Top News

ဆာကာ၊ ဗန်ဒိုက်၊ ဆာလာတို့ လက်ရွေးစင်အသင်းမှ နုတ်ထွက်၍ ကလပ်များနှင့် ပြန်လည်ပူးပေါင်း
24htopnews | October 14, 2024 7:12 AM CST

 

အာဆင်နယ်အသင်း တောင်ပံကစားသမား ဘူကာယိုဆာကာ၊ လီဗာပူးလ်အသင်း နောက်ခံလူ ဗာဂျီလ်ဗန်ဒိုက်နှင့် တိုက်စစ်ကစားသမား မိုဟာမက်ဆာလာတို့သည် ၎င်းတို့၏ လက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်၍ ကလပ်အသင်းများနှင့် ပြန်လည်ပူးပေါင်းခဲ့ပြီဖြစ်ကြောင်း သိရသည်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဖြစ်သူ ဆာကာ (၂၃ နှစ်) သည် အောက်တိုဘာ ၁၀ ရက်က ဂရိအသင်းအား အိမ်ကွင်း၌ ရှုံးနိမ့်သည့် UEFA Nations League ပွဲစဉ်တွင် ယာဘက်ခြေထောက်ဒဏ်ရာရရှိခဲ့ပြီး ဒုတိယပိုင်းအစ ၅၁ မိနစ်မှာပင် လူစားလဲခဲ့ရ သည်။ ၎င်းအနေဖြင့် ဖင်လန်အသင်းနှင့် အဝေးကွင်းကစားရမည့်ပွဲအတွက် လိုက်ပါသွားခြင်းမရှိဘဲ ဒဏ်ရာကို စစ်ဆေးမှုပြုလုပ်ရန် အာဆင်နယ်အသင်းသို့ ပြန်သွားခြင်း ဖြစ်သည်။

နယ်သာလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဗန်ဒိုက် (၃၃ နှစ်) မှာလည်း အောက်တိုဘာ ၁၁ ရက်က ဟန်ဂေရီအသင်းနှင့် ကစားသည့် UEFA Nations League ပွဲစဉ်တွင် လက်ရွေးစင်ကစားသမားဘဝ ပထမဆုံး အနီကတ်ပြခံခဲ့ရသည်။ သို့ဖြစ်ရာ ဂျာမနီ အသင်းနှင့်ကစားမည့်ပွဲကို လွဲချော်မည်ဖြစ်သောကြောင့် လီဗာပူးလ်အသင်းသို့ပြန်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

အီဂျစ်လက်ရွေးစင် အသင်းခေါင်းဆောင် ဆာလာ (၃၂ နှစ်) မှာမူ အောက်တိုဘာ ၁၁ ရက်က မော်ရီတေးနီးယား အသင်းနှင့်ကစားသည့် အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲတွင် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ၎င်းအနေဖြင့် ဒဏ်ရာပြဿနာမရှိသော်လည်း လက်ရွေးစင်အသင်းမှ ကြိုတင်၍ ပြန်သွားခြင်းဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK