Top News

ပုဂံဒေသ ငှက်ပစ်တောင်ရပ်၊ ငှက်ကြီးခေါင်းချ ကျောင်းတိုက်အတွင်း သက်တမ်း (၁၀၀) ကျော်ရှိ (၂) ထပ် ကျောင်းဆောင်တစ်ဆောင် မီးလောင်ကျွမ်းဆုံးရှုံး
24htopnews | September 22, 2024 1:13 PM CST

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ ငှက်ပစ်တောင်ရပ်၊ ငှက်ကြီးခေါင်းချ ကျောင်းတိုက်အတွင်း နှစ်ပေါင်းသက်တမ်း (၁၀၀) ကျော်ရှိ (၂) ထပ် ကျောင်းဆောင်တစ်ဆောင်လုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့ရကြောင်း ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရသည်။

ယမန်နေ့ စက်တင်ဘာ (၂၁)ရက်၊ ည (၈)နာရီ၊ (၁၂)မိနစ်အချိန်ခန့် ညောင်ဦးမြို့၊ အမှတ် (၃) ရပ်ကွက်၊ ငှက်ပစ်တောင်ရပ်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ညောင်ဦးခရိုင် မီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦး၊ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၂)စီး၊ အုပ်ချုပ်မှုယာဥ (၁)စီး၊ ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင် (၁၈)ဦး၊ မီးငြှိမ်းသတ်ယာဉ် (၄)စီး၊ ရေသယ်ယာဉ် (၂)စီး၊ အမှတ် (၅) အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဂရုဏာရှင်အသင်းမှ ရေသယ်ယာဉ် (၂) စီး၊ မြင့်မြတ်သူသွေးလှူရှင်အသင်းမှ ရေသယ်ယာဉ် (၁) စီး၊ ဖောင်ဖွဲ့ရေးရုံးမှ ရေသယ်ယာဉ် (၁) စီး၊ အခြားအရပ်ဘက်ရေသယ်ယာဉ် (၄)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ရပ်ရောက်ရှိချိန်တွင် ငှက်ပစ်တောင်ရပ် ငှက်ကြီးခေါင်းချ ကျောင်းတိုက်အတွင်းရှိ ပေ (၈၀)၊ ပေ (၆၀) သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၂) ထပ် ကျောင်းဆောင်တစ်ဆောင်လုံး မီးလောင်ကျွမ်းလျက်ရှိရာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး ည (၈)နာရီ၊ (၂၆)မိနစ်အချိန်ခန့် မီးလောင်ကျွမ်းမှာ ပြင်းထန်၍ ဆက်လက် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

“သတင်းရလျှင်ရချင်း တန်းထွက် ၃ မိနစ်အတွင်းေ ရာက်ရှိငြှိမ်းသတ်ခဲ့သော်လည်း နှစ်သက်တမ်း ၁၀၀ ကျော်ရှိ ရေနံဝနေသော သစ်သားကျောင်းဆောင်ကြီးဖြစ်၍ မီးကူးစက်မှုနှုန်း မြန်ဆန်လွန်းခဲ့သဖြင့် မိမိတို့ စတင်ရောက်ရှိချိန်တွင်ပင် ကျောင်းဆောင်တစ်ဆောင်လုံး လောင်ကျွမ်းနေပြီဖြစ်တယ်။”ဟု ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့မှ ဆိုထားသည်။

ထိုသို့ ဆက်လက်၍ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ည (၈)နာရီ (၂၉)မိနစ်ချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် (၂) ထပ်ကျောင်းဆောင်တစ်ဆောင်လုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့ပြီး လူ/တိရိစ္ဆာန်ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK