Top News

အိုမီခရွန်နှင့် စီးပွားရေး
24htopnews | October 11, 2024 1:12 AM CST

အိုမီခရွန်ဗိုင်းရပ်မျိုးကွဲဟာ အားလပ်ရက် ခရစ္စမတ်နဲ့အတူ နှစ်သစ်ကူးကာလ ခရီးသွားလာမှုကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက်က ကမ္ဘာတစ်ဝန်းလေကြောင်း ခရီးစဉ် ၂၃၀၀ ကျော် ဖျက်သိမ်းကာ ထောင်နဲ့ ချီတဲ့ လေကြောင်းခရီးစဉ်များ ရွှေ့ဆိုင်းခဲ့ရကြောင်း သိရပါတယ်။ အာဖရိက ဘော့ဆွာနာနိုင်ငံက စတင်ခဲ့တဲ့ အိုမီခရွန်မျိုးကွဲဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က နိုဝင်ဘာ ၂၆ ရက်မှာ စောင့်ကြည့်ရမယ့် ဗီဇမျိုးကွဲအဖြစ် ကြေညာခဲ့ပြီး (၂-၃) ပတ်အတွင်းမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၉ နိုင်ငံကို ပျံ့နှံ့ရောက်ရှိကာ လော့ဒေါင်း ( Lock Down) အသစ်များချမှတ် လာခဲ့ရတာဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ဒုတိယအကြိမ် ခရစ္စမတ် ကပ်ရောဂါအချိန်ကာလဖြတ်သန်းနေပြီး ကိုရိုနာဗိုင်းရပ်စတင်ခဲ့တဲ့ တရုတ်နိုင်ငံမှာ တတိယအကြိမ် ကပ်ရောဂါ ခရစ္စမတ်ကာလဖြစ်ခဲ့တယ်။ တရုတ်နိုင်ငံ ရှီအန်းမြို့မှာ ကိုဗစ်စည်း ကမ်းချက်များ ဖောက်ဖျက်မှုနဲ့ အရာရှိ ၂၆ ဦး ကို အရေးယူခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်မှာပြည် တွင်းရောဂါလက္ခဏာပြ ကူးစက်ခံရသူ ၅၅ ဦးရှိခဲ့ကာ ဒီဇင်ဘာ ၂၄ ရက်မှာ ကူးစက်ခံရသူ  ၈၇ ဦးရှိပြီး ရှီအန်းမြို့မှာ လော့ဒေါင်းချမှတ်ထားပါတယ်။

အိုမီခရွန်မျိုးကွဲ ကူးစက်ပျံ့နှံ့နေတဲ့ဗြိတိန်မှာ ဒီဇင်ဘာ ၂၄ ရက် ဗိုင်းရပ်ကူးစက်ခံရသူ ၁၂၂၁၈၆ ဦးအထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ အမေရိကန်က အိုမီခရွန်မျိုးကွဲဗိုင်းရပ် ပထမဆုံးတွေ့ရှိခဲ့တဲ့ တောင်အာဖရိကနိုင်ငံ အများအပြားမှ ချမှတ်ထားတဲ့ ခရီးသွားလာမှု တားမြစ်ပိတ်ပင်ချက်ကိုလာမယ့် သီတင်းပတ်အတွင်း ရုပ်သိမ်းဖွယ်ရှိနေပါတယ်။

ချီလီနိုင်ငံမှာ ဖေဖော်ဝါရီလမှစတင်ကာ စတုတ္ထအကြိမ်မြောက် ကိုဗစ်ကာကွယ်ဆေး (Fourth dose ) ထိုးနှံပေးသွားမှာဖြစ်ပြီး ကူးစက်နိုင်ခြေမြင့်မားတဲ့ လူအုပ်စုများမှာ စတင်သွားမယ်လို့ သမ္မတက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မော်ရိုကိုနိုင်ငံမှာ အိုမီခရွန်မျိုးကွဲဗိုင်းရပ် ကူးစက်မှုမြင့်တက်နေတဲ့အပေါ် ထိန်းချုပ်ဖို့ကြိုးပမ်းနေချိန် နိုင်ငံတကာခရီးသွားလေကြောင်းလိုင်းတွေအပေါ် တားမြစ်ပိတ်ပင်ချက်ကို ဇန်နဝါရီလကုန်မတိုင်မီအထိ ရက်ထပ်တိုး ထုတ်ပြန်ခဲ့ပါတယ်။

စင်ကာပူနိုင်ငံမှာ ဒီဇင်ဘာ ၂၄ ရက်က ကိုဗစ်ကြောင့် သေဆုံးသူမရှိခဲ့ဘဲ သုံးလကျော်အတွင်း နေ့အလိုက် ကိုရိုနာဗိုင်းရပ်သေဆုံးသူ မရှိတဲ့ပထမဆုံးနေ့ဖြစ်လာပါတယ်။ အိုမီခရွန်မျိုးကွဲသစ်ကြောင့် ကန့်သတ်မှုများချထားပါတယ်။ ပြင်သစ်နိုင်ငံမှာဒီဇင်ဘာ ၂၄ ရက်နေ့ အလိုက် ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ ၉၄၁၂၄ ဦးအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ကပ်ရောဂါဖြစ်ကတည်းက နေ့အလိုက်ဗိုင်းရပ်ကူးစက်ခံ ရမှု အမြင့်ဆုံးဖြစ်တယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးတဲ့အရေအတွက်ဟာ တရားဝင်ထုတ်ပြန်တဲ့ အရေအတွက်ထက်(၂-၃)ဆအထိ များနိုင်မယ်လို့ ပြောကြားခဲ့တယ်။ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ် ဖြစ်ပွားသူပေါင်း ၂၇၇ သန်းကျော်ရှိခဲ့ပြီး ရောဂါကြောင့်သေဆုံးသူပေါင်း ၅၃၈၅၅၆၄ ဦး ရှိကြောင်း ဒီဇင်ဘာ ၂၅ ရက်သတင်းအရ သိရတယ်။ မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၂၅ ရက်အထိ ရောဂါဖြစ်သူ ၅၂၉၅၀၃ ဦးကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၁၉၂၅၁ ဦးရှိခဲ့ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံ အိမ်နီးချင်းထိုင်းနိုင်ငံမှာ အိုမီခရွန် ပြည်တွင်းကူးစက်မှုတွေ့ရှိပြီးနောက် ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေး ကြိုးပမ်းချက် အနေနဲ့ကျူ (Q-Quarantine) ကင်းလွတ်ခွင့် ပေးထားတဲ့ ခရီးသွားလာရေးအစီအစဉ် ပြန် လည်ရုပ်သိမ်းကာ ဒီဇင်ဘာ ၂၁ ရက်မှစကာ ပြည်ပခရီးသွားများ မဖြစ်မနေ ကျူ (Q-Quarantine) ဝင်ရမယ့် စည်းကမ်းချက်များ ချမှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း နယ်စပ် ဝင် ထွက်ဂိတ်များ၊ လေဆိပ်များမှ ဝင်ရောက်မှုများ၊ ကန့်သတ်စစ် ဆေးနေသလို ကျူ (Q-Quarantine)  ဝင်ရောက်ခြင်း၊ အသွားအလာကန့် သတ်ခြင်းများ ပြုလုပ်လာပါတယ်။

ကိုဗစ်ကြီးက ကမ္ဘာမြေပေါ်မှ မပျောက်သေးဘဲ (၄-၅)နှစ်ကြာနေဦးမှာဆိုတော့ နှာခေါင်းစည်း (Surgical Mask) ချည်နှောင်ခြင်း၊ လက်ကိုရေ၊ ဆပ်ပြာတို့နဲ့ စက္ကန့် ၂၀ ကျော်ကြာ ပွတ်တိုက်ဆေးကြောခြင်း၊ လူတစ်ဦးနဲ့တစ်ဦး ခြောက်ပေခွာခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ လူတိုင်း ကိုဗစ်ကာကွယ်ဆေး အပြည့် နှစ်ကြိမ်ထိုးနှံခြင်း၊ လိုအပ်ပါကတတိယ အကြိမ် (Third Dose ) ထိုးနှံခြင်းတို့လုပ်ကြဖို့ လိုပါမယ်။

ဒယ်တာ (Delta) ကိုဗစ်တတိယလှိုင်းကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကိုဗစ်ကပ်ရောဂါ ပြင်းထန်စွာခံစားခဲ့ရပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ လမ်းပန်းဆက်သွယ် ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများအရှိန် ပြန်ယူဆဲမှာပဲ အိုမီခရွန် (Omicrom) မျိုးဗီဇပြောင်း ထပ်မံကူးစက်ပျံ့နှံ့နေတာ ကမ္ဘာ့စီးပွားရေးဟာ ပြဿဒါးရက်များပြန်ဖြစ်သွားပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးချင်း၊ နိုင်ငံရေးခေါင်းဆောင်များ၊ နယ်ပယ်စုံမှ ပညာရှင်များ အထိ အလွှာအသီးသီးမှ လူအားလုံးကို ပိုမို ခေါင်းရှုပ်သွားစေခဲ့ပါတယ်။ အိုမီခရွန်ကြောင့် ထပ်မံပေါ်ပေါက်လာနိုင်တဲ့ ဟန့်တားမှုများ၊  ကန့်သတ်ချုပ်ချယ်မှုများဟာ ကနဦး အခက်အခဲတွေအတွက် ပြင်ဆင်အားထုတ်မှုအပေါ် ပိုမိုဝန်ပိလာတော့မှာကို အားလုံးမှန်းဆနေကြပါတယ်။

၂၀၂၁ ခုနှစ်နိုဝင်ဘာ ၈ ရက်ကတည်းက တောင်အာဖရိက ဘော့ဆွာနာမှာ စတင်တွေ့ရှိခဲ့တဲ့ ဗီဇပြောင်းကိုဗစ်အိုမီခရွန် (Omicrom) လို့အမည်မှည့်ခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုဝင်ဘာ ၂၆ ရက်မှာထုတ်ပြန်ခဲ့ပါ တယ်။ ယခင်ဒယ်တာမျိုးကွဲထက် လျင်မြန်စွာ ကူးစက်မြန်တာကြောင့် ဖွင့်လှစ်စ ကုန်သွယ် ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဟိုတယ်ခရီးသွားလုပ်ငန်းတွေ တံခါးပြန်ပိတ်ကုန်ပါတယ်။ ရက်သတ္တပတ်လေးပတ်အတွင်း ကမ္ဘာ့နိုင်ငံပေါင်း ၉၀ ကျော် ပျံ့နှံ့သွားခဲ့ပြီဖြစ်ပါတယ်။

အိုမီခရွန်ဗိုင်းရပ်မျိုးကွဲသစ် ထပ်မံကူး စက်ပျံ့နှံ့မှုကြောင့် ကမ္ဘာ့စီးပွားရေးပြန်လည် နိုးထနိုင်ရေး လုပ်ဆောင်မှုအားလုံး အရှိန်လျော့သွားခဲ့တယ်။ နိုင်ငံကြီးအချို့ရဲ့ ဘဏ်တွေမှာ အမေရိကန်ဗဟိုဘဏ်ရဲ့ စီးပွားရေး နှိုးဆွမှုအစီအစဉ်များ၊ အင်္ဂလန်ဘဏ်ရဲ့အတိုး နှုန်းမြင့်မားရေးအခြေအနေ၊ ဥရောပဗဟိုဘဏ် ရဲ့ အတိုးနှုန်းမြှင့်တင်ရေး၊ အရေးပေါ်ငွေချေး စာချုပ်ဝယ်ယူခြင်းကိစ္စတို့ ပြန်လည်စဉ်းစား သုံးသပ်မှု ပြုလုပ်လာကြပါတယ်။

အားလုံးဟာတစ်ဆင့်ပြီးတစ်ဆင့် အန္တရာယ်ကြီးမားလာတဲ့ ငွေကြေးဖောင်းပွမှု အခြေအနေကို တုံ့ပြန်တိုက်ခိုက်ဖို့ပြင်ဆင်နေတာ ဖြစ်တယ်။ လက်ရှိရင်ဆိုင်နေရတဲ့ ငွေကြေးဖောင်းပွမှုအန္တရာယ် အတိမ်အနက်ကိုလည်း ကောင်းစွာ သဘောပေါက်ကြပါတယ်။ အမေရိကန်မှာ ဆယ်စုနှစ်သုံးစုမှာ အမြင့်ဆုံး၊ ဗြိတိန် မှာ  ၁၀ နှစ်တာအတွင်းအမြင့်ဆုံး၊ ဥရောပ သမဂ္ဂအီးယူမှာ ယခုအချိန်ဟာ အမြင့်ဆုံး အခြေအနေမျိုးရှိနေလို့ အဆိုးရွားဆုံးအဆင့်မှာ ရှိနေပါတယ်။

ကမ္ဘာ့နိုင်ငံများရဲ့ စီးပွားရေးပြန်လည် နာလန်ထူရေး အားထုတ်မှုများ၊ မျှော်လင့်ချက်များ သဲထဲရေသွန် အခြေအနေမျိုး ရောက်သွားပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေးပြန်လည် နာလန်ထူနိုင်ရေး အားထုတ်မှုမှာ အဓိကကျတဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍနဲ့ငွေကြေး အရင်းအနှီးကဏ္ဍကို ခြိမ်းခြောက်မှုများထပ်မံဖြစ်လာဦးမယ်။ ရောဂါမပြန့်ပွားရေးအတွက် လုပ်ဆောင်လာနိုင်တဲ့ ပိတ်ပင်ကန့်သတ်မှုအသစ်များဟာ ယခင်ကတည်းက အားနည်းနေတဲ့ စီးပွားရေးအခြေအနေကို ပိုပြီးချည့်နဲ့စေပါတယ်။ ဆိုးရွားစေပါတယ်။ ရောင်းလိုအားပြတ်လပ်မှု၊  ထောက်ပံ့ရေး ကွင်းဆက်အခက်ခဲများ ပိုမိုဆိုးရွားလာစေတဲ့ ခြိမ်းခြောက်မှုဖြစ်လာပါတယ်။ စိန်ခေါ်မှုများရှိလာပါတယ်။

အိုမီခရွန်မျိုးကွဲဗိုင်းရပ်သစ် ကူးစက်ပျံ့နှံ့ မှုဟာ အလုပ်အကိုင်အခြေအနေများနဲ့ စီးပွားရေးတိုးတက်မှု အခြေအနေများကိုလည်း မျှော်လင့်တာထက် ပိုဆိုးရွားလာနိုင်သလို မသေချာ မရေရာမှုများ ထပ်မံတိုးလာစေတယ်လို့ အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရွန်းပါဝဲလ်က မှတ်ချက်ပြုတယ်။ အင်္ဂလန်ဗဟိုဘဏ်ရဲ့အကြီးတန်းအရာရှိဟောင်း အဲလက်စ်ဘရော့ဂျာကလည်း စီးပွားရေးပြန်လည်စတင်မှုများ အတွက် နှောင့်နှေးကြန့်ကြာမှုများ ဘယ်လောက်ကြာအောင်ရှိမှာလဲဆိုတာ အားလုံးအတွက် မေးခွန်းထုတ်ဖွယ်ဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါစတင်ကတည်းက တဖြည်းဖြည်းချင်း သက်ရောက်ထိခိုက်မှုများ၊ ဖြစ်လာတဲ့ စီးပွားရေးအခြေအနေအရပ်ရပ်ကို လေ့လာနေခဲ့ကြတယ်။ ရောင်းလိုအား၊ ဝယ်လိုအားနဲ့ ထောက်ပံ့ရေးကွင်းဆက်အပေါ် ရုတ်ခြည်းပြင်းထန်တဲ့ သက်ရောက်မှုမဖြစ်ရေးအတွက် သတိပြုကိုင်တွယ်ခဲ့ကြသလို စီးပွားရေး ပြန်လည်နာလန်ထူနိုင်ရေး နည်းလမ်းများလည်း သတ်မှတ်ထားလုပ်ဆောင်ခဲ့ကြတယ်။  အဆိုပါလုပ်ဆောင်နေစဉ်မှာ နောက်တိုးအိုမီခရွန် (Omicrom)ကြောင့် ထပ်မံဖြစ်လာနိုင်ခြေ အကျပ်အတည်းများအတွက် နိုင်ငံရေး ခေါင်းဆောင်များ၊ စီးပွားရေးပညာရှင်များ၊  ကျန်းမာရေးပညာရှင်များ ခေါင်းချင်းဆိုင်လျက် ရှိနေကြပြီဖြစ်ပါတယ်။

ငွေကြေးဖောင်းပွမှုဖိအား ပိုမိုဖြစ်စေကာ  ပြန်လည်မျှော်လင့်နေတဲ့ စီးပွားရေးနာလန်ထူ နိုင်ရေး အားထုတ်မှုများကိုခြိမ်းခြောက်မှု ဖြစ်လာနေလို့ ဗဟိုဘဏ်များအတွက် စိန်ခေါ်မှုအသစ်များ ပိုမိုများပြားလာနိုင်ပါတယ်။ လက်ရှိအခြေအနေမှာ နိုင်ငံအသီးသီးမှာ တရိပ်ရိပ်မြင့်တက်နေတဲ့ စားသုံးကုန်စျေးနှုန်းများရင် ဆိုင်နေကြရပါတယ်။ အဆိုပါအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက နည်းလမ်းအမျိုးမျိုးနဲ့ ဖြေရှင်းနိုင်ရေး လုပ်ဆောင်နေကြပါတယ်။ ငွေကြေးဆိုင်ရာ အစီ အမံများနဲ့ ထိန်းသိမ်းနိုင်ရေး လုပ်ဆောင်ရာမှာ ဗိုင်းရပ်မျိုးကွဲသစ်ကြောင့် ဖြစ်လာနိုင်တဲ့ ဟန့် တားကန့်သတ်ချက်များက စီးပွားရေးပြန်လည် နာလန်ထူရေး လမ်းချော်နေစေပါတယ်။

ကိုဗစ်မျိုးစိတ်သစ် အိုမီခရွန် (Omicrom) က စိုးရိမ်မှုများကြောင့် လုပ်ငန်းခွင် ပြန်မလာကြသေးတဲ့ အလုပ်သမားများဟန့်တားထား သလိုဖြစ်နေပြန်တယ်။ လုပ်ငန်းအင်အားလျော့နည်းခြင်း၊ အလုပ်လက်မဲ့များခြင်း၊ စားနပ်ရိက္ခာ ပြတ်လပ်ခြင်းတို့ ပိုမိုကြီးမားလာတယ်။ တရုတ်နိုင်ငံလို ကုန်ပစ္စည်းထုတ်လုပ်ရေးပမာဏ အင်အားကြီးနိုင်ငံမှာ အသွားအလာကန့်သတ်ဟန့်တားမှု ထပ်မံပြုလုပ်မှုများရှိလာရင် ယခင်ကြုံတွေ့နေရတဲ့ ရောင်းလိုအားကွင်းဆက်၊ ထောက်ပံ့ရေးကွင်းဆက်နဲ့ ပတ်သက်တဲ့ အခက်အခဲများ ပိုမိုဆိုးလာနိုင်ပါတယ်။ လက်ရှိအချိန်အခါ နဲ့ အခြေအနေကြည့်တဲ့အခါ အားလပ်ရက်ရာသီနဲ့ မဆုံးဖြတ်သေးတဲ့ စုဆောင်းငွေများ ပိုမိုသုံးစွဲလာမယ့်အခြေအနေရှိကာ ဝယ်လိုအား အရှိန်မြင့်တက် ကောင်းမွန်လာဖွယ်ရှိနေတယ်။  အဆိုပါအခြေအနေက ငွေကြေးဖောင်းပွမှုကို ပိုမိုတွန်းအားပေးတဲ့ အလားအလာများဖြစ် နိုင်တယ်လို့ ကျွမ်းကျင်သူများ သုံးသပ်ကြပါ တယ်။

ကျန်းမာရေးကဏ္ဍမှာတင် အချိုးမညီမှု၊ အားနည်းမှုများခဲ့တယ်။ ဆေးရုံများဆေးခန်းများမှာ ကိုဗစ်လူနာသီးသန့်ဖြစ်နေပါတယ်။ သွေးတိုးနှလုံးသွေးကြောရောဂါ၊ ဦးနှောက်နှင့် အာရုံကြောရောဂါ၊ ကင်ဆာရောဂါများ၊ သွေးရောဂါများ၊ ကလေးရောဂါများ၊ ကိုယ်ဝန်အပ်ခြင်း၊ ကိုယ်ဝန်မီးဖွားခြင်းတို့မှာပါရဂူများ ဆေးခန်းဆေးရုံမလာကြတော့လို့ အွန်လိုင်းကပဲ ကုသမှုပေးတာ ခံယူရတော့တယ်။

မြန်မာနိုင်ငံမှာ  အသေးစားနဲ့အလတ်စား (SMEs) လုပ်ငန်းမှာပါဝင်တဲ့ အထည်ချုပ်လုပ်ငန်းမှာ လက်ခစား (CMP) စနစ်ကျင့်သုံးနေလို့  ကိုဗစ်ကာလ ဥရောပဖောက်သည်နိုင်ငံများ အော်ဒါလျှော့မှာခြင်း၊ အော်ဒါပယ်ဖျက်ခြင်း၊ ကုန်ကြမ်းမရခြင်းတို့ကြောင့် ဝန်ထမ်းများ အလှည့်ကျဆင်း‌စေခြင်း၊ ယာယီ (သို့မဟုတ်)အမြဲတမ်းဖြုတ်ပစ်ခြင်း၊ လုပ်ငန်းများယာယီ (သို့မဟုတ်)အမြဲတမ်းပိတ်သိမ်းခြင်း၊ အထည် ချုပ်စက်ရုံများ အခြားနိုင်ငံများထံပြောင်းရွှေ့ ဖွင့်လှစ်ခြင်းတို့ကြောင့် အထည်ချုပ်လုပ်သား သိန်းနဲ့ချီ အလုပ်လက်မဲ့ဖြစ်ခဲ့ကြတယ်။ ပြည်ပ မှပြန်ဝင်လာတဲ့ နေရပ်ပြန်တွေကြောင့်လည်း အလုပ်ရရှိဖို့၊ အလုပ်တည်မြဲဖို့၊ အဖိုးအခပိုများ ဖို့ စိတ်ဖိစီးမှုတွေများခဲ့ကြတယ်။

  


READ NEXT
Cancel OK