Top News

ဧရာဝတီတိုင်းအတွင်းရှိ ပြောင်းစိုက်ခင်းများတွင် ငမြှောင်တောင်ပိုး မျိုးစိတ်အသစ်ဖြစ်သည့် Fall Armyworm ပိုး ကာကွယ်နှိမ်နင်းရေးအတွက် ပြည်ထောင်စုမှ ရန်ပုံငွေ ကျပ်သိန်းငါးရာ ထောက်ပံ့ထားကြောင်း သိရ
24htopnews | October 14, 2024 5:12 AM CST

ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ပြောင်းစိုက်ခင်းများတွင် ငမြှောင်တောင်ပိုး မျိုးစိတ်အသစ်ဖြစ်သည့် Fall Armyworm ပိုး ကျရောက်ဖျက်ဆီးနေမှုကို ကာကွယ်နှိမ်နင်းနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရမှ ရန်ပုံငွေ ကျပ်သိန်းငါးရာ ထောက်ပံ့ထားပြီး လိုအပ်ပါ ပြည်ထောင်စုအား ထပ်မံတင်ပြ အကူညီတောင်းခြင်း၊ တိုင်းဒေသကြီး ဘတ်ဂျက်များထဲမှ လွှဲပြောင်းအသုံးပြုခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

၁၉၉၀ ပြည့်နှစ် အချိန်ခန့်ကတည်းက အမေရိကန်နိုင်ငံနှင့် တောင်အမေရိကနိုင်ငံများတွင် စတင်ပေါက်ဖွားခဲ့သည့် Fall Armyworm ပိုးမွှားမှာ ၂၀၀၃ ခုနှစ် အာဖရိကနိုင်ငံများရှိ စိုက်ပျိုးသီးနှံများတွင်ပါ ကျရောက်ခဲ့ပြီး ၂၀၁၆ခုနှစ်တွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံသို့ ကျရောက်ပြီးနောက် မြန်မာနိုင်ငံသို့ ၂၀၁၈ ခုနှစ်နှောင်းပိုင်းတွင် စတင်ဝင်ရောက်လာပြီး ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအ တွင်းရှိ ပြောင်းစိုက်ခင်းများကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါပိုးမွှားမှာ နှိမ်နင်းရန် ခက်ခဲပြီး အမြစ်ပြတ်နှိမ်နင်းခြင်းနှင့် အပြည့်အဝ ကြိုတင်ကာကွယ်ရန် နည်းလမ်းများအား ကမ္ဘာ့စိုက်ပျိုးရေးနိုင်ငံကြီးများတွင်ပါ မလုပ်ဆောင်နိုင်သေးကြောင်း၊ ယင်း Fall Armyworm ပိုးမွှားမှာ မြန်မာပြည်တွင် ယခင်အချိန်ကတည်းက ရှိနှင့်ပြီးဖြစ်သည့် ငမြှောင်တောင်ပိုးနှင့် ဆင်တူသော်လည်း ပိုးသတ်ဆေးများကို ခံနိုင်စွမ်းအားနှင့် ဖျက်ဆီးကိုက်ဖြတ်နိုင်မှု စွမ်းရည်မှာ ပိုမိုမြင့်မားကြောင်း၊ ပိုးမွှား၏ ပင်ကိုဗီဇအရ ပြောင်းသီးနှံများကို ပိုမိုကြိုက်နှစ်သက်သော်လည်း မြန်မာပြည်တွင် စိုက်ပျိုးနေသည့် စပါး၊ ပဲ၊ ၀ါ၊ နှမ်း၊ ကြံနှင့် အခြားသော သီးနှံ ၈၀ မျိုးကျော်ကိုပါ ဖျက်ဆီးလေ့ရှိကြောင်း၊ ပိုးမွှားများမှာ လေနှင့်အတူ ပျံ့နှံ့နိုင်ခြင်း ပိုးမွှားမျိုးဆက်တစ်ခုလျှင် ပိုးသတ်ဆေး အမျိုးအစား တစ်မျိုး၏ ခံနိုင်စွမ်းရည်ကိုပါ အလိုလိုမြှင့်တင်နိုင်ခြင်းကြောင့် အမြစ်ပြတ်နှိမ်နင်းခြင်း ပြုလုပ်ရန် ခက်ခဲကြောင်း၊ ပြောင်းခင်းများတွင် ဘက်စုံကာကွယ် နှိမ်နင်းမှုများသာမက ကောင်းကင် ဆေးဖျန်းယာဉ်များဖြင့်ပင် ဆေးများပက်ဖျန်းနေရကြောင်း၊ ရောဂါပိုးကို နှိမ်နင်းနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရမှ ကျပ်သိန်းငါးရာ ထောက်ပံ့ထားသော်လည်း လိုအပ်ပါက ထပ်မံအကူညီ တောင်းခံသွားမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံတော်ကနေပြီးတော့ သိန်းငါးရာ ဆေးဖိုး ကျန်တဲ့ထောက်ပံ့မှုမျိုး ပေးတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ တိုင်းအနေနဲ့ကတော့ ဌာနဆိုင်ရာကတော့ မပျက်ကွင်းဆင်းနေပါတယ်။ ဒါကို အခုလောလောဆယ်တော့ ပြည်ထောင်စုက ချပေးထားတာနဲ့ လုပ်နေတယ်။ အဲ့ဒါကိုမှ လိုအပ်လို့ရှိရင် ကျွန်တော်တို့မှာ အရေးပေါ်ဆိုတာ သဘာဝဘေးအန္တရာယ်မှာပဲ ရှိမယ်။ အရေးပေါ်ဆိုတဲ့ ဟာမျိုးမှာ ပြည်ထောင်စုက ညွှန်ကြားထားပါတယ်။ ကျွန်တော်တို့မှာ သတ်သတ်မထားပါဘူး၊ ဒါပေမဲ့ နောက်နှစ်ဘတ်ဂျက်များမှာဆိုရင် အဲဒီလို သုံးဖို့အတွက် အရေးပေါ်ထားရမယ်ဆိုတဲ့ ညွှန်ကြားချက် ရှိပါတယ်။ နောက်နှစ်များဆိုရင် ကျွန်တော်တို့ အဲဒီလို အရေးပေါ် သုံးဖို့အတွက် ထားပြီးတော့ ဆောင်ရွက်မှာပါ။ ဒါကလည်း လက်ရှိအခြေအနေမှာ လမ်းစတစ်ခုရပြီး နှိမ်နင်းနိုင်တဲ့ အစိတ်အပိုင်းကို ဖြစ်နေပါပြီ။ သူ့ထက်ပိုမိုပြီးတော့ များလာမယ်ဆိုရင်လည်း မနက်ဖြန် သန်ဘက်လောက်ဆို ကျွန်တော်တို့ အခုဖြစ်နေတဲ့ အခြေအနေကို ပြည်ထောင်စု အစိုးရကို တင်ပြဖို့လည်း ရှိပါတယ်။ လိုအပ်လို့ရှိရင်လည်း ကျွန်တော်တို့က ရန်ပုံငွေတောင်းမယ်။ ဒါမှမဟုတ်ရင်လည်း ကျွန်တော်တို့ သူ့ထက်ဆိုးလာမယ်ဆိုရင်လည်း ကျွန်တော်တို့ တိုင်းဒေသကြီးရဲ့ သင့်တင့်တဲ့ ရနိုင်တဲ့ ဘတ်ဂျက်တော့ မဟုတ်ဘဲ သင့်တင့်ရနိုင်တဲ့ အကြောင်းတစ်နေရာကနေပြီးတော့ ရွှေ့ပြောင်းပြီးတော့ သုံးရမှာပေါ့နော်။ ဒါမှဘာလို့လဲဆိုတော့ တကယ်လို့ ထိန်းချုပ်ရခက်လာနိုင်တဲ့ လက်ရှိအချိန်မှာ နိုင်နင်းနေသေးတဲ့အတွက် လိုအပ်ရင် နှစ်ချက်ပေါ့နော်။ ပြည်ထောင်စုကို ထပ်တင်ပြမယ်။ နောက်တစ်ခုက ကျွန်တော်တို့ တိုင်းဒေသကြီးက ရနိုင်တဲ့ ရန်ပုံငွေကနေပြီးတော့ အချို့လွှဲပြောင်းပြီးတော့ အစိုးရအဖွဲ့အစည်းဝေးမှာ ဆုံးဖြတ်ပြီးတော့ သုံးဖို့လည်း ရှိပါတယ် ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဆိုသည်။

Fall Armyworm မှာ ဧရာဝတီတိုင်း ဒေသကြီးအတွင်း ပြောင်းစိုက်ဧက တစ်သိန်းကျော် အားလုံးတွင် ကျရောက်နေပြီး နှိမ်နင်းရန် ခက်ခဲသည့် အခြေအနေဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။                            

 

 


READ NEXT
Cancel OK