Top News

ချယ်လ်ဆီးအသင်းအတွက် နောက်ဆုံးကမ်းလှမ်းမှုကို ဧပြီ(၁၁)နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်ပြီး ဧပြီလအတွင်း အရောင်းအဝယ်အပြီးသတ်နိုင်ဖွယ်ရှိ
24htopnews | November 20, 2024 1:12 PM CST

ချယ်လ်ဆီးအသင်းအား ဝယ်ယူရန်  ကြိုးပမ်းခဲ့သူများအနက် နောက်ဆုံးအဆင့်အဖြစ် ကျန်ရှိသည့်အဖွဲ့အစည်း (၄)ခုသည် နောက်ဆုံးကမ်းလှမ်းမှုကို ဧပြီ (၁၁)နောက်ဆုံးထား၍ တင်သွင်းသွားရမည်ဖြစ်ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်း၏ အရောင်းအဝယ်မှာ မကြာမီ အပြီးသတ်နိုင်တော့မည်ဖြစ်ပြီး တရားဝင်အတည်ပြုမှု မထွက်ပေါ်သေးသော်လည်း မီဒီယာအများစုက အဖွဲ့အစည်း(၄)ခု အပြိုင်ကြိုးပမ်းရမည်ဖြစ်ကြောင်း ဖော်ပြနေကြသည်။

ချယ်လ်ဆီးအသင်း၏ ပိုင်ရှင်သစ် ဖြစ်လာနိုင်သည့် အဆိုပါအဖွဲ့အစည်းများမှာ မူလကတည်းက ရေပန်းစားခဲ့သည့် တော့ဒ်ဘိုလီ ဦးဆောင်သည့်အဖွဲ့၊ ဆာမာတင်ဘရောက်တန်နှင့် ဆီဘက်စတီယန်ကိုးတို့ ပေါင်းစပ်ထားသည့်အဖွဲ့၊ မေဂျာလိဂ်ဘေ့စ်ဘောကလပ် Chicago အသင်းပိုင်ရှင်  Ricketts Family နှင့် စီးရီးအေကလပ် အတ္တလန်တာအသင်း၏ ပူးတွဲပိုင်ရှင် စတီဖန်ပါဂလီကွာတို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နစ်ခ်ကန်ဒီကလည်း ချယ်လ်ဆီးအသင်း၏ တစ်စိတ်တစ်ဒေသကို ပိုင်ဆိုင်ခွင့်ရရှိရန် ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းအား ရောင်းချရေးကို တာဝန်ယူဆောင်ရွက်ပေးနေသည့် Raine Group ၏ အဆိုအရ ချယ်လ်ဆီးအသင်းကို ဝယ်ယူမည့်သူများအနေဖြင့် နောက်ဆုံးအဆင့်အဖြစ် ကမ်းလှမ်းရာတွင် စာရွက်စာတမ်းများဖြင့် တင်ပြသွားရမည်ဖြစ်ပြီး အသင်းအား ဝယ်ယူမည့်တန်ဖိုးအပြင် အနာဂတ်အတွက် အနည်းဆုံးပေါင် (၁)ဘီလီယံ ရင်းနှီးမြှုပ်နှံနိုင်ကြောင်းကိုပါ ထည့်သွင်းတင်ပြသွားရမည်ဟု သိရသည်။

Sky Sports ကမူ မိမိတို့အနေဖြင့် လက်ရှိအချိန်၌ ချယ်လ်ဆီးအသင်းကို ဝယ်ယူရန် ကြိုးပမ်းနေသည့် စာရင်းအတိအကျကို ဖော်ပြနိုင်ခြင်းမရှိကြောင်း၊ လုပ်ထုံးလုပ်နည်းများအရမူ နောက်ဆုံးအဆင့်တွင် ကျန်ရှိသူများမှာ ကစားသမားစာချုပ်စာတမ်းများအပါအဝင် ချယ်လ်ဆီးအသင်း၏ ငွေကြေးပိုင်းဆိုင်ရာ အချက်အလက်များကို ကြည့်ရှုခွင့်ရမည်ဖြစ်ကြောင်း၊ ချယ်လ်ဆီးအသင်းသို့ လာရောက်လည်ပတ်ကာ အသင်း၏ အရေးပါသော ပုဂ္ဂိုလ်များဖြစ်သည့် နည်းပြ သောမတ်စ်တူဟယ်လ်၊ အသင်းဥက္ကဋ္ဌ ဘရုစ်ဘတ်တို့နှင့်  ဆုံတွေ့ခွင့်ရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်း၏ အရောင်းအဝယ်မှာ ဧပြီလအတွင်း အပြီးသတ်နိုင်ဖွယ်ရှိသည်ဟု သိရသည်။

 


READ NEXT
Cancel OK