Top News

အမေရိကန်လက်နက်ကုမ္ပဏီကို တရုတ်က ပိတ်ဆို့အရေးယူမှုနှင့် နောက်ဆက်တွဲ ထိခိုက်မှုအလားအလာ
24htopnews | October 15, 2024 1:12 PM CST

ထိုင်ဝမ်အား လက်နက်များ ရောင်းချမှုအတွက် Boeing Defense ၊ Lockheed Martin နှင့် Raytheon အပါအဝင် အမေရိကန် ကာကွယ်ရေးကုမ္ပဏီကြီးများကို ပိတ်ဆို့မှုများပြုလုပ်သွားမည်ဟု တရုတ်အစိုးရက ပြောကြားခဲ့သည်။

တရုတ်နှင့် ထိုင်ဝမ်တို့သည် ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်ပြီးကတည်းက ကွဲကွာခဲ့ကြသော်လည်း တရုတ်အစိုးရက ထိုင်ဝမ်ကို ၎င်း၏နယ်နိမိတ်တစ်ခုအဖြစ် ရှုမြင်ထားသည်။

ထို့ပြင် ထိုင်ဝမ်အစိုးရကို သံတမန်ရေးရာအရ အသိအမှတ်ပြုများသည် ၎င်း၏ အချုပ်အခြာအာဏာကို တိုက်ခိုက်မှုတစ်ခုအဖြစ် တရုတ်နိုင်ငံကယူဆခဲ့ပြီး ထိုင်ဝမ်ကို ဒုံးကျည်နှင့်လက်နက်များ ရောင်းချနေသည့် အမေရိကန်ကို ပြစ်တင်ဝေဖန်ခဲ့သည်။

တရုတ်နိုင်ငံသည် ၁၉၈၉ ခုနှစ်က ဖြစ်ပွားခဲ့သည့် သွေးစွန်းခဲ့သည့် တီယန်မင်ရင်ပြင်ဆန္ဒပြမှုကို နှိမ်နင်းခဲ့ပြီးနောက် အမေရိကန်လက်နက်ထုတ်လုပ်သည့် ကုမ္ပဏီများသည် တရုတ်ထံ သေစေလောက်သည့် သို့မဟုတ် မသေစေလောက်သည့် စစ်လက်နက်ပစ္စည်းများ ရောင်းချမှုကို တားမြစ်ပိတ်ပင်ခံထားရသည်။

ကာလကြာရှည် တည်မြဲနေသည့် ယင်းပိတ်ပင်ချက်ကြောင့် အမေရိကန်ကာကွယ်ရေးကုမ္ပဏီကြီး သုံးခုဖြစ်သည့် Boeing Defense ၊ Lockheed Martin နှင့် Raytheon တို့သည် မကြာသေးမီ ဆယ်စုနှစ်များအတွင်းက စစ်ဘက်ဆိုင်ရာတွင် အများအပြား ရင်းနှီးမြှပ်နှံခဲ့သည့် အာရှအင်အားကြီး တရုတ်နိုင်ငံကို လက်နက်ရောင်းချခွင့် ပိတ်ပင်ခံထားခဲ့ရပြီးဖြစ်သည်။

မည်သို့ပင်ဆိုစေ ယင်းအဖွဲ့အစည်းသုံးခုသည် တရုတ်တွင် စစ်ရေးနှင့်ဆက်နွှယ်မှု မရှိသည့် ဆောင်ရွက်မှုများ ရှိနေသေးသည်။

Boeing သည် ဒေသတွင်း အဓိကလေကြောင်းလိုင်းများ အားလုံးအသုံးပြုနေသည့် ၎င်း၏ခရီးသည်တင် လေယာဉ်များကို တရုတ်နိုင်ငံသို့ ရောင်းချနေသည်။

Lockheed Martin ကုမ္ပဏီသည် ၁၉၈၀ ပြည့်နှစ်ကတည်းက တရုတ်နိုင်ငံသို့ ရဟတ်ယာဉ်များ ရောင်းချခဲ့သည့် ရဟတ်ယာဉ် ထုတ်လုပ်သည့် Sikorsky ကုမ္ပဏီကို ပိုင်ဆိုင်ထားပြီး တရုတ်ပြည်တွင်း မိတ်ဖက်ကုမ္ပဏီတစ်ခုနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းတစ်ခုရှိသည်။

Raytheon ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ လေယာဉ်နှင့် ရဟတ်ယာဉ် အင်ဂျင်စျေးကွက်တွင် အဓိကနေရာမှာ ပါဝင်လှုပ်ရှားနေသည့် Pratt & Whitney ကုမ္ပဏီကို ပိုင်ဆိုင်ထားသည်။

ယင်းကုမ္ပဏီကြီး သုံးခုအနက် Boeing ကုမ္ပဏီသည် COVID-19 ကပ်ရောဂါနှင့် ၎င်း၏ နည်းပညာ ချွတ်ယွင်းချက်များရှိနေသည့် 737 MAX လေယာဉ်ပြဿနာများကို ယခင်ကတည်းက ရင်ဆိုင်ဖြေရှင်းနေရပြီး လာမယ့်နှစ်နှစ်အတွင်း အလုပ်အကိုင်ပေါင်း ၃၀,၀၀၀ ခန့် လျှော့ချရန်ရည်ရွယ်ထားကြောင်း ကြေညာခဲ့သည်။

ပြီးခဲ့သည့်နှစ်က Boeing သည် တရုတ်နိုင်ငံတွင် ဒေါ်လာ ၅.၆၈ ဘီလျံ ရောင်းချနိုင်ခဲ့ပြီး ၎င်း၏ကမ္ဘာလုံးဆိုင်ရာ ဝင်ငွေစုစုပေါင်း၏ ခုနစ်ရာခိုင်နှုန်းကျော်ရှိခဲ့သည်။

“ Boeing ကုမ္ပဏီဟာ တရုတ်နိုင်ငံမှာ အရပ်ဘက်လှုပ်ရှားမှုတွေ ရှိနေပါတယ်။ တရုတ်ရဲ့ ပိတ်ဆို့မှုတွေဟာ အသေးအဖွဲ့မဟုတ်ပါဘူး။ သိသာထင်ရှားပြီး ကြီးမားတဲ့ ပိတ်ဆို့မှုတွေဖြစ်ပါတယ်” ဟု တရုတ်စစ်ဘက်ဆိုင်ရာ လေ့လာသူ စုန်ကျောင်ပင်က ပြောကြားခဲ့သည်။

ယေဘုယျအားဖြင့် တရုတ်နိုင်ငံသည် စစ်ဘက်သုံးမဟုတ်သည့် လေယာဉ်များဝယ်ယူမှုကို Boeing နှင့် ယင်း၏ဥရောပပြိုင်ဘက် Airbus ကုမ္ပဏီတို့ကြား မျှမျှတတ ဝယ်ယူခဲ့သည်။

သို့သော်လည်း ပိတ်ဆို့မှုများကြောင့် Boeing ကုမ္ပဏီသည် တရုတ်တွင် လေယာဉ်များ ရောင်းချမှု လျော့ကျသွားမည့်အရေးနှင့် ရင်ဆိုင်ရနိုင်သည်ဟု စင်ကာပူနိုင်ငံ နန်ယန်းနည်းပညာတက္ကသိုလ်မှ တရုတ်စစ်ရေးကျွမ်းကျင်သူ ဂျိမ်းစ်ချားက ပြောကြားခဲ့သည်။

ထို့ပြင်တရုတ်သည် Sikorsky ကုမ္ပဏီအား ပစ်မှတ်ထားခြင်းဖြင့် Lockheed Martin ကုမ္ပဏီကို အရေးယူနိုင်ခြေရှိသည်ဟု ချားက ပြောကြားခဲ့သည်။

သို့သော်လည်း တရုတ်နိုင်ငံတွင် စီးပွားရေးအရ လည်ပတ်နေသည့် Sikorsky ရဟတ်ယာဉ်အရေအတွက်မှာ အကန့်အသတ်တစ်ခု အနေနှင့်သာရှိပြီး တရုတ်တွင် Lockheed Martin ၏ စီးပွားရေးမှာလည်း ၎င်း၏ဝင်ငွေစုစုပေါင်း၏ တစ်ရာခိုင်နှုန်းအောက်သာရှိနေသည်ဟု ချားက ပြောကြားခဲ့သည်။

Raytheon ကုမ္ပဏီ၏ Pratt & Whitney ကုမ္ပဏီမှာမူ တရုတ်နိုင်ငံ၏ လေကြောင်းအင်ဂျင်စျေးကွက်တွင် Rolls Royce နှင့် General Electric ကုမ္ပဏီကဲ့သို့ ပြိုင်ဘက်များနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။

တရုတ်အစိုးရကမူ ထိုင်ဝမ်အား လက်နက်ရောင်းရမှုတွင် ပါဝင်သည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုဟ်တစ်ဦးချင်းစီကို ပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဟု ကြေညာထားသည်။ Raytheon ကုမ္ပဏီကမူ ယင်းကြေညာချက်နှင့်ပတ်သက်ပြီး မှတ်ချက်ပြုပြောကြားခြင်း မရှိခဲ့ပေ။


READ NEXT
Cancel OK