားပြီးသွားရင် အများကြီး ပြောင်းလဲသွားလိမ့်မယ်ဆိုတာ သေချာပါတယ်" ဟု မက်ဆီက ပြောကြားသည်။

မက်ဆီသည် အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် ၂၀၀၅ ခုနှစ်မှ ယခုအချိန်အထိ ပြိုင်ပွဲစုံ ၁၅၉ ပွဲကစား၊ ၈၁ ဂိုးသွင်းယူပေးထားပြီး အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံးနှင့် ဂိုးအများဆုံးကစား သမားအဖြစ် ရပ်တည်နေသည်။

၎င်းသည် လက်ရွေးစင်အသင်းနှင့် ဆုဖလားအကြိမ်ကြိမ်လွဲချော်ခဲ့ရသည့်ကျိန်စာကို ပြီးခဲ့သည့် ၂၀၂၁ ကိုပါအမေရိကဖလားပြိုင်ပွဲတွင် အဆုံးသတ်နိုင်ခဲ့ပြီး ချန်ပီယံဖလား ဆွတ်ခူးရရှိခဲ့သည်။

အာဂျင်တီးနားအသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ထားပြီး လက်ကျန်ပွဲအဖြစ် မတ် ၂၉ ရက်တွင် အီကွေဒေါနှင့် အဝေးကွင်း ကစားရမည်ဖြစ်သလို ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ရွှေ့ဆိုင်းထားရသည့် ဘရာဇီးလ်နှင့် အဝေးကွင်းပွဲကိုမူ ပြန်လည်ကစားမည့်ရက် မသတ်မှတ်ရသေးကြောင်း သိရသည်။

မက်ဆီသည် ယခုရာသီတွင် PSG အသင်းအတွက် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး လီဂူး-၁ ပြိုင်ပွဲ ၌ ၁၈ ပွဲကစား၊ နှစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၀ ကြိမ်၊ ချန်ပီယံလိဂ် ပြိုင်ပွဲ၌ ခုနစ်ပွဲကစား၊ ငါးဂိုးနှင့် ပြင်သစ်ဖလားပြိုင်ပွဲ၌ တစ်ပွဲကစားခွင့်ရထားသည်။ မက်ဆီအနေဖြင့် လက်ရှိအချိန်အထိ ပြိုင်ပွဲစုံသွင်းဂိုး ခုနစ်ဂိုးသာ သွင်းယူထားနိုင်ရာ ကစားသမားဘဝတစ်လျှောက် ၂၀၀၅- ၂၀၀၆ ရာသီနောက်ပိုင်း ဂိုးအနည်းဆုံးရာသီအဖြစ် ဖြတ်သန်းရဖွယ်ရှိနေသည်။ ဆယ်ကျော်သက်အရွယ်ဖြစ်သည့် ၂၀၀၅-၂၀၀၆ ရာသီက ဘာစီလိုနာအသင်းအတွက် လာလီဂါပြိုင်ပွဲတွင် ခြောက်ဂိုးအပါအဝင် ပြိုင်ပွဲစုံ ရှစ်ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

PSG အသင်းသည် ယခုရာသီ လီဂူး-၁ ပြိုင်ပွဲတွင် ဇယားထိပ်ဆုံးမှ ဦးဆောင်နေပြီး ချန်ပီယံဆုရရှိရန် အလားအလာကောင်းနေသော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ၁၆ သင်း အဆင့်၊ ပြင်သစ်ဖလားပြိုင်ပွဲ၌ ၁၆ သင်းအဆင့်မှ ထွက်ခဲ့ရပြီဖြစ်သည်။


READ NEXT
Cancel OK