Top News

ဆိုင်ကလုန်းမုန်တိုင်းဒဏ်မှ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာ၌ ရန်ပုံငွေကောက်ခံမည့် အစီအစဉ်ကို နယူးဇီလန် စတင်
24htopnews | September 25, 2024 9:12 AM CST

ယခုလအစောပိုင်းက နယူးဇီလန်နိုင်ငံ မြောက်ပိုင်းသို့ ဖျက်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ခဲ့ပြီးနောက် အကြီးစား ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်အတွက် နိုင်ငံတကာသို့ ရန်ပုံငွေကောက်ခံမှု အစီအစဉ်တစ်ရပ်ကို နယူးဇီလန်အစိုးရက စတင်သွားမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၁၂ ရက်က ဆိုင်ကလုန်းမုန်တိုင်း ဂါဘရီရယ်လ်သည် မြောက်ပိုင်းကျွန်း၏ အထက်ပိုင်းအကျဆုံးဒေသကို ဝင်ရောက်တိုက်ခတ်ခဲ့ကာ အရှေ့ဘက်ကမ်းခြေတစ်လျှောက် ဆက်လက်ရွေ့လျားခဲ့ပြီးနောက် နေရာအနှံ့အပြားတွင် ပျက်စီးဆုံးရှုံးမှုများ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ကာ သေဆုံးသူ ၁၁ ဦးထက်မနည်းရှိခဲ့ကာ လူထောင်ပေါင်းများစွာ အိုးအိမ် စွန့်ခွာခဲ့ရသည်။

ထိုသို့ ရန်ပုံငွေရှာဖွေမည့် အစီအစဉ်သည် ဆိုင်ကလုန်း မုန်တိုင်းဒဏ်မှ နာလန်ပြန်ထူရေးအတွက် ရေရှည်စီမံကိန်းများကို ငွေကြေးထောက်ပံ့သွားမ်ဖြစ်ကာ ချမ်းသာကြွယ်ဝသော ပြည်ပရောက် နယူးဇီလန်နိုင်ငံသားများ၊ စီးပွားရေးလုပ်ငန်းများနှင့် နယူးဇီလန်နိုင်ငံအား ချစ်မြတ်နိုးသူများကို အဓိကဦးတည်ကြောင်း ဝန်ကြီးချုပ် ခရစ္စဟစ်ပ်ကင်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ Facebook ကို ပိုင်ဆိုင်သည့် Meta ကုမ္ပဏီကလည်း ၎င်းအစီအစဉ်အတွက် အကူအညီပေးမည်ဟု ကမ်း လှမ်းထားကြောင်း ၎င်းကပြောကြားသည်။

“အတိတ်က ဖြစ်ရပ်တွေကနေ သိရှိလာတဲ့ အကြောင်းအရာတစ်ခုကတော့ ပြည်ပမှာရောက်နေပြီး လှူဒါန်းကူညီချင်ကြတဲ့၊ နယူးဇီလန်နဲ့ အလွန်ခိုင်မာတဲ့ ဆက်ဆံရေးရှိသူတွေ ပြည်ပမှာရှိနေတယ် ဆိုတာပါပဲ” ဟု ဟစ်ပ်ကင်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယင်းအစီအစဉ်သည် ၂၀၁၁ ခုနှစ်က ခရိုက်စ်ချက်ချ်မြို့တွင် အင်အားပြင်ငလျင် လှုပ်ခတ်ခဲ့စဉ်က ငလျင်ဒဏ်မှ ပြန်လည် ထူထောင်ရေးရန်ပုံငွေ နယူးဇီလန်ဒေါ်လာ ၉၄ သန်းကျော် (ဒေါ်လာ ၅၈ သန်း) ရရှိခဲ့သည့် အခြေအနေကို နမူနာယူခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း ဂါဘရီရယ်လ်ကြောင့် နယူးဇီလန်၏ မြောက်ပိုင်းကျွန်းတွင် လမ်း၊တံတားများ ပျက်စီးခဲ့ကာ ဒေသခံ သောင်းနှင့်ချီကာ လျှပ်စစ်မီးမရရှိခဲ့ပေ။ ရဲတပ်ဖွဲ့က ပျောက်ဆုံးသူလေးဦးကို ရှာဖွေလျက်ရှိသည်။

နယူးဇီလန်၏သမိုင်းတွင် တတိယအ ကြိမ်မြောက်ဖြစ်သည့် နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ကြေညာမှုသည် မုန် တိုင်းဒဏ်သင့် ဒေသများတွင် ဆက်လက် အကျုံးဝင်နေမည်ဖြစ်သည်။

နယူးဇီလန် အစိုးရက ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအတွက် အရေးပေါ်ရန်ပုံငွေ နယူးဇီလန်ဒေါ်လာ သန်း ၃၀၀ အသုံးပြုမည်ဟု ကြေညာခဲ့သည်။ လတ်တလော ချထားပေးသည့် ရန်ပုံငွေထဲမှ နယူးဇီလန် ဒေါ်လာသန်း ၂၅၀ ကို မုန်တိုင်းဒဏ်သင့်ဒေသများ၌ အဓိကလမ်းများကို ပြန်လည် ပြင်ဆင်ရာတွင် သုံးစွဲသွားမည်ဖြစ်ကာ ကျန်ရှိသည့် အရေးပေါ်ရန်ပုံငွေ နယူးဇီလန်ဒေါ်လာသန်း ၅၀ ကိုမူ စီးပွားရေးလုပ်ငန်းများနှင့် အဓိက ကုန်ထုတ်လုပ်ငန်းများ အတွက် သီးသန့်ဖယ်ထားမည်ဖြစ်ကြောင်း သိရသည်။ အစိုးရအနေဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေများ ထပ်မံကြေညာသွားဖွယ်ရှိနေသည်။ ဘဏ္ဍာရေးဝန်ကြီး ရောဘတ်ဆန်ကိုလည်း လက်ရှိရာထူးအပြင် ဆိုင်ကလုန်း မုန်တိုင်းဒဏ်မှ ပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ကြီးအဖြစ် တာဝန်ပေးထားသည်။ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအတွက် နည်းလမ်းအားလုံးကို စဉ်းစားသွားမည်ဟု အစိုးရကဆိုသည်။

 


READ NEXT
Cancel OK