အာဆင်နယ်အသင်း၏ အားထားရသည့် ကစားသမားနှစ်ဦးဖြစ်သူ တောင်ပံကစားသမား ဆာကာနှင့် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်တို့ ချယ်လ်ဆီးနှင့်ပွဲတွင် ဒဏ်ရာထပ်မံရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၀ ရက်က လန်ဒန်ဒါဘီပြိုင်ဘက် ချယ်လ်ဆီးအသင်းနှင့် (၁-၁) ဂိုးဖြင့် သရေကျသည့်ပွဲ၌ ၎င်းတို့နှစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ၇၁ မိနစ်တွင် ရိုက်စ်နှင့် မိနစ် ၈၀ တွင် ဆာကာ လူစားလဲခံခဲ့ရသည်။
ရိုက်စ်သည် ပြီးခဲ့သည့်တစ်ပတ်က နယူးကာဆယ်နှင့်ပွဲတွင် ခြေချောင်းကျိုးဒဏ်ရာရရှိထားသော်လည်း ယခုပွဲတွင် ပွဲထွက်ပါဝင်ကစားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာကြောင့် လူလဲခဲ့ရသလို ဆာကာမှာလည်း ချယ်လ်ဆီးနောက်ခံလူ ကူကူရယ်လာ၏ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
''သူတို့ကိုကြည့်ရတာ အဆင်မပြေပါဘူး။ ဘာလို့လဲဆိုတော့ အရေးကြီးတဲ့ ကစားသမားနှစ်ယောက်က သူတို့ ပွဲကိုဆက်မကစားနိုင်တော့ဘူးဆိုပြီး ပြောလာလို့ပါ။ ဒါက သတင်းကောင်းမဟုတ်ဘူးဆိုတာ သေချာပါတယ်။ ဒီကစားသမားနှစ်ယောက်က လူစားလဲခဲ့ရတယ်။ သူတို့ ဘယ်အချိန်လောက် ကြံ့ခိုင်မှုပြည့်ဝမလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီလိုမဟုတ်ဘူးဆိုရင် သူတို့ ကွင်းထဲကနေ ထွက်သွားမှာမဟုတ်လို့ပါ'' ဟု နည်းပြဖြစ်သူ အာတီတာက ပွဲအပြီးတွင် ပြောကြားသည်။
ထို့ပြင် ၎င်းက ''ကျွန်တော် ဘာဆုတောင်းနေရလဲဆိုတော့ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ ကြံ့ခိုင်မှုပြည့်ဝတဲ့အသင်း ရှိနေဖို့ပါပဲ။ သူတို့တွေ ကြံ့ခိုင်မှုပြည့်ဝပြီး အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ရှစ်ပတ်က အိပ်မက်ဆိုးတစ်ခု ဖြစ်ခဲ့လို့ပါ။ သံသယအခြေအနေတွေ၊ ပြဿနာတွေက တစ်ခုပြီးတစ်ခုပါပဲ။ တချို့သူတွေက မကစားနိုင်ကြဘူး။ ဒါပေမဲ့ တချို့သူတွေကလည်း အချိန်တချို့ပဲ ကစားနိုင်ကြတယ်။ အသင်းရဲ့ ဆန္ဒပြင်းပြမှုနဲ့ ကျွန်တော်တို့ ဘယ်လောက်အထိ လိုချင်လဲဆိုတာက မေးခွန်းထုတ်စရာမလိုပါဘူး။ ဒါတွေက မကြာခင် ရောက်လာတော့မှာပါ။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ဘာသာတည်ငြိမ်မှုရှိဖို့ပဲ လိုပါတယ်'' ဟု ဆက်လက်ပြောကြားသည်။
အာဆင်နယ်အသင်းတွင် စတာလင်၊ တိုမီယာဆု၊ ကာလာဖီအိုရီ၊ တီယာနေး၊ တင်ဘာ၊ ပါတေး၊ ဘန်ဝိုက်တို့လည်း ဒဏ်ရာရရှိထားပြီး ဆာကာနှင့် ရိုက်စ်တို့နှစ်ဦးပါ ထပ်တိုးလာခြင်းဖြစ်သည်။
သို့ဖြစ်ရာ ဆာကာနှင့် ရိုက်စ်အနေဖြင့် အင်္ဂလန်အသင်း၏ UEFA Nations League ပွဲစဉ်နှစ်ပွဲတွင် ပါဝင်ကစားနိုင်ရန် မသေချာသေးကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် ဒဏ်ရာနှင့် ပွဲပယ်ပြဿနာများကြောင့် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်နောက်ဆုံးလေးပွဲဆက် နိုင်ပွဲပျောက်ဆုံးထားသည်။
ပွဲစဉ် ၁၁ အပြီးတွင် ၁၉ မှတ်ရရှိထားပြီး အဆင့် ၄ နေရာရောက်ရှိနေသလို ဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်း နှင့် ကိုးမှတ်အထိ ကွာဟသွားပြီဖြစ်သည်။
ထို့ပြင် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း လေးပွဲ ကစား၊ ခုနစ်မှတ်ဖြင့် အဆင့် ၁၂ နေရာရောက်ရှိနေပြီး ဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်း နှင့် ငါးမှတ်ပြတ်နေသည်။
-
၂၀၂၄ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖွင့်ပွဲ ကျင်းပ
-
ဇလွန်မြိုရှိ မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားကြီး၊ တန်ဆောင်တိုင်ပွဲတော်၌ မသိုးသင်္ကန်းရက်ချုပ်ပြိုင်ပွဲနှင့် ရောင်စုံမီးအလှဆင်ပုံဖော်မှုများ ပါဝင်မည်
-
ဇူလိုင် ၂၆ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်း ၁၀၆ ပွိုင့်ဝန်းကျင်ရှိပြီး ပြင်ပစျေးကွက်တွင်မူ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၄၉၀ ဝန်းကျင်ရှိနေ
-
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွင်း စတော့ရှယ်ယာတန်ဖိုးစုစုပေါင်း ကျပ်သန်း ၇၉၀ ကျော် အရောင်းအဝယ်ဖြစ်မြောက်ခဲ့ပြီး ဒုတိယသုုံးလပတ်ထက် ၁၅ ရာခိုင်နှုန်းကျဆင်း
-
ဇူလိုင် ၂၈ ရက်တွင် ရွှေလုပ်ငန်းရှင်များအသင်းက ပြည်တွင်းရွှေစျေးနှုန်း တစ်ကျပ်သားလျှင် ကျပ် ၂၀၆၀၀၀၀ ဖြင့် စျေးပိတ်ခဲ့သော်လည်း ပြင်ပစျေးကွက်တွင် ကျပ် ၂၂၈၀၀၀၀ ဝန်းကျင်ရှိနေ