နိုင်ငံတွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်နှင့် ဗိုင်းရပ်စ်ကူးစက်ခံထားရမှု ရှိ၊ မရှိ ရှာဖွေဖော်ထုတ်ရန် ကျူးဘားတွင် ဆေးကျောင်းသားများက တစ်အိမ်တက် တစ်အိမ်ဆင်း ကျန်းမာရေး စောင့်ရှောက်မှု ပေးနေကြသည်။
“ ဒီအိမ်မှာ လူဘယ်နှစ်ဦး နေပါသလဲ” ၊ “သင် နိုင်ငံခြားသားတွေနဲ့ ထိတွေ့ခဲ့ဖူးပါသလား” ၊ “လိုက်နာရမယ့် ကျန်းမာရေး စည်းမျဉ်းစည်းကမ်းတွေကို သင်သိပါသလား” စသော မေးခွန်းများကို ဆေးကျောင်းသားများက မေးမြန်းကြခြင်းဖြစ်ပြီး ကျောင်းသား ၂၈၀၀၀ ခန့်သည် အဆိုပါမေးခွန်းများကို တစ်နေ့လုံး အကြိမ်ကြိမ်အခါခါ မေးမြန်းမှု လုပ်ဆောင်ကြရသည်။
လူအများအပြား နှာခေါင်းစည်း တပ်ဆင်ထားကြသည့် ကျူးဘားနိုင်ငံ၌ တစ်အိမ်တက် တစ်အိမ်ဆင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ဆေးကျောင်းသားများကို ကွဲကွဲပြားပြား တွေ့မြင်နိုင်သည့် တစ်ခုတည်းသောအရာမှာ ၎င်းတို့ ဝတ်ဆင်ထားသော အဖြူရောင် ဂျူတီကုတ်များပင် ဖြစ်သည်။
နှစ် ၆၀ ကြာညောင်းပြီဖြစ်သော အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် အထိနာနေသော ကျူးဘားသည် ၎င်းမှီခိုနေရသည့် တစ်ခုတည်းသော ငွေဝင်ပေါက်ဖြစ်သည့် ခရီးသွားလုပ်ငန်းကို ဆက်လက်ထိန်းသိမ်းနိုင်ရန် အသည်းအသန် ကြိုးပမ်းနေရကာ ကျူးဘားသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်စပ်ဂိတ်များကို ပိတ်ရန် ကျန်ရှိနေသေးသော လက်တင်အမေရိကနိုင်ငံများထဲတွင် အပါအဝင်ဖြစ်သည်။
ကျူးဘားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၁၂ ဦးရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ခြောက်ဦးရှိသည်။ ကြိုတင်ကာကွယ်မှုအဖြစ် လူ ၂၈၀၀ ခန့်မှာ ဆေးရုံတွင် စောင့်ရှောက်မှု ခံယူနေကြသည်။
ကိုရိုနာဗိုင်းရပ်စ် နှိမ်နင်းတိုက်ဖျက်မှုတွင် ကျူးဘားနိုင်ငံသည် ၎င်း၏ကမ္ဘာကျော်သော ကျန်းမာရေး ဝန်ဆောင်မှုစနစ်များကို အားထားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ကျူးဘား၌ လူ ၁၀၀၀၀ တွင် ဆရာဝန် ၈၂ ဦးရှိပြီး ရုရှား၊ အမေရိကန်၊ တရုတ်နှင့်နှိုင်းယှဉ်ပါက ဆရာဝန်အရေအတွက် ပိုများသည့် နိုင်ငံဖြစ်သည်။
စည်းလုံးညီညွတ်မှုနှင့် ကိုယ်ကျိုးစွန့်မှု
မြို့တော်ဟာဗားနားရှိ ဗီဒါဒိုခရိုင်တွင် အသက် ၄၆ နှစ်အရွယ် ဆရာဝန်လဇ်ကာဘယ်လီရိုဂွန်ဇာလက်ဇ်သည် ဆေးကျောင်းသား နှစ်ဦနှင့်အတူ အိမ်ထောင်စု ၃၀၀ နေထိုင်ရာနယ်မြေ၌ ကျန်းမာရေး စစ်ဆေးမှု လုပ်ဆောင်နေသည်။
“ ချမ်းသာတဲ့နိုင်ငံတွေမှာ ရှိတဲ့ နည်းပညာမျိုး ကျွန်မတို့ဆီမှာ မရှိဘူး။ ဒါပေမယ့် စည်းလုံးညီညွတ်မှု၊ ကိုယ်ကျိုးစွန့်မှုနဲ့အတူ အရည်အချင်းအလွန်ပြည့်ဝတဲ့ လူသားဆန်တဲ့စိတ်နှလုံးသားတစ်ခုကို ကျွန်မတို့ ပိုင်ဆိုင်ထားကြပါတယ်။ မိသားစုဆရာဝန်တွေကို အမြဲလိုလို အားကိုးကြတဲ့ ကျူးဘားပြည်သူတွေအဖို့တော့ ကျွန်မတို့လုပ်ဆောင်နေတဲ့ တစ်အိမ်တက် တစ်အိမ်ဆင်း ကျန်းမာရေးစောင့်ရှောက်မှုပေးတာက အထူးအဆန်းတော့ မဟုတ်ဘူး။ အချိန်တိုအတွင်း လူဦးရေ ၁၀၀ ရာခိုင်နှုန်းထိ ကျန်းမာရေးစစ်ဆေး စောင့်ရှောက်မှုပေးနိုင်ဖို့အတွက် ပြီးခဲ့တဲ့ သီတင်းပတ်နှစ်ပတ်အတွင်း ဆရာဝန်တွေရဲ့ကြည့်ရှုစစ်ဆေးမှုနှုန်း မြင့်တက်လာခဲ့ပါတယ်” ဟု ဆရာဝန်ဂွန်ဇာလက်ဇ်က ဆိုသည်။
ကျူးဘားတွင် ဆေးဘက်ဆိုင်ရာကျောင်းသူ၊ ကျောင်းသားများ အလျှံပယ်ရှိနေခြင်းကြောင့် နိုင်ငံတော်အဆင့် ကြိုးပမ်းဆောင်ရွက်မှုတွင် ၎င်းတို့ ပူးပေါင်းပါဝင်ကြပြီး ကျူးဘားရှိ ဆေးတက္ကသိုလ် ၂၅ ခုနှင့် ဂုဏ်သတင်းကြီးသော Latin American School of Medicine (ELAM) ဆေးတက္ကသိုလ်၏ တိုက်တွန်းနှိုးဆော်မှုဖြင့် နိုင်ငံခြားသား ထောင်ပေါင်းများစွာလည်း ပူးပေါင်းပါဝင်ကြသည်။
“ တစ်အိမ်တက် တစ်အိမ်ဆင်း ကျန်းမာရေးစောင့်ရှောက်မှုပေးတာက ကျွန်မတို့နဲ့ မစိမ်းပါဘူး။ စက်တင်ဘာ-အောက်တိုဘာလ ဝန်းကျင်မှာ သွေးလွန်တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး အသိပညာပေးမှုတွေကိုလည်း အဲ့နည်းအတိုင်း အမြဲတမ်း လုပ်ဆောင်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအခြေအနေဆိုးရွာလာတဲ့ အချိန်မှာ တက္ကသိုလ်က ကျွန်မတို့ကို တစ်အိမ်တက် တစ်အိမ်ဆင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးဖို့ တောင်းဆိုလာခဲ့တာပါ” ဟု အသက် ၁၉ နှစ်အရွယ် ဒုတိယနှစ်ဆေးကျောင်းသူ ဆူဆန်နာဒိုင်းရက်ဇ်က ဆိုသည်။
-
ဗြိတိန်တွင် mpox ရောဂါ ကူးစက်မှုဖြစ်စဉ်အသစ် လေးခုတွေ့ရှိ
-
Ballon d'Or ဆုကို ယမားလ် အကြိမ်များစွာ ရယူနိုင်လိမ့်မည်ဟု ဖခင်ဖြစ်သူ ပြောကြား
-
ဆာကာနှင့် ဒက်ကလန်ရိုက်စ်တို့ ဒဏ်ရာထပ်မံရရှိခဲ့ပြီး နိုင်ငံတကာပွဲများအပြီးတွင် ကစားသမားအားလုံး ကြံ့ခိုင်မှုပြည့်ဝရန် ဆုတောင်းနေရဟု အာတီတာ ဝန်ခံ
-
အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ ကစားသမား(၈)ဦး နုတ်ထွက်
-
ဖိလစ်ပိုင်တွင် တစ်လအတွင်း စတုတ္ထမြောက် တိုင်ဖွန်းဝင်ရောက်မှုကြောင့် လူပေါင်းထောင်ချီ ဘေးလွတ်ရာရွှေ့ပြောင်း