Top News

ရွေးကောက်ပွဲသည် တရားမျှတမှု နည်းနိုင်ကြောင်း ပြောဆိုနေသည့် အယူအဆအား မှားသည်ဟု ပြော၍မရကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား
24htopnews | November 20, 2024 8:13 AM CST

ရွေးကောက်ပွဲသည် တရားမျှတမှု နည်းနိုင်ကြောင်း ပြောဆိုနေသည့် အယူအဆအား မှားသည်ဟု ပြော၍မရကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာ မူလတန်းလွန်ကျောင်း မဲရုံအမှတ်(၂)တွင် ကြိုတင်မဲပေး၍ ပြန်လည်ထွက်ခွာလာသည့် သူရဦးရွှေမန်းအား သတင်းထောက်တစ်ဦးက ယခုရွေးကောက်ပွဲသည် COVID ကာလကြားတွင် ကျင်းပသဖြင့် တရားမျှတမှု နည်းနိုင်သည်ဟု ပါတီအချို့က ယူဆနေသဖြင့် ၎င်းအနေဖြင့် မည်သို့ယူဆသနည်းဟု မေးမြန်းခဲ့သည်။

ထိုသို့မေးမြန်းမှုအပေါ် သူရဦးရွှေမန်းက “သူတို့အယူအဆတွေ မှားတယ်လို့ ပြောလို့မရပါဘူး။ ကိုဗစ်ကာလ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင် အနေနဲ့လည်း ခက်ခက်ခဲခဲတွေ လုပ်ဆောင်နေရပါတယ်။ အဲ့ဒီနေရာမှာ အရေးကြီးတာက ရွေးကောက်ပွဲကော်မရှင်ရဲ့ စံငါးရပ်နဲ့ အညီဖြစ်အောင် ရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်ပေးနိုင်မယ် ဆိုရင်တော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မှာပါ။ ဒါကြောင့်မို့ အဲ့လိုဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ ဆိုတာက အဓိက ပြဿနာဖြစ်ပါတယ်။။ (လွတ်လပ်ပြီး တရားမျှတတဲ့) ရွေးကောက်ပွဲဖြစ်နိုင်ဖို့ တော်တော်ကြိုးစားရပါမယ်။ အဓိကကတော့ သူတို့စံငါးရပ်ထဲမှာ ဖော်ပြထားတဲ့အတိုင်း ဘယ်လောက်အထိ လုပ်ပေးနိုင်မလဲပေါ့” ဟု သူရဦးရွှေမန်းက ပြောကြားသည်။

ခုလာရောက်ခြင်းသည် ကြိုတင်မဲပေးခြင်းဖြစ်ပြီး နိုင်ငံသားတိုင်းတာဝန် ဖြစ်ကြောင်း၊ မဲပေးခြင်းမှာ နိုင်ငံကို ကောင်းကျိုးပြုမည့် အစိုးရတစ်ရပ် ပေါ်ပေါက်ရေးအတွက် ဖြစ်ကြောင်း၊ နိုင်ငံပိုကောင်းအောင် လုပ်ဆောင်ပေးမည့် အစိုးရကို ရွေးချယ်သည့်ပွဲ ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ မဲပေးရန် လူတိုင်းတွင် တာဝန်ရှိကြောင်း သူရဦးရွှွေှမန်းက ပြောကြားသည်။

ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ အနေဖြင့် တစ်နိုင်ငံလုံးတွင် မြို့နယ် ၂၆၁ မြို့နယ်တွင် ကိုယ်စားလှယ် ၉၂၇ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး တစ်နိုင်ငံလုံး အနေဖြင့် ရာခိုင်နှုန်း ၄၀ မှ ၅၀ အထိ နိုင်မည်ဟု မျှော်မှန်းထာကြောင်း ၎င်းကဆိုသည်။ 

“ပိုပြီးကောင်းအောင် ပြောင်းပေးမယ့်ပါတီ ဖြစ်တဲ့အတွက် ဥက္ကဋ္ဌကြီးတို့ပါတီကို မဲပေးသင့်ပါတယ်။ အပြောင်းအလဲ ဆိုတာက လိုအပ်တယ်။ ဒါပေမယ့် ကောင်းတဲ့ ပြောင်းလဲမှု ဖြစ်ဖို့လိုတယ်။ ဒီနေ့ ပို၍ ကောင်းတဲ့ ပြောင်းလဲမှု ဖြစ်နိုင်ဖို့ အတွက်ဆိုရင် စေတနာရှိတယ်၊ အတွေ့အကြုံရှိတယ်။ ထိုက်သင့်တဲ့ အရည်အချင်းရှိတယ်။ အဲ့လိုပါတီ အဖွဲ့အစည်းကို ပေးမယ်ဆိုရင် ပိုပြီးကောင်းအောင် ပြောင်းနိုင်လိမ့်မယ်။ ဒါ့အပြင် စေတနာရှိတဲ့ ဆန္ဒရှိရုံနဲ့ မပြီးဘူး။ အဲ့စေတနာနဲ့ ဆန္ဒကို အကောင်အထည် ဖော်နိုင်တဲ့ အဖွဲ့အစည်းမျိုး လိုတယ်။ တစ်ယောက်တည်း လုပ်လို့မရပါဘူး။ စေတနာ ကောင်းသလို လုပ်နည်းလုပ်ဟန် ကောင်းဖို့ လိုပါတယ်” ဟု သူရဦးရွှေမန်းက ပြောကြားသည်။

သူရဦးရွှေမန်း ကြိုတင်မဲပေးခဲ့သည့် မဲရုံတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ အနေဖြင့်   မဲပေးရမည် ဖြစ်သော်လည်း လက်ရှိဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါ အခြေအနေ အပါအဝင် ၎င်းနေထိုင်သည့် နေရာတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များကြောင့် နေအိမ်အတွင်း၌သာ ကြိုတင်မဲပေးနိုင်ကြောင်း ညောင်ပင်ကြီးစုကျေးရွာ ရပ်ကျေးကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလှငွေက ပြောကြားသည်။

“သူတို့က အတွင်းစည်း။ အပြင်စည်း ဆိုတာကတော့ အပြင်က အတွင်းမဝင်ရ။ အတွင်းက အပြင်မထွက်ရဆိုတဲ့ စည်းလေးတွေ ရှိတယ်ဗျ။ ကျွန်တော်တို့ အဖွဲ့နဲ့ အိမ်ကျအောင် သွားပြီးတော့ မဲထည့်ခိုင်းပါတယ်။ ခင်ဗျ။ ဘယ်နေ့ ဘယ်ရက် ဆိုတာကတော့ မြို့နယ်က အဆင်ပြေတဲ့ရက်ကို လုပ်မှာပါ။ သူတို့ဆီမှာရှိတဲ့ အိမ်တွင်း မိသားစုတွေ အကုန်ပေါ့။ ကျွန်တော်တို့ သွားထည့်ခိုင်းမှာပါ။ အကြီးအကဲတွေဆိုတော့ ကျွန်တော်တို့က ရိုသေသမှုနဲ့ အိမ်အထိသွားပြီးတော့ ကြိုတင်မဲယူမယ် ဆိုပြီးတော့ စဉ်းစားထားတာပါ။ ဘယ်လိုပုံစံရယ်လို့ သူတို့က မပြောဘူး။ အိမ်လာပေးရင်တော့ အဆင်ပြေလောက်တယ်လို့ ပြောပါတယ်” ဟု ပြောကြားသည်။

အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် အောက်တိုဘာ ၂၉ ရက်မှစတင်ကာ နိုဝင်ဘာ ၅ ရက်အထိ ကြိုတင်မဲပေးနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။


READ NEXT
Cancel OK