ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်မှုများနှင့် ပတ်သက်၍ NLD ပါတီကို ဝန်းရံထောက်ခံသူများက နည်းမျိုးစုံဖြင့် နှောင့်ယှက်လာခဲ့သည့်အတွက် ပြည်ခိုင်ဖြိုးပါတီက အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
ထိုသို့နှောင့်ယှက်ခဲ့သည့် NLD ပါတီ ဝန်းရံထောက်ခံသူများကို စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပုလဲ၊ ချောင်းဦး၊ ဝက်လက်နှင့် ကန့်ဘလူမြို့နယ်တို့တွင် အမှုဖွင့်ထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ တိုင်းအတွင်းရေးမှူး ဦးအောင်ဇော်ဦးက ပြောကြားသည်။
အောက်တိုဘာ၂၇ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကန့်ဘလူမြို့နယ် ကာဘိုးဖြစ်စဉ်နှင့် ပက်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ၌ ၎င်းက ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“အမှုဖွင့်တာတွေ ဖြစ်ပေါ်စေတယ်။ ကျွန်တော်တို့ဒီမှာ အမှုဖွင့်တာတွေ သိသလောက်ကတော့ ပုလဲမှာ တစ်မှု၊ ချောင်းဦးမှာ နှစ်မှု၊ ဝက်လက်မှာ တစ်မှု၊ ကန့်ဘလူမှာ သုံးမှုတင်ထားတယ်လို့ သိရပါတယ်။ ကျွန်တော်တို့က ထိန်းထိန်းသိမ်းသိမ်းတော့လုပ်တယ်။ သို့သော် ထိန်းထိန်းသိမ်းသိမ်း လုပ်ရင်းနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေပါ ပါလာကြတယ်။ ကျွန်တော်တို့ကို ဝန်းရံတဲ့သူတွေက သည်းမခံတော့ဘူး။ အမှုဖွင့်မယ်၊ တရားစွဲမယ် စသဖြင့် လုပ်ကြတဲ့အမှုတွေ ဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ်လေးတွေ ဖြစ်ပါလာတဲ့ အနေအထားပါ” ဟု ဦးအောင်ဇော်ဦးက ပြောကြားသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် COVID-19 စည်းကမ်းချက်များနှင့်အညီ Door to Door ပြုလုပ်ခြင်း၊ ပန်းဖလတ်ဝေခြင်း၊ ဟောပြောပွဲလုပ်ခြင်း၊ ဆိုင်းဘုတ်စိုက်ထူခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ထံ တရားဝင်စာတင်၍ လုပ်ဆောင်ခဲ့သော်လည်း လုပ်ဆောင်သည့် နေရာတိုင်းတွင် ဟန့်တားနှောင့်ယှက်မှု မျိုးစုံဖြင့် ကြုံတွေ့ခဲ့ရကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
မကြာမီ ကျင်းပတော့မည့် အထွေထွေ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် ကန့်ဘလူခရိုင် မဲဆန္ဒနယ်မြေ အမှတ် (၄) အမျိုးသား လွှတ်တော်နေရာကလွဲ၍ အခြားမဲဆန္ဒနယ် အားလုံး၌ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
-
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပုံစံ ၁၅ ဖြင့် ကြိုတင်ဆန္ဒမဲပေး
-
မန္တလေးခရိုင်ရှိ ခုနစ်မြို့နယ်အနက် လူဦးရေ ထူထပ်သည့် ငါးမြို့နယ်၌ အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခြင်းကို အိမ်တိုင်ရာရောက် လိုက်လံကောက်ယူ
-
ရွေးကောက်ပွဲသည် တရားမျှတမှု နည်းနိုင်ကြောင်း ပြောဆိုနေသည့် အယူအဆအား မှားသည်ဟု ပြော၍မရကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား
-
ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးကို နှောင့်ယှက်ခဲ့သည့် NLD ပါတီ ထောက်ခံသူများအား အမှုဖွင့်
-
တောင်ကုတ်နှင့် ရမ်းဗြဲမြို့သို့ သွားရောက်ခဲ့သည့် ANP ဗဟိုအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးအဖွဲ့ ဇက်ရေယာဉ် ကမ်းကပ်ခွင့် မရသဖြင့် ချောင်းရေကိုသာ သောက်သုံးရေအဖြစ် တင်ဆောင်လာခဲ့ရ