ပင်လယ်ပြင်အတွင်း ၁၆ ရက်ခန့် မျောပါနေသည့် မြန်မာလှေလုပ်သား သုံးဦးအား ဗီယက်နမ်နိုင်ငံ အလံတင် စားအုန်းဆီတင်သင်္ဘောမှ ကယ်ဆယ်ခဲ့
ပင်လယ်ပြင်အတွင်း ၁၆ ရက်ခန့် မျောပါနေသည့် မြန်မာလှေလုပ်သား သုံးဦးအား ဗီယက်နမ်နိုင်ငံ အလံတင် စားအုန်းဆီတင်သင်္ဘောမှ ကယ်ဆယ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
ပင်လယ်ပြင်အတွင်း ၁၆ ရက်ခန့် မျောပါနေရာမှ ဗီယက်နမ်နိုင်ငံ အလံတင်သင်္ဘောက တွေ့ရှိကယ်ဆယ်ထားသော မြန်မာနိုင်ငံသား လှေလုပ်သား သုံးဦးကို မြန်မာ့ရေပိုင်နက်အတွင်း ပင်လယ်ပြင်တွင် ပြန်လည်လက်ခံနိုင်ရေးအတွက် တပ်မတော်ရေနှင့် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ အလံတင် စားအုန်းဆီတင်သင်္ဘော M.T PVT NEPTUNE သည် ထိုင်းနိုင်ငံ ဖူးခက် (Phuket) ဆိပ်ကမ်းမှ အိန္ဒိယနိုင်ငံ ဟာလ်ဒီးယာ (Haldia) ဆိပ်ကမ်းသို့ သွားရောက်စဉ် မြန်မာနိုင်ငံ ရေပိုင်နက်အထူးသီးသန့်စီးပွားရေးဇုန် (EEZ) အတွင်း ကော့သောင်းမြို့အနောက် ဘက်ရေမိုင် ၁၂၄ မိုင်ခန့်အကွာတွင် ဖော့ပြားများဖြင့် ပြုလုပ်ထားသော ဖောင်တစ်စီးပေါ်မှ မြန်မာနိုင်ငံသား လှေလုပ်သားသုံးဦးက အကူအညီတောင်းခံလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၄ ရက် နံနက် ၁၁ နာရီ ၁၂ မိနစ်တွင် ကယ်ဆယ်ခဲ့ပြီး ရေယာဉ်ပေါ်တွင် ကျန်းမာရေးစစ်ဆေး၍ အစားအသောက်နှင့် အဝတ်အထည်များ ပေးအပ်ကာ စောင့်ရှောက်ထားခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ ရေပြင်ပိုင်းဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးကွပ်ကဲမှုဌာနချုပ် (MRCC) များထံသို့ သတင်းပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါသတင်းအရ ကယ်ဆယ်ထားသူသုံးဦးနှင့်ပတ်သက်၍ စစ်ဆေးမှုပြုလုပ်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ MRCC က ဆက်သွယ်အကြောင်းကြားလာပါသဖြင့် အချိန်နှင့်တစ်ပြေးညီ M.T PVT NEPTUNE သင်္ဘောရေယာဉ်မှူးနှင့် ဆက်သွယ်မှုပြုလုပ်၍ လှေလုပ်သားများ၏အချက်အလက်များကို တောင်းခံခြင်း၊ မြန်မာနိုင်ငံသားဟုတ်/ မဟုတ် စိစစ်အတည်ပြုခြင်းများ ဆက်လက်ဆောင်ရွက် ခဲ့ရာ အထောက်အထားများအရ မြန်မာနိုင်ငံသားများဖြစ်သဖြင့် မြန်မာနိုင်ငံရေပိုင်နက်အတွင်း လက်ခံရယူရန် ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ စစ်ရေယာဉ်တစ်စင်းစေလွှတ်ကာ ဟိုင်းကြီးကျွန်းအနီး ရေပြင်တွင် စက်တင်ဘာ ၂၅ ရက် ည ၁၀ နာရီ မိနစ် ၅၀ တွင် စနစ်တကျလွှဲပြောင်း လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါလှေလုပ်သား သုံးဦးတို့မှာ လပွတ္တာမြို့ အောင်လှိုင်ရွာမှ ကျော်ကျော် (ခ) ကျော်ကြီး (၄၁) နှစ်၊ ဖြိုးဝေ (၂၈) နှစ်နှင့် ကျော်ပိုင်ဦး (၂၈) နှစ်တို့ဖြစ်ကြပြီး ဟိုင်းကြီးကျွန်းရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုပေး၍ နေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
-
ကလောမြို့ သောက်သုံးရေလုံလောက်စွာပေးဝေနိုင်ရေး ရေအေးကန်ဆည် ကြံ့ခိုင်မှုရှိရန်နှင့် ရေစစ်ကန် ကောင်းမွန်စွာ လည်ပတ်နိုင်ရေး လုပ်ဆောင်
-
နေပြည်တော် – တပ်ကုန်း – ပင်လောင်း ဖိုင်ဘာကေဘယ်လ်ဆက်ကြောင်း ပုံမှန်ပြန်ဖြစ်စေရေး ဒုတိယဝန်ကြီး ဆွေးနွေး
-
တာချီလိတ်မြို့တွင် လျှပ်စစ်ဓာတ်အားခ သတ်မှတ်ရက်ကျော်လွန် ဒဏ်ကြေးပေးဆောင်ရခြင်းအတွက် ကင်းလွတ်ခွင့်ပြု
-
နစက၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုသည် အပြုသဘောဆောင်သည့်အတွက် အပြည့်အဝထောက်ခံကြောင်း နိုင်ငံရေးပါတီ (၂၆) ပါတီ ပူးတွဲသဘောထား ထုတ်ပြန်
-
နီပေါတွင် ရေကြီးရေလျှံမှုကြောင့် လူ ၁၇၀ သေဆုံး