Top News

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့၏ တရားဝင် အစည်းအဝေးကို ဒီဇင်ဘာလဆန်းတွင် ခေါ်ယူပေးရန် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ မေတ္တာရပ်ခံထား
24htopnews | October 11, 2024 3:12 AM CST

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ တရားဝင် အစည်းအဝေးကို ဒီဇင်ဘာလဆန်းတွင် ခေါ်ယူပေးရန် လက်ရှိ ခေါင်းဆောင်ဖြစ်သူ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များက မေတ္တာရပ်ခံထားကြောင်း သိရသည်။

နေပြည်တော်ရှိ  မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC-2) တွင် နိုဝင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တွင် ကျင်းပခဲ့သော ‘မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်း ရေး (ငြိမ်းချမ်းမေတ္တာ) အဖွဲ့၏ အကြံပြုဆွေးနွေးဝိုင်း’ တွင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကို NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့မှ ခေါင်းဆောင်များက မေတ္တာရပ်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

PPST အဖွဲ့တွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအစား KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးအား တာဝန်လွှဲပြောင်းပေးအပ်မည့် ကိစ္စနှင့်ပတ်သက်၍ တရားဝင် အစည်းအဝေးတွင် ဆုံးဖြတ်နိုင်ရန်အတွက် PPST အစည်းအဝေး ခေါ်ယူရန် တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

“ဒီဇင်ဘာလဆန်းမှာ PPST အစည်းအဝေးကိုခေါ်ဖို့ အဖွဲ့ခေါင်းဆောင်ကို တိုက်တွန်းထားတာပါ။ ခေါ်မယ်လို့တော့ ဆုံးဖြတ်ထားတာ မရှိသေးပါဘူး။ အဖွဲ့ခေါင်းဆောင်ကို ခေါ်ပေးပါဆိုပြီး ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့က မေတ္တာရပ်ခံထားတာပေါ့။ လက်ရှိ တရားဝင် အဖွဲ့ခေါင်းဆောင်က ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးပဲ ဆိုတော့ အဖွဲ့ခေါင်းဆောင် ဖြစ်နေတုန်း အမြန်ဆုံး ခေါ်ပါဆိုပြီး မေတ္တာရပ်ခံတယ်။ နောက်မှ (တာဝန်) လွှဲချင်ရင်လွှဲပေါ့” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

PPST အဖွဲ့၏ လုပ်ထုံးလုပ်နည်း အဟောင်းအရ ယခုခေါ်ယူရန် တိုက်တွန်းထားသည့် အစည်းအဝေးကို ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ကိုယ်တိုင်ခေါ်ယူမှသာ အစည်းအဝေး အထမြောက်မည်ဖြစ်ပြီး ထိုသို့သော အစည်းအဝေးမှသာ တာဝန်လွှဲပြောင်း ပေးအပ်ခြင်းနှင့် အခြားသောကိစ္စရပ်များကို တရားဝင် ဆွေးနွေး တိုင်ပင်နိုင်မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ထို့ပြင် PPST ၏ အဖွဲ့ခေါင်းဆောင်ကို တိုင်းရင်းသားညီလာခံမှ တာဝန်ပေးအပ်ခြင်းဖြစ်ပြီး အဖွဲ့ခေါင်းဆောင်၏ သက်တမ်းသည် နှစ်နှစ်ခွဲ သို့မဟုတ် သုံးနှစ်သက် တမ်းရှိကာ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် တိုင်းရင်းသား ညီလာခံအား ခေါ်ယူနိုင်ခြင်း မရှိပါက ဒုတိယ အဖွဲ့ခေါင်းဆောင် ဆက်လက်တာဝန် ယူရမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ရှင်းပြသည်။

“အဖွဲ့ခေါင်းဆောင်ကို အများအားဖြင့် Summit ကပဲ တာဝန်ပေးပါတယ်။ Summit မခေါ်အားသေးဘူးဆိုရင် ဒုအဖွဲ့ခေါင်းဆောင်က တာဝန်ယူတာပေါ့။ PPST က + ၂ ဆိုတော့ အဆိုတင်တယ်။ ထောက်ခံတယ်။ မဲတော့ မဟုတ်ဘူး။ ကန့်ကွက်တဲ့လူမရှိရင် ပြီးသွားတာပါပဲ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

နိုဝင်ဘာ ၆ ရက်မှ ၁၀ ရက်အထိ KNU ဌာနချုပ်တည်ရှိရာ ဘားအံခရိုင် လော်ခီးလာတွင် ပြုလုပ်ခဲ့သော KNU ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေး၌ KNU ၏ PPST ကိုယ်စားလှယ်အဖြစ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအစား အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူးကို ပြောင်းလဲတာဝန် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် စက်တင်ဘာ ၈ ရက်မှ ၁၁ ရက်အထိ ပြုလုပ်ခဲ့သော တတိယအကြိမ် NCA-SEAO ထိပ်သီးညီလာခံနှင့် PPST အစည်းအဝေးမှ ပြင်ဆင်ဖွဲ့စည်းထားမှုအရ လက်ရှိအချိန်တွင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည် PPST ၏ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ဒုတိယအဖွဲ့ခေါင်းဆောင်မှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ဖြစ်သည်။

 


READ NEXT
Cancel OK