ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က COVID-19 ကပ်ရောဂါသည် ဓာတ်ခွဲခန်း မတော်တဆမှုကြောင့် ဟုတ်၊မဟုတ် ပိုမိုနက် နဲစွာ စုံစမ်းမှုလုပ်ဆောင်ရန် လိုအပ်သော ၎င်းတို့၏အားကောင်းသည့် လုပ်ဆောင်မှုကို အကြံပြုခဲ့ပြီးနောက် တရုတ်အစိုးရက ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်ဓာတ်ခွဲခန်းတစ်ခုမှ ယိုစိမ့်ထွက်လာသည့်ဟူသည့် ယူဆချက်သည် နိုင်ငံရေးအရ လှုံ့ဆော်သောအလိမ်အညာ တစ်ခု ဖြစ်ကြောင်း ဇွန် ၁၀ ရက်တွင်ပြောကြားခဲ့သည်။
တရုတ်သည် စုံစမ်းစစ်ဆေးသူများနှင့် အပြည့်အဝပူးပေါင်းပါဝင်ခြင်းမရှိဟူသော စွပ်စွဲချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းကငြင်းဆိုခဲ့ပြီး ၎င်းတို့အနေဖြင့် သိပ္ပံနည်းကျစုံစမ်းစစ်ဆေးမှုကို ကြိုဆိုသော်လည်း နိုင်ငံရေးကြိုးကိုင်ခြယ်လှယ်မှုတစ်စုံတစ်ရာကို ငြင်းပယ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် လီကျန်းက တရုတ်နိုင်ငံကအကြံ ပြုထားသည့် အမေရိကန်နိုင်ငံမှ Fort Detrick နှင့် မြောက်ကာရိုလိုင်းနားတက္ကသိုလ်ကဲ့သို့ အလွန်သံသယဖြစ်ဖွယ်ရှိသည့် ဓာတ်ခွဲခန်းများကိုလည်း စုံစမ်းစစ်ဆေးရန်တောင်းဆိုထားပြီး တရုတ်အစိုးရက အမေရိကန်သည် ကိုရိုနာဗိုင်းရပ်စ်အား ဇီဝလက်နက်အဖြစ် ထုတ်လုပ်ခဲ့ကြောင်း သက်သေအထောက်အထားတစ်စုံတစ်ရာ မရှိဘဲ စွပ်စွဲပြောကြားထားသည်။
“တရုတ်ဆန့်ကျင်ရေးအဖွဲ့တွေက သိပ္ပံနည်းကျ လုပ်ဆောင်တာမျိုးမရှိဘဲ နိုင်ငံရေးဆိုင်ရာ ရည်ရွယ်ချက်တွေနဲ့ ဓာတ်ခွဲခန်းကနေ ယိုစိမ့်ထွက်လာတယ်ဆိုတဲ့ ယူဆချက်တွေကို လုပ်ဇာတ်ခင်းလိုက်ပါတယ်”ဟုလီ ကျန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ သိပ္ပံနည်းကျအခြေခံတဲ့ ကမ္ဘာလုံးဆိုင်ရာ ဗိုင်းရပ်စ်ခြေရာခံ ထောက်လှမ်းမှုကို ထောက်ပ့ံပြီး ပူးပေါင်းပါဝင်ပေမယ့် နိုင်ငံရေးအရ ကြိုးကိုင်ခြယ်လှယ်မှု ပုံစံတစ်စုံတစ်ရာကိုတော့ အခိုင်အမာဆန့်ကျင်ပါတယ်”ဟု ၎င်းက ဆိုသည်။
တရုတ်သည် အချက်အလက်များနှင့်သုတေသန ရလဒ်များကို မျှဝေပေးခြင်း၊ ဗိုင်းရပ်စ်ခြေရာခံခြင်းဖြင့် အဓိကကူညီပံ့ပိုးမှုများကို လုပ်ဆောင်ပေးခဲ့ကြောင်းလည်း လီကျန်းက ပြောကြားခဲ့သည်။
ယင်းသည် တရုတ်၏ ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုရှိသော သဘောထားနှင့် WHO နှင့် အကြံပေးအဖွဲ့များ၏လုပ်ငန်းတာဝန်များကို ထောက်ပံ့ပေးနေကြောင်းကို အပြည့်အဝ ဖော်ပြနေသည်ဟု ၎င်းကပြောကြားခဲ့သည်။
ဇွန် ၉ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် WHO ၏ ရပ်တည်ချက်သည် ကပ်ရောဂါ၏ မူလဇာစ်မြစ်အား ကုလကျန်းမာရေးအေဂျင်စီ၏ ကနဦးသုံးသပ်ချက်နှင့်ပြတ်ပြတ်သားသား ကွဲလွဲနေသည်။ ဝေဖန်ရေးသမားအများအပြားက WHO သည် တရုတ်တာဝန်ရှိသူများအား ခုခံကာကွယ်ပေးနေကာဓာတ်ခွဲခန်းမှ ဗိုင်းရပ်စ် ယိုစိမ့်ထွက်လာသည့်ယူဆချက်ကို ဖယ်ထုတ်မှု သို့မဟုတ် လျှော့တွက်မှုများကို အလျင်အမြန် လုပ်ဆောင်ကြောင်း ဝေဖန်ပြောကြားခဲ့ပြီးနောက် WHO ၏ ယင်း အစီရင်ခံစာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ သိပ္ပံပညာရှင်အများအပြားက ယင်းဗိုင်းရပ်စ်သည် လင်းနို့များမှနေ၍ အခြားတိရစ္ဆာန်များမှတစ်ဆင့် လူသားများထံဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့လာသည်ဟု သံသယရှိနေကြသည်။
-
ဗြိတိန်တွင် mpox ရောဂါ ကူးစက်မှုဖြစ်စဉ်အသစ် လေးခုတွေ့ရှိ
-
Ballon d'Or ဆုကို ယမားလ် အကြိမ်များစွာ ရယူနိုင်လိမ့်မည်ဟု ဖခင်ဖြစ်သူ ပြောကြား
-
ဆာကာနှင့် ဒက်ကလန်ရိုက်စ်တို့ ဒဏ်ရာထပ်မံရရှိခဲ့ပြီး နိုင်ငံတကာပွဲများအပြီးတွင် ကစားသမားအားလုံး ကြံ့ခိုင်မှုပြည့်ဝရန် ဆုတောင်းနေရဟု အာတီတာ ဝန်ခံ
-
အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ ကစားသမား(၈)ဦး နုတ်ထွက်
-
ဖိလစ်ပိုင်တွင် တစ်လအတွင်း စတုတ္ထမြောက် တိုင်ဖွန်းဝင်ရောက်မှုကြောင့် လူပေါင်းထောင်ချီ ဘေးလွတ်ရာရွှေ့ပြောင်း