Top News

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအား တိုးချဲ့ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ 
24htopnews | October 11, 2024 3:12 AM CST

NLD ပါတီဦးဆောင်သော အစိုးရလက်ထက်တွင်၂၅ ခုမြောက်  ပြည်ထောင်စုဝန်ကြီးဌာနအသစ် တစ်ခုဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအား ထပ်မံတိုးချဲ့ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်နာယကထံ သဝဏ်လွှာပေးပို့ထားမှုအပေါ် ယနေ့ (နိုဝင်ဘာ ၁၂ ရက်)တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတကိုယ်စား တာဝန်ပေးအပ်သည့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး က ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ ဝန်ကြီးဌာန တိုးချဲ့ ဖွဲ့စည်းခြင်းနှင့် ပတ်သတ်၍ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးခြင်းအစီအစဉ်ကို နိုဝင်ဘာ ၁၅ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ကကြေညာခဲ့သည်။

ယခင် သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် ဝန်ကြီးဌာန ၃၆ ခုအထိ ရှိခဲ့ပြီးနောက် NLD ပါတီဦးဆောင်သော အစိုးရလက်ထက်တွင် ဝန်ကြီးဌာနများအား ပြင်ဆင်ဖွဲ့စည်းကာ ဝန်ကြီးဌာနအသစ်တစ်ခုဖြစ်သည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအပါအဝင် စုစုပေါင်း ဝန်ကြီးဌာန ၂၁ ခုဖြင့် စတင်ခဲ့ပြီး ဒုတိယဝန်ကြီးများ ထားရှိမှုကိုလည်း ကနဦးတွင် ပယ်ဖျက်ခဲ့သည်။ 

သို့သော် နောက်ပိုင်းတွင် ဝန်ကြီးဌာနများ၌ ဒုတိယဝန်ကြီးများ ပြန်လည်ခန့်အပ်မှု ပြုခဲ့သကဲ့သို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန သုံးခုကို တိုးချဲ့ ဖွ့ဲစည်းခဲ့သဖြင့် ဝန်ကြီးဌာန ၂၄ ခုအထိ ရှိနေပြီး ထပ်မံဖွဲ့စည်းမည့် ဝန်ကြီးဌာနပါ ပါဝင်လာပါက ဝန်ကြီးဌာန ၂၅ ခုထိ ရှိလာမည်ဖြစ်သည်။


READ NEXT
Cancel OK