Top News

စီးပွားရေးနှေးကွေးမှု ပြန်လည်နှိုးဆွရန် ပို့ကုန်တင်ပို့ခြင်းအပေါ်  ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကောက်ခံမှု ဆက်လက်ကင်းလွတ်ခွင့်ပြုခြင်းနှင့် မြန်မာ့ခရီးသွားကဏ္ဍ ပြန်လည်ထူထောင်ရေးမဟာဗျူဟာ
24htopnews | October 27, 2024 3:12 AM CST

အိန္ဒိယနိုင်ငံမှ မှာယူထားသည့် COVID-19 ကာကွယ်ဆေးအလုံး ရေတစ်သန်းခွဲ ဇန်နဝါရီ ၂၂ ရက်တွင် ရောက်ရှိခဲ့သည်။

“ တစ်သန်းခွဲဆိုတော့ ကျွန်မတို့ ပြည်သူတွေ ခုနစ်သိန်းခွဲအတွက် လုံလောက်ပါတယ်။ လူတစ်ယောက်ဆိုရင် နှစ်ကြိမ်ထိုးရပါမယ်။ ပထမအကြိမ်ထိုးပြီးတော့ ၂၈ ရက်ကြာရင် နောက်တစ်ကြိမ် ထပ်ထိုးရပါမယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က COVID-19 ရောဂါ ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ဇန်နဝါရီ ၂၁ ရက် ညပိုင်းက မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

COVID-19 ကာကွယ်ဆေး ဦးစားပေးထိုးနှံပေးမည့်သူများမှာ ကျန်းမာရေးဝန်ထမ်းများ၊အစိုးရအဖွဲ့၏ အဓိကကျသည့်အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြောင်း၊ ၎င်းတို့အား လာမည့်ရက်သတ္တပတ်အတွင်း ထိုးနှံပေးနိုင်မည်ဟု ခန့်မှန်းကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ထပ်မံရရှိသည့် ကာကွယ်ဆေး အရေအတွက်ပေါ်မူတည်၍ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးများ မည်သည့်အချိန်တွင် ရရှိမည်ဆိုသည်မှာ မပြောနိုင်သေးကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“ နိုင်ငံရဲ့ယန္တရားပုံမှန်လည်ပတ်နိုင်ဖို့အတွက် အရေးကြီးတဲ့နေရာများကို ဦးစားပေးပြီးတော့ ကျွန်မတို့အစီအစဉ်ချမှတ်သွားမှာ ဖြစ်ပါ တယ်။အစီအစဉ်တွေ ချမှတ်တာနဲ့ အမျှ ကျွန်မတို့ ပြည်သူကို အသိပေးမှာပါ။ဘယ်လိုကြောင့်၊ဘယ်သူ ဘယ်အုပ်စုတွေကို ကျွန်မတို့ ဦးစားပေးမှာလဲဆိုတာကိုလည်း ပြည်သူတွေကို အသိပေးချပြပေးမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

COVID-19 ကာကွယ်ဆေးအတွက် နိုင်ငံတော်က မတည်ငွေ ကျပ်တစ်ဘီလျံရှိကြောင်း၊ စေတနာရှင်၊ အလှူရှင်များ၏ ပူးပေါင်းထည့်ဝင်မှုကြောင့် ကျပ် ၁၈ ဒသမ ၇၈၁ ဘီလျံရရှိထားကြောင်း၊ အလှူငွေများ အဖိတ်အစင်မရှိစေရန် အာမခံကြောင်း ၎င်းက ဆိုသည်။

COVID-19 ကာကွယ်ဆေးအတွက် အိန္ဒိယနိုင်ငံမှ ဝယ်ယူသည့် COVIDSHIELD ဆေးနှင့် COVAX Facility အဖွဲ့မှ ခွဲတမ်းဖြင့် ရရှိမည့် Pfizer/BioNTech ဆေး အမျိုးအစားများ ရရှိမည်ဖြစ်ပြီး COVAX Facility အဖွဲ့က ခွဲတမ်းဖြင့်ရရှိမည့် ကာကွယ်ဆေးမှာ ၂၀၂၁ နှစ်စမှ ရက် ၁၀၀ အတွင်းထပ်မံရရှိမည်ဖြစ်သည်။   

ကာကွယ်ဆေးရရှိပြီဟုဆိုကာ ပေါ့ပေါ့ဆဆမနေရန် ၊ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက် အခြေခံကျသည့် စည်းမျဉ်းစည်းကမ်းများလိုက်နာရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

COVID-19 လူနာလျော့ကျလာမှုကြောင့် တပ်မတော်အပါအဝင် ရန်ကုန်တိုင်းအတွင်း ဖွင့်လှစ်ခဲ့သည့် ကုသရေးဌာနအချို့ လျှော့ချထားသည်။ အခြားတစ်ဖက်တွင် ရန်ကုန်မြို့ရှိ စျေးများလည်း ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိသည်။

ရန်ကုန်မြို့ရှိ စျေးများစည်းကမ်းချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စျေးများ စည်းကမ်းချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပြီး ဇန်နဝါရီလအတွင်း သို့မဟုတ် ဖေဖော်ဝါရီလဆန်းပိုင်း ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်တိုင်းအတွင်းရှိစျေးအားလုံး ပြန်လည်ဖွင့်လှစ်ရန် ညွှန်ကြားချက် ထွက်မလာသေးကြောင်းနှင့် ပြန်လည်ဖွင့်လှစ်ခွင့်ပြုပါက စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်သည်။ သို့သော် စည်းကမ်းသတ်မှတ်ချက်များ မည်သို့ ချမှတ်မည်ကို မသိရှိရသေးပေ။

“စျေးတွေလည်း စည်းကမ်းချက်နဲ့အညီ ပြန်ဖွင့်ပေးဖို့ စီစဉ်ကြည့်တယ်။ ညွှန်ကြားချက်ထွက်လိမ့်မယ်။ အဲဒါထွက်ဖို့ စောင့်နေတယ်။ စျေးတိုင်းကို စည်းကမ်းချက်တွေသတ်မှတ်ပြီးတော့ ဖွင့်ခွင့်ပေးဖို့ရှိတယ်။ ညွှန်ကြားချက်က မထွက်လာသေးဘူး။ စည်းကမ်းသတ်မှတ်ချက်က ဘယ်လိုတွေရှိမလဲဆိုတာ ကျွန်တော်လည်း မသိသေးဘူး။ ကျွန်တော်ကိုယ်တိုင်စည်းကမ်းချက်ကို စောင့်နေတာဆိုတော့ မပြောတတ်သေးဘူး။ ဖေဖော်ဝါရီလဆန်းလောက်တော့ ဖြစ်နိုင်တယ်။ ဒီလအတွင်းလည်း ဖြစ်သွားနိုင်ပါတယ်။ စာကတော့ မထွက်လာသေးပါဘူး” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောကြားသည်။

အဆင့်မြင့် မင်္ဂလာစျေး အပါအဝင် အဆိုပါဝင်းအတွင်းရှိ မင်္ဂလာမွန်စျေး၊ ရွှေမင်္ဂလာစျေး၊ ယာယီမင်္ဂလာစျေးနှင့် ရွှေပြည့်စုံစျေးတို့ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၂ ရက်တွင် ပိတ်ခဲ့ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားသည့် ဧပြီလတွင်လည်း ယင်းစျေးများကို ယာယီပိတ်ခဲ့ရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ခွင့်ပြုပါက အဆိုပါစျေးများကို စည်းကမ်းချက်များနှင့်အညီ တင်းတင်းကျပ်ကျပ် ဆောင်ရွက်ကာ ပြန်လည်ဖွင့်လှစ်ပေးမည် ဖြစ်သည်။

စျေးဖွင့်ချိန်ကိုလည်း နံနက် ၈ နာရီမှ ညနေ ၄ နာရီအတွင်းသာ ခွင့်ပြုသွားမည်ဖြစ်ကာ ပုံမှန်အခြေအနေပြန်လည်ရောက်ရှိမှသာ ယခင်အတိုင်း နံနက် ၈ နာရီမှ ၆ နာရီအထိ ပြန်လည်ခွင့်ပြုမည်ဖြစ်သည်။

စီးပွားရေးနှေးကွေးမှု ပြန်လည်နှိုးဆွနိုင်ရန် ပို့ကုန်တင်ပို့ခြင်းအပေါ်  ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ကောက်ခံခြင်းကို ဇန်နဝါရီလကုန်အထိ ဆက်လက်ကင်းလွတ်ခွင့်ပြု

COVID-19 ကြောင့် စီးပွား ရေးနှေးကွေးမှုကို ပြန်လည်နှိုးဆွနိုင်ရန်အတွက် ပို့ကုန်တင်ပို့ခြင်းအပေါ် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ကောက်ခံခြင်း ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ဆက်လက်ကင်းလွတ်ခွင့်ပြုကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၁) ဖြင့် ထုတ်ပြန်ထားသည်။

ကမ္ဘာတစ်ဝန်းဖြစ်ပေါ်လျက်ရှိသော COVID-19 ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုလျော့နည်း သက်သာစေရေးအတွက် ပို့ကုန်တင်ပို့ခြင်းအပေါ် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်ကောက်ခံခြင်းကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏၂၀၂၀ ပြည့်နှစ် မတ် ၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၈/၂ ၀၂၀ ဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီ ၁  ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကင်းလွတ်ခွင့်ပြုပေးခဲ့ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၀၃/ ၂၀၂၀ ဖြင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်အထိ သက်တမ်းတိုး၍ ကင်းလွတ်ခွင့်ပြုပေးခဲ့သည်။

ယခုအခါ COVID-19 ရောဂါကြောင့် သက်ရောက်နေသည့် စီးပွားရေးနှေးကွေးမှုကို ပြန်လည်နှိုးဆွနိုင်စေရန်အတွက် ပို့ကုန်တင်ပို့ခြင်းအပေါ် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကောက်ခံခြင်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိတိုးမြှင့်၍ ကင်းလွတ်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုများကို လျော့နည်းစေရန် အခွန်နှုန်းထားလျှော့ချခြင်း၊ အတိုးနှုန်းသက်သာသည့်ချေးငွေများ ထုတ်ချေးခြင်းများဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ချေးငွေထုတ်ချေးခဲ့မှုတွင် CMP ကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍနှင့် SME လုပ်ငန်းများသို့ ပထမအကြိမ် COVID-19 Fund က ချေးငွေထုတ်ချေးခဲ့သည်။

ဒုတိယအကြိမ်ချေးငွေထုတ်ပေးရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပြည်ပပို့ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန် အစားထိုးပစ္စည်းထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်းထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည်အထိ ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက် ပါဝင်ဆောင်ရွက်သည့်လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများသို့ ထုတ်ပေးမည်ဖြစ်သည်။

ထုတ်ပြန်လိုက်သည့် မြန်မာနိုင်ငံခရီးသွားကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာ

COVID-19 ကပ်ရောဂါ သက်ရောက်မှုများကို တုံ့ပြန်ရေး လာမည့်ငါးနှစ်တာကာလအတွင်း အကောင်အထည်ဖော်ရန် အစိုးရအဖွဲ့သို့ တင်ပြမည့် မြန်မာနိုင်ငံခရီးသွားကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာလမ်းပြမြေပုံကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။

အဆိုပါမဟာဗျူဟာလမ်းပြမြေပုံကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် (UNWTO) နှင့်လူဇင်ဘတ်ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့ပူးပေါင်း၍ ပြီးမြောက်အောင် ရေးဆွဲခဲ့ခြင်းဖြစ်သည်။

COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုများကို တုံ့ပြန်ဖြေရှင်းရန် ရေးဆွဲထားသော လမ်းပြမြေပုံသည် ယခင်ပြုစုခဲ့ပြီးဖြစ်သော မြန်မာနိုင်ငံခရီးသွားလုပ်ငန်းပင်မစီမံကိန်း (၂၀၁၃-၂၀၂၀) ကိုအခြေခံ၍ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) ၏ “ခရီးသွားလုပ်ငန်း ပြန်လည်စတင်ရေး ကမ္ဘာလုံးဆိုင်ရာ လမ်းညွှန်ချက်များ” နှင့်အညီ ရေးဆွဲထားခြင်းဖြစ်သည်။ လမ်းပြမြေပုံတွင် ခရီးသွားလုပ်ငန်းပင်မစီမံကိန်း အသစ်၏ မဏ္ဍိုင်ခြောက်ခုကိုအခြေခံ၍ ရေးသားထားခြင်းဖြစ်ပြီး နောင်လာမည့် ငါးနှစ်တာကာလအတွင်း အကောင်အထည်ဖော်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ တင်ပြမည့်အနှစ်ချုပ် စာတမ်းတစ်စောင်ဖြစ်ပြီး ခရီးသွားလုပ်ငန်းပင်မစီမံကိန်းကို အကောင်အထည်ဖော်ရန် ရေးဆွဲထားသော လုပ်ငန်းစီမံချက်ဖြစ်သည်။

အဆိုပါလမ်းပြမြေပုံ၏လုပ်ငန်းစဉ်များကို အခြေခံ၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ခရီးသွားလုပ်ငန်းကော်မတီများက မိမိတို့၏ဒေသအလိုက် စီမံကိန်းများကို ၂၀၂၁ ခုနှစ် မြန်မာနှစ်သစ်မတိုင်မီ ရေးဆွဲရန် ရည်ရွယ်ထားသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတို့၌ ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ပတ်သက်ဆက်နွယ်သူ အားလုံးပါဝင်သည့် ဆွေးနွေးပွဲများကို တစ်လလျှင် နှစ်ကြိမ်ပြုလုပ်သွားရန်ဖြစ်သည်။

ခရိုင်နှင့် မြို့နယ်အဆင့် ခရီးသွားဒေသစီမံခန့်ခွဲမှုအဖွဲ့များက ခရီးစဉ်ဒေသတစ်ခုစီအတွက် တစ်နှစ်အတွင်း အကောင်အထည်ဖော်ရန် အစီအစဉ်တစ်ရပ်ရေးဆွဲရမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ပင်မစီမံကိန်းတစ်ခုစီအတွက် အခြေခံအုတ်မြစ်အဖြစ်ထားရှိမည်ဖြစ်သည်။                                              


READ NEXT
Cancel OK