Top News

အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စု(A) ၌ အိမ်ရှင်တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့နှင့် ကျရောက်
24htopnews | September 19, 2024 7:12 PM CST

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ဇူလိုင် (၂၇)ရက်ကကျင်းပရာ မြန်မာအသင်းသည် အုပ်စု(A) ၌ ကျရောက်ခဲ့ကြောင်း သိရသည်။

အမျိုးသားဘောလုံးပြိုင်ပွဲတွင် အသင်းစုစုပေါင်း (၂၃)သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (၆)ခုခွဲ၍ ကျင်းပမည်ဖြစ်သည်။

အမျိုးသားဘောလုံးပြိုင်ပွဲကို စက်တင်ဘာ (၁၉)ရက်မှ အောက်တိုဘာ (၇)ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ပထမနှင့် ဒုတိယနေရာရ (၁၂)သင်း၊ တတိယနေရာရ အသင်းများအနက် အကောင်းဆုံး (၄)သင်း စုစုပေါင်း (၁၆)သင်း နောက်တစ်ဆင့် တက်ရောက်ခွင့်ရမည်ဖြစ်သည်။

အုပ်စုမဲခွဲမှုအရ  အုပ်စု(A)တွင် အိမ်ရှင်တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အိန္ဒိယ၊ အုပ်စု(B)တွင် ဗီယက်နမ်၊ ဆော်ဒီအာရေဗျ၊ အီရန်၊ မွန်ဂိုလီးယား၊ အုပ်စု(C) တွင် ဥဇဘက်ကစ္စတန်၊ ဆီးရီးယား၊ ဟောင်ကောင်၊ အာဖဂန်နစ္စတန်၊ အုပ်စု(D)တွင် ဂျပန်၊ ပါလက်စတိုင်း၊ ကာတာ၊ အုပ်စု(E) တွင် တောင်ကိုရီးယား၊ ဘာရိန်း၊ ထိုင်း၊ ကူဝိတ်၊ အုပ်စု(F) တွင် မြောက်ကိုရီးယား၊ အင်ဒိုနီးရှား၊ ကာဂျစ္စတန်၊ တရုတ်တိုင်ပေအသင်းတို့ ပါဝင်နေသည်။

အုပ်စုအနေအထားအရ မြန်မာအသင်းသည် နောက်တစ်ဆင့် တက်ရောက်နိုင်ရန် မျှော်လင့်ချက်ရှိနေပြီး အိမ်ရှင် တရုတ်၊ အိန္ဒိယအသင်းတို့နှင့် အဓိကယှဉ်ပြိုင်ရဖွယ်ရှိနေသည်။

မြန်မာအသင်းသည် အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိဖူးသည့် တစ်သင်းတည်းသော အရှေ့တောင်အာရှအသင်းဖြစ်သော်လည်း ၁၉၉၄ ခုနှစ်နောက်ပိုင်း ကာလအတန်ကြာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိဘဲ ၂၀၁၈ အင်ဒိုနီးရှား အာရှအားကစားပြိုင်ပွဲမှသာ တစ်ကျော့ပြန် ယှဉ်ပြိုင်ခြင်းဖြစ်သည်။

မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် အာရှထိပ်သီးအသင်းများဖြစ်သည့် အီရန်၊ ဆော်ဒီအာရေဗျ၊ မြောက်ကိုရီးယားတို့နှင့် တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး (၄)မှတ်၊ (၄)သင်း တူညီသော်လည်း ဂိုးကွာခြားချက်ကြောင့် အုပ်စုအောက်ဆုံးနေရာရောက်ရှိပြီး နောက်တစ်ဆင့်တက်ရောက်ခွင့် ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် အသင်း (၁၀)သင်းသာ ရွှေတံဆိပ်ဆုရရှိဖူးပြီး တောင်ကိုရီးယားအသင်းက (၅)ကြိမ်ဖြင့် အအောင်မြင်ဆုံးဖြစ်နေကာ အီရန်အသင်းက (၄)ကြိမ်၊ အိန္ဒိယ၊ မြန်မာနှင့် တရုတ်တိုင်ပေအသင်းတို့က (၂)ကြိမ်စီ၊ ဂျပန်၊ မြောက်ကိုရီးယား၊ အီရတ်၊ ကာတာနှင့် ဥဇဘက်ကစ္စတန်အသင်းတို့က တစ်ကြိမ်စီ ဗိုလ်စွဲထားသည်။


READ NEXT
Cancel OK